Friday, February 17, 2023

မြေဓာတ်ချခြင်းစနစ်(Earthing System) အကြောင်း

 

လျှပ်စစ်ကိုအသုံးပြုရာမှာ မြေဓာတ်ချခြင်းစနစ်က မဖြစ်မနေလိုအပ်တဲ့အရာဖြစ်ပါတယ်။  မြေဓာတ်ကို ချရခြင်း အကြောင်းအရင်းကတော့ မလိုအပ်တဲ့လျှပ်စစ်ဓာတ်တွေကို မြေကြီးထဲကို ထည့်ပစ်တာပါပဲ။ မလိုအပ်တဲ့လျှပ်စစ် ဆိုတာက မိုးကြိုးပစ်တဲ့အခါ ဖြစ်လာတဲ့လျှပ်စစ်၊ သုံးသွင်စနစ်(Three Phase System) တွေမှာ သုံးလိုင်းစလုံးက 120 degree ညီမနေခြင်း (Unbalance) ဖြစ်ခြင်းကြောင့် ဖြစ်လာတဲ့လျှပ်စစ်၊ လျှပ်စစ်ကူးတတ်တဲ့ပစ္စည်းများ( လူ၊ တိရစ္ဆာန်၊ သတ္ထုပစ္စည်းစသည်)က လျှပ်စစ်လွှတ်ထားတဲ့ပစ္စည်းများနှင့် ထိတွေ့မိသည့်အခါ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်ကူးမှုများကို ဆိုလိုပါတယ်။ Unbalance ဖြစ်သွားတဲ့လျှပ်စစ်က ဓာတ်အားလွှတ်ပစ္စည်းတွေ (Electrical Equipment) ကို ထိခိုက်နိုင်ပါတယ်။ အဲဒါအတွက် ဓာတ်အားခွဲရုံတွေမှာ အပြစ်ကာကွယ်ရေးစနစ်(Protection System) ကို တပ်ဆင်ထားပါတယ်။

လူနဲ့တိရစ္ဆာန်များကို လျှပ်စစ်ကူးတာနဲ့ပတ်သက်လို့ မီးကြိုးအပါအဝင် လျှပ်စစ်ကူးနေတဲ့ ပစ္စည်းတွေကို တည့်တည့်နဲ့ တိုက်ရိုက်ကိုင်မိရင်တော့ မြေဓာတ်မိရင် ဓာတ်လိုက်မှုအန္တရာယ်ဖြစ်ပြီး သေဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်ကူးပစ္စည်းများနဲ့နီးတဲ့သတ္ထုပစ္စည်းများ [ဥပမာ- ဓာတ်တိုင်၊ ထရန်စဖော်မာအိုးနားကခြံစည်းရိုး၊ ထရန်စဖော်မာ၊ မီးပူနဲ့ ပေါင်းအိုးစတာတွေရဲ့ အပေါ်အကာ(Body)၊ ဓာတ်တိုင်ဆိုင်းကြိုး စသည်] ကို လဲ သတ်မှတ် မြေဓာတ်ရအောင် ချရပါတယ်။ အဲဒါကို ကိုင်မိရင် ဓာတ်လိုက်မှုအန္တရာယ်မဖြစ်အောင်ပါ။

အဲဒီလို အန္တရာယ်မဖြစ်အောင်လို့ အထက်ကဖော်ပြခဲ့တဲ့ Unbalance ဖြစ်တဲ့လျှပ်စစ်တွေ စီးသွားမယ့် Neutral ကြိုး၊ မိုးကြိုးလျှပ်စစ်ဓာတ်အားကို မြေကြီးထဲ ထည့်ပစ်မယ့် မြေစိုက်ကြိုး၊ လူ၊ တိရစ္ဆာန်တွေကို အန္တရာယ်မဖြစ်အောင် အပေါ်က လျှပ်ကူးပစ္စည်းများနဲ့နီးတဲ့ပစ္စည်းများ ကို မြေဓာတ်ချတဲ့ကြိုးတွေကို မြေဓာတ်မိအောင်ချဖို့ မြေသားစမ်းသပ်မှုတွေနဲ့ နည်းပညာဆိုင်ရာ ဒီဇိုင်းတွက်ချက်မှုတွေ ပြုလုပ်ဆောင်ရွက် ရပါတယ်။

မြေကြီးကို လျှပ်စစ်ဓာတ်ချလိုက်ရင် ဘာဖြစ်မလဲပေါ့။ အရင် Post တွေမှာ မြေကြီးက လျှပ်ကူးပစ္စည်း (Conductor) တစ်ခုအနေနဲ့ အလုပ်လုပ်တယ်ဆိုတာ ‌ဖော်ပြပြီးဖြစ်ပါတယ်။ နောက်တစ်ခုက လျှပ်ကူးပစ္စည်း (Conductor)များမှာ  ခုခံမှု(Resistance) ရှိတယ် ဆိုတာလဲ ကျွန်တော်တို့ သိကြပါတယ်။ လျှပ်စစ်စီးဆင်းမှု ဆိုတာလဲ တွန်းအားဖြစ်တဲ့ ဗို့အားကြောင့် အမြင့်ကနေ အနိမ့်ဘက်ကို စီးတာသိပြီးဖြစ်ပါတယ်။ အဲတော့ တွန်းအားမရှိတဲ့ မြေကြီးထဲကို မလိုအပ်တဲ့ လျှပ်စစ်တွေ စီးသွားတာ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ကြီးမားမှုနဲ့ လျှပ်ကူးပစ္စည်း (Conductor) တွေရဲ့ ခုခံမှုတွေ (တနည်း- Resistive Load) ကြောင့် စီးဝင်သွားတဲ့ လျှပ်စစ် တွေက လျော့ပါးပျောက်ကွယ်သွားပါတယ်။

ဒီဇိုင်းတွက်ချက်တဲ့ဦးတည်ချက်ကတော့ ဓာတ်အားခွဲရုံ ဓာတ်အားလွှတ်ပစ္စည်းများ တပ်ဆင်ထားရာအဝန်းအဝိုင်း (Switchyard) ထဲမှာ ရှိတဲ့အရာများ [လျှပ်စစ်စီးနေသောနေရာကို မဆိုလိုပါ။ အဲဒါကို တိုက်ရိုက်ထိရင်တော့ ဓာတ်လိုက်ပြီး သေနိုင်ပါတယ်။ ထောက်တိုင်(Gantry)၊ ထရန်စဖော်မာအိုးအကာ(Transformer Body)၊ ခြံစည်းရိုး(Fence) စသည်တို့ကိုဆိုလိုပါတယ်] ကို ထိမိတဲ့အခါ ဖြစ်ပေါ်လာတဲ့ လက်နဲ့ မြေကြီးနဲ့ထိထားတဲ့ ခြေဖဝါး ကြားဗို့အား (Touch Voltage) နဲ့ ခြေဖဝါးနှစ်ခုကြားဗို့အား (Step Voltage) တို့သည် မြေဓာတ်ချထားတဲ့ မြေဓာတ်ချကွန်ယက် (Earthing Grid) ရဲ့ ဗို့အား (Earth Potential Rise) ကို တွက်ပြီးယှဉ်ကြည့်ဖို့ပါ။ Touch Voltage နဲ့ Step Voltage ပမာဏက Earth Potential Rise ပမာဏထက်များနေရပါမယ်။ ဒါမှသာ အစောက Gantry နဲ့ Transformer Body တို့မှာ လျှပ်စစ်ရှိနေရင် ဗို့အားနိမ့်တဲ့ Earthing Grid ဆီကို အရင်စီးသွားမှာပါ။ လူကိုအန္တရာယ်မဖြစ်စေတော့ဘူးပေါ့။

Electrical Power သမားများအသုံးဝင်မယ့် ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံမြေဓာတ်ချတာနဲ့ပတ်သက်ပြီး စဉ်းစား တွက်ချက်ပုံလေးကို ABDELHAY A. SALLAM OM P. MALIK ရဲ့ ELECTRIC DISTRIBUTION SYSTEMS စာအုပ်ထဲက ဥပမာ (၁) ခု လေ့လာဖော်ပြပေးလိုက်ပါတယ်။

 

System Voltage=

132

kV

System Fault Capacity(Sk)=

2000

MVA

Diameter of Earth Conductor(Dc)=

0.03

m

Fault Current(Isc)=

8.75

kA

Current Carrying Capacity of conductor for 30 s fault duration=

12.37

A/mm2

Human Body Resistance=

1000

Ohm

Human Withstand Current for 1s=

116

mA (116 for 50 kg, 157 for 70 kg)

Average Value of Soil Resitivity at site(ρsite)=

2000

Ohm-m (100 become to 2000 ohm for

Cruched Rock 0.5m covered Earth)

Earth Fault Clearance Time(tk)=

0.25

s

Total Length of Grid Conductor(L)=

8000

m

Grid Area(Ag)=

10000

m2

Grid Radius(r) =

56.42

m

Earth Mat Resistance(Rmat)=

9.113

Ohm

Earth Potential Rise(EPR)=

79717

V

If considering current diversity factor,Earth Potential Rise(EPR)=

47830

V

EPR due to Earth Rod Factor 12 time reduced and 0.2 Mesh=

794

V

Step Voltage, Foot to Foot(E step)=

3016

V

Touch Voltage, Hand to Foot (E touch)=

928

V

System Fault Capacity(Sk) ကတော့ အဲဒီ 132 kV ဓာတ်အားကွန်ယက်ကို Fault Analysis လုပ်ပြီး ရလာတဲ့ပမာဏ ဖြစ်ပါတယ်။ ကွန်ယက်ကြီးရင် Computer Software သုံးပြီးတွက်မှ ရပါတယ်။ Step Voltage ကိုတော့ Estep= Human Withstand Current / (Human Body Resistance+ 6x Soil Resistivity at site) ဆိုတဲ့ ဖော်မြူလာနဲ့တွက်ယူပါတယ်။ Touch Voltage ကိုတော့ Etouch= Human Withstand Current / (Human Body Resistance+ 1.5x Soil Resistivity at site) နဲ့တွက်ပါတယ်။ Earth Potential Rise ကိုတော့ EPR= Fault Currentx Earth Mat Resistance နဲ့တွက်ပါတယ်။ Earth Mat Resistance ကိုတော့ Rmat= (Soil Resistivity at site/ 4x Circular Radius of Grid Area) + (Soil Resistivity at site/ Total Length of Grid Conductor) နဲ့တွက်ပါတယ်။

တစ်စုံတစ်ခုအသုံးဝင်မယ်လို့ ယူဆပါတယ်.............

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျာ..............

Monday, February 6, 2023

Electrical Power သမားများအတွက် ဆက်သွယ်ရေးစနစ်များအကြောင်း

ဆက်သွယ်ရေးနည်းပညာက အင်ဂျင်နီယာဘာသာရပ်တစ်ခုအနေနဲ့ သီးသန့်ရှိပြီး ကျယ်ပြန့်တဲ့ဘာသာရပ်မို့ ၎င်းအင်ဂျင်နီယာများကဲ့သို့တော့ မသိပါဘူး။ ဒါပေမယ့် Power သမားတစ်ယောက်အနေနဲ့တော့ နည်းနည်း သိထားဖို့လိုမယ်လို့ထင်ပါတယ်။ သိသလောက်လေး လေ့လာပြီး ဖော်ပြပေးလိုက်ပါတယ်။

လျှပ်စစ်ကွန်ယက်လို့ခေါ်တဲ့ ဓာတ်အားပေးစက်တွေ၊ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေချိတ်ဆက်ထားတဲ့ စနစ်ကြီးတစ်ခုလုံးက အချိန်နဲ့အမျှ လှုပ်ရှားနေတဲ့ စနစ်ကြီးတစ်ခုပါ။ ဒါကိုတည်ငြိမ်နေအောင်လုပ်ဖို့ ကွန်ယက်ထဲ မှာရှိတဲ့ သက်ဆိုင်ရာ ထိန်းကျောင်းနေတဲ့ပုဂ္ဂိုလ်များက မိမိတို့အပိုင်းအလိုက် ထိန်းကျောင်း လုပ်ကိုင်လျက်ရှိပြီး တစ်နေရာနဲ့တစ်နေရာ အချိန်နဲ့အမျှ ဆက်သွယ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ ဒီလိုထိန်းကျောင်းတဲ့နေရာမှာ လူကလုပ်တာရှိသလို ယခုခေတ်မှာ စက်တွေက အလိုအလျောက်ထိန်းကျောင်းတဲ့ အပိုင်းတွေရှိလာပါပြီ။ ဒါကလဲ ဆက်သွယ်ရေးစနစ်ကို အသုံးချပြီးလုပ်လာကြတာပါ။

ဆက်သွယ်ရေးစနစ်များကို အဓိကသုံးတဲ့အပိုင်းများကတော့ စကားပြောဆက်သွယ်ခြင်း(Speech)၊ အပြစ် ကာကွယ်ရေးစနစ်(Protection System)  နဲ့ အချက်အလက်ရယူပေးပို့ခြင်းစနစ်(Data transmitted and received System)  တို့ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ လျှပ်စစ်ကွန်ယက်မှာ အသုံးပြုတဲ့ ဆက်သွယ်ရေးစနစ်ကို လေ့လာပြီးဖော်ပြပေးလိုက်ပါတယ်-

(၁) MICROWAVE SYSTEMS

(၂) UHF/VHF SYSTEMS

(၃) RADIO LINK SYSTEMS

(၄) FIBRE OPTIC SYSTEMS

(၅) TELEPHONE CABLE SYSTEMS

(၆) POWER LINE CARRIER COMMUNICATION (PLCC) SYSTEMS

ဆက်သွယ်ရေးစနစ်မှာ ကျွန်တော်တို့ ကြိမ်နှုန်း (Frequency) အကြောင်း လေ့လာဖို့တော့လိုမယ်ထင်ပါတယ်။ Power ပိုင်းမှာ သိပြီးဖြစ်တဲ့ လျှပ်စစ်ကွန်ယက်မှာရှိတဲ့၊ ကျွန်တော်တို့အိမ်မှာသုံးတဲ့မီးရဲ့ ကြိမ်နှုန်းက 50 Hz ဖြစ်ပါတယ်။ လူတွေစကားပြောရင်ထွက်တဲ့အသံ၊ ပတ်ဝန်းကျင်ကကြားနေရတဲ့ အသံတွေရဲ့ ကြိမ်နှုန်းက 20 Hz မှ 20 kHz ကြားရှိပါတယ်။ အလင်းကလည်း ကြိမ်နှုန်းပမာဏ တစ်ခုရှိတဲ့လှိုင်းပါပဲ။ အားလုံးက ဘာလှိုင်းတွေလဲ ဆိုတာ လေ့လာတော့ လျှပ်စစ်သံလိုက်လှိုင်း(Electromagnetic Wave) တွေ ဖြစ်ကြောင်း တွေ့ရပါတယ်။

အပေါ်ကဖော်ပြတဲ့စနစ်တွေကတော့ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ ကြိမ်နှုန်းပမာဏ အမျိုးမျိုးပေါ် အခြေခံတဲ့ နည်းပညာတွေပဲဖြစ်ပါတယ်။ အပေါ် (၃) မျိုးကတော့ ကြိုးမဲ့စနစ်တွေဖြစ်ပြီး အောက်က (၃) ခုကတော့ ကြိုးနဲ့ဆက်သွယ်အသုံးပြုရတာဖြစ်ပါတယ်။ တစ်ခုချင်းစီတိုင်းက နည်းပညာမျိုးဆက်တစ်ခုစီမို့ သက်ဆိုင်ရာ လုပ်ဆောင်တဲ့ နည်းပညာပုံစံတွေရှိပါတယ်။

ဒီနေရာမှာ ကြိမ်နှုန်းများတဲ့လှိုင်းတွေက ဝေးဝေးမြန်မြန်ရောက်ပြီး နည်းတဲ့လှိုင်းတွေက နီးနီးနှေးနှေးပဲရောက် တယ်ဆိုတာ တွေ့ရပါတယ်။ Data ပမာဏကတော့ အသုံးပြုတဲ့အမျိုးအစားရဲ့ တပ်ဆင်ထားတဲ့ အရွယ်အစားပမာဏ အပေါ်မူတည်ပါတယ်။ အမြန်ဆုံးကတော့ အားလုံးသိကြတဲ့အတိုင်း လေဆာအလင်းကို အသုံးချတဲ့ FIBRE OPTIC SYSTEMS ဖြစ်ကြောင်းပါ။

နောက်တစ်မျိုးသိရတာက တစ်ဘက်ကို စကားနဲ့ Data တွေပို့တဲ့အချိန်မှာ သုံးတဲ့ Analog နဲ့ Digital အကြောင်းပါ။ Analog ပုံစံနဲ့ပို့ရင် စကားနဲ့ Data တွေကို သယ်‌ဆောင်တဲ့ လျှပ်စစ်သံလိုက်လှိုင်းဖြစ်တဲ့ Carrier Wave ပေါ် ပေါင်းပြီးတင်ပေးပြီး ပို့ပါတယ်။ Digital ပုံစံနဲ့ပို့တာကတော့ Package လေးတွေလုပ်ပြီး Carrier Wave ပေါ်တင်ပို့တာလို့ သိရပါတယ်။

 POWER LINE CARRIER COMMUNICATION (PLCC) SYSTEMS စနစ်အကြောင်း ရှင်းပြထားတာလေး You Tube က တွေ့လို့ လင့်ချထားပေးပါတယ်။



တစုံတစ်ခုအကျိုးရှိကြပါစေဗျာ............

Sunday, January 29, 2023

ငှက်တွေဓာတ်မလိုက်ကြဘူးလား

 

ဒါကဓာတ်လိုက်မှုနဲ့ပတ်သက်ပြီး ဓာတ်ကြိုးပေါ်မှာ နားနေတဲ့ငှက်တွေဘာမှမဖြစ်ကြတာကို အံ့သြကြပါတယ်။ တကယ်တော့ အကြောင်းရင်းကိုသိရင် ကျွန်တော်တို့ မထူးဆန်း၊ မအံ့သြကြာတော့ပါဘူး။ အကြောင်းရင်း ကတော့ လျှပ်စစ်ရဲ့သဘောကို ချည်းကပ်လေ့လာရမှာဖြစ်ပါတယ်။ လျှပ်စစ်မှာ တွန်းအားတစ်ခုဖြစ်တဲ့ ဗို့အားဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ ဓာတ်အားလိုင်းတစ်လိုင်းအစပိုင်းနဲ့ အဆုံးပိုင်းမှာ ဓာတ်အားထုတ်တဲ့ ဓာတ်အားပေးစက်နဲ့မချိတ်ဘူးဆိုရင် သူတို့ရဲ့ ကြိုးထဲမှာရှိတဲ့ အမှုန်များ(အထူးသဖြင့်အီလက်ထရွန်)က တိမ်တိုက် (Cloud) အနေ့နဲ့ရှိပါတယ်။ တစ်ဘက်ကနေ့တွန်းအား(ဗို့အား) ရှိလာရင်တော့ တွန်းတဲ့ဘက်က တွန်းတဲ့ဗို့အား ပမာဏ တစ်ခုရှိလာပြီး အီလက်ထရွန်စီးဖို့ စလာပါတယ်။ အိမ်ကိုပေးတဲ့ဓာတ်အားလိုင်းတွေမှာ ဗို့အားက Single Phase (၂၃၀) ဗို့နဲ့ Three Phase (၄၀၀) ဗို့ ဆိုပြီးရှိပါတယ်။

ပထမဦးဆုံးသိသင့်တာက သတ္ထုနဲ့မြေဓာတ်အကြောင်းပါ။ သတ္ထုတွေမှာ ဓာတုဗေဒဖွဲ့စည်းပုံအရ လွတ်လပ် အီလက် ထရွန်(Free Electron) တွေ ပါဝင်ပြီး လျှပ်စစ်စီးစေနိုင်တဲ့ပစ္စည်းဆိုတာ လျှပ်စစ်အခြေခံရှိသူတိုင်း သိကြမှာပါ။ ကမ္ဘာမြေကြီးကျတော့ သံနဲ့နီကယ် သတ္ထုတွေအများဆုံးပါဝင်တဲ့ အဆိုင်အခဲကြီးဆိုတာ သိပြီးဖြစ်ပါ တယ်။ ဓာတ်အားလိုင်းကြိုးမှာသုံးတာက အလူမီနီယမ်နဲ့ ကြေး သတ္ထုတွေကိုသုံးပါတယ်။ လွတ်လပ်အီလက်ထရွန် (Free Electron) ပိုများလို့ပါ။ ဒီတော့ ကမ္ဘာမြေကြီးက ဓာတ်အားလိုင်းကြိုးလို အလုပ်လုပ်နိုင်တယ် ဆိုတဲ့ သဘောပါ။

နောက်ထပ်တစ်ခုသိသင့်တာက လျှပ်စစ်ရဲ့သွားနှုန်းပါ။ အလင်းရဲ့သွားနှုန်းနီးပါးရှိပါတယ်။

ကျွန်တော်တို့လျှပ်စစ်ဓာတ်အားကို ဓာတ်အားပေစက်ရုံကနေဓာတ်အားလွှတ်တဲ့အခါ သုံးတဲ့ Single Phase နဲ့ Three Phase အကြောင်း အရင်ပြောပြပြီးဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံကထုတ်တဲ့ဓာတ်အားက နောက်ဆုံး သုံးတဲ့နေရာအရောက် အသွားအပြန်သွားတတ်တဲ့သဘောရှိပြီး Single Phase မှာ Neutral ကြိုးကပြန်သွားပြီး Three Phase မှာတော့ သုံးကြိုးအလှည့်ကျသဘောနဲ့ (120 degree) ပြန်သွားပါတယ်။ သွားတဲ့အကြိမ်ရေက တစ်စက္ကန့်ကို ကျွန်တော့တို့သိတဲ့ Frequency (50) Hz ဖြစ်ပါတယ်။ အလင်းသွားနှုန်းနီးပါးနဲ့ ဖြစ်ပါတယ်။ ဥပမာတစ်ခုပြောရရင် လျှပ်စစ်စီးနေတဲ့ပစ္စည်းတစ်ခုခုမှာ မြေဓာတ်ကျတဲ့အပြစ် (Ground Fault) ဖြစ်လာပြီဆိုရင် အဲဒီဓာတ်အားတွေက မြေကြီးကတဆင့် ဓာတ်အားထုတ်တဲ့နေရာ၊ အနီးဆုံး မြေဓာတ်ချထားတဲ့ပစ္စည်းတွေ ဆီနဲ့ Earth Resistive Load တွေဆီကို စီးပါတယ်။ အလင်းသွားနှုန်းနီးပါနဲ့ပါ။

နောက်ဆုံးသိသင့်တာတစ်ခုက ဓာတ်အားလိုင်းအပါအဝင် ဓာတ်အားလွှတ်ထားတဲ့ပစ္စည်းတွေရဲ့ မြေဓာတ် ကင်းလွှတ်အကွာအဝေး(Ground Clearence) ပါ။ အရင် Post တွေမှာပါပါတယ်။ အဲဒီအကွာအဝေးလွတ်နေရင် လျှပ်စစ်က မြေကြီးကို မစီးပါဘူး။

ဒီလောက်ဆိုရင် ငှက်တွေဘာလို့ဓာတ်မလိုက်ကြတာလဲဆိုတာ သိနိုင်ပြီထင်ပါတယ်။ သူတို့လိုင်းတွေပေါ် နားတဲ့ အခါ ငှက်ရဲ့ အရွယ်အစားက တစ်ကြိုးနဲ့တစ်ကြိုးကြား၊ မြေဓာတ်နဲ့အကြားကင်းလွတ်အကွာအဝေးရှိနေလို့ပါ။ ငှက်ရဲ့အရွယ်အစားကြီးလို့ ကင်းလွတ်အကွာအဝေးမရှိတော့ရင် Phase ကြိုးတွေမှာဆိုရင် တစ်ကြိုးနဲ့တစ်ကြိုးကြား လျှပ်စစ်ကူးပြီး အပေါ်ကပြောတဲ့အလှည့်ကျသဘော (120 Degree) ပျက်ပြီး ဓာတ်လိုက်မှာပါ။ ဓာတ်အား လိုင်းအပေါ်မှာရှိတဲ့ မြေစိုက်ကြိုး၊ တာဝါတိုင်နဲ့ မြေကြီးတို့နဲ့ထိရင်တော့ မြေဓာတ်ကျပြီး လျှပ်စစ်ဖြတ်စီးလို့ ဓာတ်လိုက်မှာပါ။ တာဝါတိုင်များ၊ မြေစိုက်ကြိုးများက သတ်မှတ်နေရာတွေမှာ မြေဓာတ်ချထားတာရှိပါတယ်။ အဲလို ငှက်တွေဓာတ်လိုက်တဲ့ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ အရွယ်သေးတဲ့ငှက်တွေ၊ ကင်းလွှတ်အကွာအဝေး အတိုင်းရှိနေရင်တော့ ဓာတ်မလိုက်ဘူးပေါ့။

တော်တော်များများပြောနေကြလို့ ဗဟုသုတအနေနဲ့ဖော်ပြခြင်းပါ။

အားလုံးကျန်းမာချမ်းသာ၍ ဓာတ်လိုက်မှုအန္တရာယ်ကင်းဝေးကြပါစေဗျာ............

Friday, January 27, 2023

ဓာတ်အားပေးစက်ရုံ ဗို့အားထိန်းစနစ်(Excitation System of Power Station)

 

ဓာတ်အားပေးစက်ရုံရှိ ဗို့အားထိန်းစနစ်အား ဂျင်နရေတာ၏ ဗို့အားထွက်ရှိမှုကို ထိန်းချုပ်ရန် အသုံးပြုပါသည်။ ၎င်းသည် ဂျင်နရေတာ၏ Rotor သို့ ပေးပို့သော တိုက်ရိုက်လျှပ်စီးကြောင်း (DC Current) ပမာဏကို ထိန်းချုပ်ခြင်းဖြင့် အလုပ်လုပ်သည်။ ၎င်းလျှပ်စီးကြောင်းကို rotor သို့ပို့ပြီး သံလိုက်စက်ကွင်း(Magnetic Field) ဖန်တီး၍ လျှပ်ညှို့မှုဖြင့် stator အတွင်း လျှပ်စီးကြောင်းအပါအဝင် ဓာတ်အားများကို ထုတ်လုပ်ပေးသည်။ သံလိုက်စက်ကွင်း၏ သံလိုက်အမှုန် လှိုင်း(Magnetic Flux) များသည် ဗို့အားနှင့် တိုက်ရိုက်အချိုးကျပြီး Rotor အဝင်လျှပ်စီးကြောင်းကို ထိန်းချုပ်ခြင်းဖြင့် ဓာတ်အားပေးစက်အထွက်ဗို့အားကို ထိန်းချုပ်နိုင်ပါသည်။ ဗို့အားထိန်းကိရိယာ(Exciter) တွင် AC သို့ DC သို့ပြောင်းရန်  Rectifier နှင့် DC ဗို့အားအထွက်ကို ထိန်းချုပ်စနစ်တို့ ပါဝင်ပါသည်။ ၎င်းကို ပုံမှန်အားဖြင့် သီးခြား တာဘိုင် သို့မဟုတ် ပင်မဓာတ်အားထုတ်စက်(Main Generator) ဝင်ရိုးဖြင့် ချိတ်ဆက်မောင်းနှင်ပြီး ဓာတ်အားပေးစက်၏  လိုချင်သောအထွက်ဗို့အားကို ထိန်းသိမ်းရန် စက်ရုံ၏ ထိန်းချုပ်မှုစနစ်(Control System) ဖြင့် ထိန်းချုပ်ထားပါသည်။ ပုံမှန် အထွက်ဗို့အားထိန်းသည့် ရာခိုင်နှုန်းသည် ဓာတ်အားပေးစက်ရုံအမျိုးအစားနှင့် ဒီဇိုင်းအပေါ်မူတည်ပြီး  စက်၏ဗို့အား(Rated Voltage) ၏ +/- 1- 5% ကြား ဖြစ်ပါသည်။

ဗို့အားထိန်းစနစ်ချို့ယွင်းမှုဖြစ်ပေါ်ပါက လျှပ်စီးကြောင်းထုတ်မပေးနိုင်တော့သဖြင့် ဓာတ်အားပေးစက်မှ ဗို့အား အပါအဝင် ဓာတ်အားထွက်ရှိတော့မည် မဟုတ်ပါ။ စက်လည်နေရုံသာရှိမည်ဖြစ်ပါသည်။ သို့ရာတွင် မလိုလားအပ်သော နောက်ဆက်တွဲ သက်ရောက်မှုများ မရှိစေရန် ဗို့အားကျော်လွန်မှု(Overvoltage)၊ ဗို့အားလျော့ကျမှု(Undervoltage) ကာကွယ်သည့်စနစ် (Protection System)များကို တပ်ဆင်ကြပါသည်။

ဗို့အားနဲ့ဆက်စပ်ပြီး ဓာတ်အားပေးစက်တွေမှာ Leading(စော)/ Lagging(နောက်ကျ) ဖြစ်တဲ့ Reactive Power/ Power Factor အခြေအနေတွေကိုလည်း သိထားသင့်တယ်လို့ယူဆပါတယ်။ Leading ဖြစ်တဲ့အခြေအနေမှာ Reactive Power ကို ထုတ်ပေးပြီးတော့ Power Factor ကို Leading ဖြစ်စေတာ ကောင်းသော်လည်းပဲ ဗို့အားကို မြင့်မားစေတာက အတိုင်းအတာတစ်ခုထက်ကျော်လာရင် ဗို့အားပိုထုတ်မိခြင်း(Overexcitation) ဖြစ်တက်ပြီး ဓာတ်အားပေးစက်ကို ပျက်စီးစေနိုင်ပါတယ်။ Electrical Power သီးသန့်သမားတွေအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာကြပါစေဗျာ...............

Sunday, November 27, 2022

လျှပ်စစ်အသုံးအနှုန်းများ

လျှပ်စစ်နဲ့ပတ်သက်ပြီး အခြေခံအသုံးအနှုန်းများကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်......

လျှပ်စီး(Current)

လျှပ်ကူးပစ္စည်းဖြစ်သော ဓာတ်ကြိုးများအပါအဝင် သတ္တုပစ္စည်းများအတွင်းရှိ အီလက်ထရွန်(Electron)အမှုန်များ ရွေ့လျားစီးဆင်းမှုဖြစ်ပေါ် ခြင်းကို လျှပ်စီးဟုခေါ်ဆိုကြပါတယ်။ လျှပ်စီးနှစ်မျိုးရှိပြီး တစ်ဘက်တည်းတိုက်ရိုက် စီးသော တိုက်ရိုက်လျှပ်စီး(Direct Current- DC) နဲ့ နှစ်ဘက်အပြန်အလှန်စီးသော အပြန်အလှန်လျှပ်စီး (Alternative Current- AC) တို့ ဖြစ်ပါတယ်။ သူ့ကိုတိုင်းတာ တာကတော့  အမ်ပီယာ(Ampere) နဲ့ တိုင်းတာပါတယ်။ လျှပ်စစ် ခုခံမှု(Resistance) တန်ဖိုး 1 ohm ရှိနဲ့ ပစ္စည်းကို လျှပ်စစ် တွန်းအား (Voltage) တန်ဖိုး 1 Volt နဲ့ ကြွေးထားရင် အဲဒီမှာ စီးမယ့်လျှပ်စီးက 1 Ampere ရှိတယ်လို့ ဆိုပါတယ်။

တွန်းအား (ခေါ်) ဗို့အား (Voltage)

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဓာတ်ကြိုးများအပါအဝင် သတ္တုပစ္စည်းများအတွင်းရှိ အီလက်ထရွန်(Electron) အမှုန်များ ရွေ့လျားစီးဆင်းဖို့ တွန်းအားကို လျှပ်စစ် တွန်းအား (ခေါ်) ဗို့အား လို့ဆိုကြပါတယ်။ တိုင်းတာတဲ့ ယူနစ်ကတော့ ဗို့ (Volt) ဖြစ်ပါတယ်။ တိုက်ရိုက်လျှပ်စီးအတွက် DC Voltage(ဥပမာ- ဘတ္ထရီဗိုအား၊ DC Generator) ကို သုံးပြီး၊ ပြန်လှန်လျှပ်စီးအတွက် AC Voltage(ဥပမာ- AC Generator) ကို သုံးပါတယ်။ လျှပ်စစ်ပစ္စည်းတွေများလဲ DC သုံးတာနဲ့ AC သုံးတဲ့ ပစ္စည်းများ အမျိုးမျိုးရှိကြပါတယ်။ အိမ်တွေမှာ မီးလိုင်းက လာတာကတော့ AC လျှပ်စစ် ဖြစ်ပါတယ်။

စွမ်းအား (ခေါ်) ပါဝါ (Power)

စွမ်းအားဆိုတာကတော့ အထက်က ဗို့အားနဲ့ လျှပ်စီး ထပ်တူကျပြီး ပို့လွှတ်သုံးစွဲနေမှုလို့ ဆိုကြပါတယ်။ တိုင်းတာတဲ့ယူနစ်ကတော့ ဝပ်(Watt) ဖြစ်ပါတယ်။

စွမ်းအားယောင် (Reactive Power)

စွမ်းအားယောင်ဆိုတာကတော့ လျှပ်ညှို့မှု၊ လျှပ်သိုမှုတွေကြောင့် ဗို့အားနဲ့ လျှပ်စီး ထပ်တူမကျနိုင်ပဲ ပို့လွှတ်သုံးစွဲနေရမှုလို့ ဆိုကြပါတယ်။ တိုင်းတာတဲ့ယူနစ်ကတော့ ဗား(Var) ဖြစ်ပါတယ်။ ဒီတန်ဖိုးကတော့ အပြင်မှာ မရင်းနှီးတဲ့အခေါ်အဝေါ်ဖြစ်ပေမယ့် ကျွန်တော်တို့ AC လျှပ်စစ်ကို သုံးမယ်ဆိုရင် မဖြစ်မနေ စဉ်းစားရမယ့်အရာပါ။

တပ်ဆင်အင်အား (Apparent Power)

တပ်ဆင်အင်အားဆိုတာကတော့ ကျွန်တောတို့သုံးမယ့် ဝန်အားကို တွက်ရာမှာ စဉ်းစားရတဲ့ပမာဏ ဖြစ်ပါတယ်။ ဗို့အားနဲ့ လျှပ်စီး ထပ်တူကျတာရော၊ မကျတာရော ပေါင်းစပ်ထားတဲ့ပမာဏ ဖြစ်ပါတယ်။ တိုင်းတာတဲ့ယူနစ် ကတော့ ဗို့အမ်ပီယာ(VA) ဖြစ်ပါတယ်။ လမ်းပေါ်ကထရန်စဖော်မာအိုးနဲ့ အိမ်ကသုံးတဲ့ပစ္စည်းတွေရဲ့ တပ်ဆင်အင်အားကို ဒီယူနစ်နဲ့ဖော်ပြကြတာတွေ့ကြမှာပါ။ လျှပ်စစ်ပစ္စည်းများကို သုံးစွဲဖို့၊ အသုံးချဖို့လုပ်တဲ့အခါ ဒီတပ်ဆင်အင်အားကို ဒီဇိုင်းပြုလုပ်တွက်ချက်ရတာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားကိန်း (Power Factor)

ဒါကတော့ AC လျှပ်စစ်မှာ လျှပ်စီးကို ညှို့တဲ့အရာ လျှပ်ညှို့မှု (Inductance) နဲ့ ဗို့အားကိုသိုလှောင်တတ်တဲ့အရာ လျှပ်သိုမှု (Capacitance) တွေကြောင့် လျှပ်စီးနဲ့ ဗို့အားတို့ တစ်ထပ်တည်းမကျနိုင်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကွာဟမှုလို့ ဆိုကြပါတယ်။ လျှပ်ညှို့မှုကြောင့် ဗို့အားတွန်းသလောက်လျှပ်စီးကမစီးနိုင်တာ လျှပ်သိုမှုက ပြန်ထွက်တဲ့ ဗို့အားကြောင့် ဗို့အားထပ်ပေါင်းတာတွေ ဖြစ်ပေါ်တဲ့အခါ တွန်းသလောက်စီးနေခြင်းမဖြစ်တာကို ဆိုလိုတာပါ။ Power Factor ရဲ့ အကောင်းဆုံးအချိန်ကတော့ 1 ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်တွေကို ရောက်လာတာကတော့ တစ်ခါတစ်လေ 1 ဖြစ်ချင်မှ ဖြစ်တာပါ။

လိုင်းခွဲအသွင် (ခေါ်) ဖေ့စ်(Phase)

လျှပ်စစ်လိုင်းတွေကို တစ်လိုင်းခွဲအသွင်(Single Phase) နဲ့ သုံးလိုင်းခွဲအသွင် (Three Phase) ဆိုပြီး ကြားဖူးကြမှာပါ။ လျှပ်စစ်ဓာတ်အားထုတ်တဲ့နေရာကနေ သုံးချင်တဲ့ဒေသ၊ နေရာတွေကိုပို့ဖို့ ကျွန်တော်တို့ဟာ တစ်လိုင်းခွဲအသွင်(Single Phase) နဲ့ချည်း ပို့မယ်ဆိုရင် တပ်ဆင်ရတဲ့ ကြိုး၊ တိုင်နဲ့ ဆက်စပ်ပစ္စည်းတွေ များစွာ လိုအပ်မယ်ဆိုတာ စဉ်းစားကြည့်ယုံနဲ့ သိနိုင်မှာပါ။ အဲဒီတော့ Neutral ကြိုးကို ပေါင်းပြီး တစ်လိုင်းတည်းနဲ့ ကျန်လိုင်းခွဲအသွင်လိုင်းတွေရောပြီး ပို့လွှတ်ဖို့ စမ်းသပ်ကြတဲ့အခါ သုံးလိုင်းခွဲအသွင် (Three Phase) နဲ့ Neutral တစ်လိုင်း ပို့လွှတ်ရင် ပါဝါများများသယ်နိုင်သလို ရှုပ်ထွေးမှုလည်းနည်းသွားတာကို တွေ့ရှိကြပါတယ်။ ဒီနေရာမှာ Neutral လိုင်းလို့ခေါ်ကြတာက သဘာဝမြေကြီးဓာတ်လျှပ်စစ်အခြေ 0 Volt နဲ့ အတူတူမို့ Neutral လို့ ခေါ်ဆိုကြတယ်လို့ သိရပါတယ်။ အဲဒီ Neutral တစ်လိုင်းကိုလည်း ထပ်ပြီး လျော့ချဖို့စဉ်းစားတဲ့အခါ ကျွန်တော်သို့ သဘာဝ Neutral ဖြစ်တဲ့ မြေကြီးဓာတ်ကို တွေ့ရှိပြီး မြေစိုက်ကြိုးလုပ်၍ သဘာဝမြေကြီးကို Neutral တစ်လိုင်း အဖြစ်ပြုလုပ်ပြီး သုံးလိုင်းခွဲအသွင် (Three Phase) သုံးကြိုးတည်းနဲ့ ပို့လွှတ်ကြပါတယ်။ ဒါပေမယ့် အိမ်တွေကို ပို့လွှတ်တဲ့နေရာမှာတော့ မြေဓာတ်စမ်းသပ်မှု၊ မြေဓာတ်ချမှုစရိတ်တွေကို လျော့ချနိုင်ဖို့ သုံးလိုင်းခွဲအသွင် (Three Phase) နဲ့ Neutral တစ်လိုင်း ပို့လွှတ်ပေးပါတယ်။ တချို့ကတော့ ပိုစိတ်ချရအောင် အိမ်ရောက်လာတဲ့ Neutral တစ်လိုင်းကို မြေဓာတ်ချကြပါတယ်။ စိတ်မချရဘူးဆိုတာက မိမိသုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေ ပတ်လမ်းတို (Short Circuit) ဖြစ်တဲ့အချိန်၊ မှားချိတ်မိတဲ့အချိန်နဲ့၊ ကြိုးပေါက်နေတဲ့အချိန် စတဲ့ Neutral လိုင်း‌ပေါ်ကို လျှပ်စီးစီးပြီး ဗို့အားဖြစ်ပေါ်နေတဲ့အခါ သဘာဝ 0 Volt အခြေမှာ မဟုတ်တာကို ပြောတာပါ။

ခုခံမှု(Resistance)

လျှပ်စစ်ထုတ်တဲ့စက်ကနေ မိမိသုံးတဲ့ပစ္စည်းတွေအထိ လျှပ်စစ်စီးတဲ့တစ်လျှောက်မှာ လျှပ်စီးကို ခုခံမှုတွေ ရှိပါ တယ်။ အခုနောက်ပိုင်းတော့ မြေရှားသတ္တူကနေ ခုခံမှု 0 နီးပါးရှိတဲ့ SuperConductor တွေကို တီထွင်လာကြပြီမို့ နေရာတော်တော်များများမှာ ခုခံမှုကို ရှောင်ရှားနိုင်ကြတော့မှာပါ။ ခုခံမှုကို တိုင်းတာတဲ့ယူနစ်ကတော့ အုမ်း (Ohm- ) ဖြစ်ပါတယ်။ လျှပ်စစ်ကြိုးမှာဖြစ်တဲ့ ခုခံမှုကို တွက်ပြပြီးဖြစ်ပါတယ်။ အခြားနေရာတိုင်းမှာလဲ ခုခံမှုတွေရှိနေပါတယ်။ အိမ်တွေမှာသုံးတဲ့ ပစ္စည်းတော်တော်များများကို ခုခံမှုဝန်အားပစ္စည်းများ (Resistive Loads) လို့ ခေါ်ကြပါတယ်။ ခုခံမှုကြောင့် ဆုံးရှုံးသွားတဲ့ပါဝါရှိသလို သုံးလိုက်ရတဲ့ပါဝါလဲရှိပြီး အဲဒါကို ဝပ် (Watt) လို့ ခေါ်ပါတယ်။

လျှပ်ညှို့မှု(Inductance)

ဒါလဲအလားတူပါပဲ။ လျှပ်စစ်ထုတ်တဲ့စက်ကနေ မိမိသုံးတဲ့ပစ္စည်းတွေအထိ လျှပ်စစ်စီးတဲ့တစ်လျှောက်မှာ လျှပ်စီးကို လျှပ်ညှို့မှုတွေ ရှိပါ တယ်။ များသောအားဖြင့် သိလွယ်တာကတော့ ကွိုင်(Coil) တွေ မှာ သိသိသာသာ တွေ့ရပါတယ်။ ထရန်စဖော်မာအိုးလို ဟာမျိုးကိုပြောတာပါ။ တိုင်းတာတဲ့ယူနစ်ကတော့ ဟင်နရီ(Henery- H) ဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့ တစ်လိုင်းခွဲအသွင်(Single Phase) ကို လိုင်းများစွာ ဆွဲပြီးသုံးတာနဲ့ သုံးလိုင်းခွဲအသွင် (Three Phase) လိုင်းတွေမှာလဲ လျှပ်ညှို့မှု ဖြစ်ပေါ်တာပါပဲ။ အိမ်က Extension Coil တွေကို ခွေထားရင်တောင် လျှပ်ညှို့မှု ဖြစ်ပါတယ်။ လျှပ်ညှို့မှုကြောင် ပါဝါတစ်မျိုးဖြစ်တဲ့ စွမ်းအားယောင် (Var) တွေ ဖြစ်နိုင်ပါတယ်။ ဒီလျှပ်ညှို့မှုကို ဖြစ်စေတဲ့ ပစ္စည်းတွေက သူတို့ပုံမှန် အလုပ်လုပ်နိုင်ဖို့ အတွက် ပမာဏတစ်ခုကို လျှပ်ညှို့ရယူပြီးမှ လုပ်နိုင်တာဖြစ်လို့ သူတို့အတွက် ပါဝါတစ်ခုက အမြဲတမ်း ပေးထားရသလို ဖြစ်နေပါတယ်။

လျှပ်သိုမှု(Capacitance)

ဒါလဲလျှပ်ညှို့မှုနဲ့အတူတူပါပဲ။ AC စနစ်ကို သုံးပြီးဆိုရင် နေရာတိုင်းမှာ ရှိပါတယ်။ မီးလိုင်းတွေအချင်းချင်းနဲ့ မြေကြီးကြား၊ Capacitor Bank စတာတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ တိုင်းတာတဲ့ယူနစ်ကတော့ ဖာရဒ်(Farad-F) ဖြစ်ပါတယ်။ လျှပ်သိုမှုကြောင့်လဲ စွမ်းအားယောင် (Var) တွေ ဖြစ်စေနိုင်တာပါပဲ။

အချုပ်ပြောရရင်တော့ လျှပ်ညှို့မှု၊ လျှပ်သိုမှုတွေကြောင့် ဖြစ်တဲ့ စွမ်းအားယောင် (Var) တွေဟာ ကျွန်တော်တို့သုံးစွဲလိုတဲ့ တပ်ဆင်အင်အားမှာ သင့်တော်တဲ့ပမာဏထက် ပိုပါလာရင် မကောင်းပါဘူး။ သူတို့ကြောင့် သက်ရောက်မှုရှိနိုင်တာတွေ အများကြီးပါ။ သိသာတာကိုပြောရရင် ဗို့အားကျဆင်းတာ၊ မြင့်တက်တာ၊ လိုင်းမငြိမ်တာ၊ Electronic ပစ္စည်းတွေကို ထိခိုက်စေနိုင်တာ၊ ဓာတ်အားဆုံးရှုံးမှုများတာ စတာတွေအပြင် နည်းပညာပိုင်းဆိုင်ရာ သက်ရောက်မှုတွေလဲရှိပါတယ်။ ဒါကြောင့် လျှပ်စစ်နဲ့ပတ်သက်လို့ တပ်ဆင်အင်အားကို တွက်တဲ့နေရာမှာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။

ထပ်ပြီးပြောပြပေးလိုတာကတော့ ယူနစ်တွေအကြောင်းပါ။ 1 ထက်နည်းတဲ့ တန်ဖိုးတွေကို ကျွန်တော်တို့ ဖတ်တဲ့အခါ လွယ်ကူအောင် တစ်ထောင်ပုံတစ်ပုံနည်းရင် မီလီ (Mili)၊ တစ်သန်းပုံတစ်ပုံနည်းရင် မိုက်ခရို(Micro) နဲ့ သန်းတစ်ထောင်ပုံ တစ်ပုံနည်းရင် ပီကို (Pico) လို့ရှေ့ကထည့်ပြောကြပါတယ်။ ၁ ထက်များတဲ့ တန်ဖိုးတွေကတော့ တစ်ထောင်ပုံတစ်ပုံများရင် ကီလို(Kilo)၊ တစ်သန်းပုံတစ်ပုံများရင် မဂ္ဂါ (Mega) နဲ့ သန်းတစ်ထောင်ပုံ တစ်ပုံများရင် ဂီဂါ(Giga)၊ တစ်ထောင်ဂီဂါဆိုရင် တာရာ(Tera) လို့ ရှေ့ကထည့်ပြောပါတယ်။ (ဥပမာ- မီလီအုမ်း၊ မိုက်ခရိုဟင်နရီ၊ ပီကိုဖာရဒ်၊ ကီလိုအမ်ပီယာ၊ ကီလိုဗို့၊ မဂ္ဂါဝပ်၊ ဂဂ္ဂါဝပ် စသည်ဖြင့် အပေါ်က ယူနစ်တွေရှေ့မှာ ထည့်သုံးပြီး ခေါ်ဝေါ်သုံးစွဲကြပါတယ်)

ဆိုလာစနစ် လက်တွေ့တပ်ဆင်ရန်ဒီဇိုင်းပြုလုပ်ခြင်း

 နေရောင်ခြည်ကနေ ဆိုလာပြားတွေနဲ့ လျှပ်စစ်ထုတ်ဖို့ ပထမဦဆုံး ဆိုလာပြားတပ်ဆင်မယ့် နေရာမှာ နေရောင်ခြည်ကျရောက်မှုကို စပြီး ဆာဗေးပြုလုပ်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအချက်က မခက်ပါဘူး။ NASA ရဲ့ ဒီ Link https://power.larc.nasa.gov/data-access-viewer/ မှာ ကျွန်တော်တို့ အလွယ်တကူ ရနိုင်ပါတယ်။ Link ကနေ ဖော်ပြပါပုံအတိုင်း ရှာလိုက်ရင် လွန်ခဲ့သော ၂၂ နှစ်အတွင်း ပျမ်းမျှ နေရောင်ခြည်ရရှိမှုအရ ဆိုလာနဲ့လျှပ်စစ်စွမ်းအင်ထုတ်ရင် ရနိုင်မယ့် တန်ဖိုးကို ရရှိမှာဖြစ်ပါတယ်။ ဒီတန်ဖိုးက စျေးကွက်အတွင်းမှာ ဝယ်ယူရရှိနိုင်တဲ့ အသင့်တင့်ဆုံး ဆိုလာပြားတွေနဲ့ ရရှိနိုင်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။


ဥပမာအနေနဲ့ အောက်ကပုံမှာ Alibaba Website ကနေ ဝယ်ရနိုင်တဲ့ ဆိုလာပြားရဲ့ အချက်အလက်လေးတွေ ဖြစ်ပါတယ်။

 


အဲဒီမှာ Mono 156x 156 Cell လို့ဖော်ပြထားပြီး ထုတ်လုပ်နိုင်တဲ့ပမာဏက 280 W ဖြစ်ပါတယ်။ Monocrystalline Solar Cell အမျိုးအစားဖြစ်ပြီး အရွယ်အစားက 156x 156 = 24336 mm2 လို့ ဖော်ပြထား တာ ဖြစ်ပါတယ်။ Cell အရေအတွက်ကတော့ (၆၀) ပါ ပါတယ်။ အဲဒါကို အ‌ပေါ်က နာဆာရဲ့Web Site မှာ ဖော်ပြတဲ့ kWh/m2/day ယူနစ်နဲ့ဆို ဘယ်လောက်ရမလဲ တွက်ကြည့်ပါမယ်။

Panel Area(m2)= (24336/ (1000x1000)) x 60= 1.460 m2

Power Output(kW)= 280/1000= 0.28 kW

တစ်နေ့ကို နေရောင်ခြည် (၁၀) နာရီရတယ်လို့စဉ်းစားရင်

kWh/m2/day = (0.28x 10)/ 1.460  = 1.92 kWh/m2/day

ဒီတန်ဖိုးက တစ်ရက်စာ (၁၀) နာရီ အလင်းရောင်ရပြီး ပတ်ဝန်းကျင်အပူချိန် (၂၅) ဒီဂရီစင်တီဂရိတ်၊ Radiation 1000W/ m2 ရတဲ့ အခြေအနေမှာရှိတဲ့ အဲဒီ Solar Cell စံတန်ဖိုးဖြစ်ပေမယ့် တကယ်လက်တွေ့မှာတော့ နေရောင်ခြည်ရရှိနိုင်မှု(Radiation)၊ ပတ်ဝန်းကျင်အပူချိန်၊ ဆိုလာပြား၊ အင်ဗာတာ၊ Cable နဲ့ တိမ်ဖြစ်ထွန်းမှု၊ အရိပ်ကျမှု စတာတွေကြောင့် ၎င်းပမာဏလဲ အပြောင်းအလဲရှိနိုင်ပါတယ်။

Energy (kWh) ပျမ်းမျတန်ဖိုးက အထက်က NASA Website မှာဖေါ်ပြသလို မြန်မာနိုင်ငံမှာ 4 kWh/m2/day နဲ့ 6.5 kWh/m2/day ကြားမှာပဲ ရရှိနိုင်ပါတယ်။


ဆိုလာစနစ်ကို အိမ်မှာသုံးဖို့တွက်တဲ့ ဥပမာလေးတစ်ခု အောက်မှာ တွက်ကြည့်ပါမယ်။ အဆင့် (၄) ဆင့် ရှိပြီး ပထမအနေနဲ့ မိမိသုံးစွဲမည့် ဝန်အားကိုတွက်ချက်ရမှာဖြစ်ပါတယ်။ အိမ်မှာ အောက်ပါအတိုင်းသုံးစွဲမည်ဟု ယူဆကြည့်ပါမယ်။

(၁) LED မီးလုံး (၅) လုံး= 5 x 20  = 100 W

(၂) မီးချောင်း (၂) ချောင်း= 2 x 40 = 80 W

(၃) Television(TV) (၁) လုံး = 1 x 50 = 50 W

(၄) Air Con 1HP (၁) လုံး = 1x 746 = 746 W

(၅) Wifi စက် (၁) လုံး= 1 x 15 = 15 W

(၆) ဖုန်းအားသွင်း (၂) လုံး= 2 x 15 = 30 W

စုစုပေါင်းဆိုရင် 1021 W  ဖြစ်ပါတယ်။ တကယ်ဆို ဒါက တည်ငြိမ်နေတဲ့အချိန်မှာရှိတဲ့ ဝန်အားကို ပြောတာပါ။ ပစ္စည်းတွေက ဖွင့်/ ပိတ် လုပ်တဲ့အချိန်မှာ သက်‌ရောက်မယ့်ဝန်အား၊ မီးကြိုးတွေမှာရှိတဲ့ ခုခံမှု တန်ဖိုးအရ လျော့ကျနိုင်တဲ့ဝန်အား၊ စတဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်ကို စဉ်စားလိုက်ရင် ကျွန်တော်တို့ အနေနဲ့ ၎င်းသုံးစွဲ ဝန်အားကို 1500 W လောက်ယူမှ တော်ကာကျပါမယ်။

ဒုတိယအဆင့်အနေနဲ့ အင်ဗာတာ တပ်ဆင်အင်အားကို တွက်ရာမှာတော့ ဝန်အား 1500 W အတွက် 1500 W အင်ဗာတာကို သုံးစွဲလို့ မဖြစ်ပါဘူး။ အဲဒါဆို ဝန်အားပြည့် ဖြစ်နေတာမို့ အင်ဗာတာက စွမ်းအားပြည့် အလုပ်လုပ် ရတာကြောင့် သက်တမ်းတိုပြီး ပျက်စီးလွယ်နိုင်ပါတယ်။ ဒါကြောင့် ကွာဟချက် 70% လောက်ထားပြီး 2000 W အင်ဗာတာကို သုံးတာ အသင့်တော်ဆုံးပါ။ အင်ဗာတာ အဝင်ဗို့အားကိုတော့ ဘတ္ထရီဗို့အားအတိုင်းသုံးရင် အင်ဗာတာ အဝင်ဗို့အားနှစ်မျိုးသုံးစရာမလိုတော့ပါဘူး။

တတိယအဆင့်ကတော့ ဘတ္ထရီ တပ်ဆင်အင်အားတွက်ကြည့်ပါမယ်။ ဘတ္ထရီတွေက စျေးကွက်မှာ လက်တင်သုံး သုံးနိုင်တာကတော့ 12 V ဘတ္ထရီ တွေပဲဖြစ်ပါတယ်။ ဘတ္ထရီရဲ့တပ်ဆင်အင်အားကို Ah နဲ့ဖော်ပြကြတာမို့ ပထမဦးဆုံး လျှပ်စီးအမ်ပီယာ (A) ကို တွက်ကြည့်ပါမယ်။

လျှပ်စီးအမ်ပီယာ (A)= 1500 / 12 = 125 A

ဘတ္ထရီနဲ့ ဘယ်နှစ်နာရီ သုံးမလဲစဉ်းစားရမှာဖြစ်ပါတယ်။  ညနေ(၆) နာရီကနေ ည (၁၂) နာရီအထိ သုံးမယ်ဆိုရင် (၆) နာရီစာ စဉ်းစားရမှာ ဖြစ်ပါတယ်။        

ဘတ္ထရီရဲ့တပ်ဆင်အင်အား (Ah)= 125 x 6 = 750 Ah

စျေးကွက်ထဲမှာ ဘတ္ထရီအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဒီမှာတော့ 200 Ah နဲ့တွက်ကြည့်ရင် ဘတ္ထရီ (၄) လုံးကို Parallel သုံးဖို့ လိုမှာဖြစ်ပါတယ်။

ဘတ္ထရီကို အားသွင်းဖို့ Charging Current ကို တွက်ရင် ဘတ္ထရီတပ်ဆင်အင်အားရဲ့ 10 %  ကို ယူကြပါတယ်။

Charging Current = 750 x 10 % = 75 A

စတုတ္ထအဆင့်အနေနဲ့ ဆိုလာပြား တပ်ဆင်အင်အားကို တွက်ကြည့်ပါမယ်။ သုံးစွဲမယ့်ဝန်အားနဲ့ ဘတ္ထရီကို အားသွင်းမယ့် ဝန်အားအရ ဆိုလာပြားက ထုတ်ပေးရမယ့် လျှပ်စီး အမ်ပီယာက (125 A + 75 A = 200 A)  ဖြစ်ပါတယ်။ ဆိုလာပြားရဲ့တပ်ဆင်အင်အားကို တွက်ရင် ဆိုလာပြားထုတ်ပေးရမယ့် ဝန်အားနဲ့ အင်ဗာတာ အဝင်ဗို့အားအဖြစ်သုံးမယ့် ဘတ္ထရီရဲ့ ဗို့အား 12 V ကိုပဲယူတွက်ပါမယ်။

ဆိုလာပြားတပ်ဆင်အင်အား= 12 x 200 = 2400 W

အပေါ်က ပြခဲ့တဲ့ ဆိုလာပြားအမျိုးအစားနဲ့ဆိုရင် လိုအပ်တဲ့ ဆိုလာပြားအရေအတွက်က (2400/ 280= 8.57) ဆိုတော့ (၉) ပြားလိုမှာဖြစ်ပါတယ်။

အချုပ်ဆိုရရင် အင်ဗာတာက 2000 W၊ ဘတ္ထရီက 12 V, 200 Ah (၄) လုံး နဲ့ 280 W ဆိုလာပြား (၉) ပြား လိုအပ်မှာပဲဖြစ်ပါတယ်။ ဘတ္ထရီများလို့ အကုန်အကျများမှာစိုးရင် မီးလိုင်းတဲ့တွဲသုံးတဲ့ စနစ်ကို သုံးနိုင်ပါတယ်။ ညဘက်တော့ မသုံးရတော့ဘူးပေါ့။

ဒါပေမယ့်လည်း လျှပ်စစ်ဆိုင်ရာပစ္စည်းများက ရှော့(Short Circuit) ဖြစ်တာတွေ၊ ဓာတ်လိုက်မှုအန္တရာယ်နဲ့ အသက်အန္တရာယ်အထိ ထိခိုက်မှုရှိနိုင်တာကြောင့် ကျွမ်းကျင်တဲ့သူတွေနဲ့သာ တိုင်ပင် တပ်ဆင်သင့် ပါကြောင်း အကြံပြုလိုက်ရပါတယ်။


ဗိုအားကျဆင်းမှုတွက်ချက်ခြင်း

 

ကျွန်တော်တို့ အိမ်တွေကိုသွယ်ထားတဲ့ ၂၃၀ ဗို့ မီးလိုင်းရဲ့ ဗို့အားကျဆင်းမှုကိုတွက်ကြည့်ရအောင်။ အိမ်ထဲကအသုံး 5 ကီလိုဝပ်(kW) ရှိပြီး လိုင်းအရှည်ကို 100 ပေ ထားပါစို့။ သုံးမယ့်ကြိုးကို အပြင်မှာပြောနေတဲ့ (7/ .044) ကြေးကြိုး ကို သုံးကြည့်မယ်။ ဗို့အားကျဆင်မှုကိုတွက်ချင်ရင် အုမ်းနိယာမအရ V=IR မို့ I နဲ့ R ကို ရှာရမှာဖြစ်ပါတယ်။

ကြေးကြိုးပေါ်မှာစီးမယ့် လျှပ်စီး(Current-I) = 5000/ 230 = 21.74 အမ်ပီယာ(Ampere)

R ကိုတော့အောက်ပါအတိုင်းရှာပါတယ်။

ဓာတ်အားလိုင်းကြိုးရဲ့ခုခံမှု(Resistance- R) ကို တွက်ချင်ရင် R= (ρ x L)/ A ဆိုတဲ့ ဖေါ်မြူလာနဲ့ တွက်ကြတာ သိမှာပါ။ ကြေးကြိုးတွေရဲ့ ခုခံမှုကိန်းသေ(ρ) က အပူချိန် 20·C မှာ 17.2 mm2/ km ဖြစ်ပါတယ်။ (7/ .044) ကြေးကြိုးရဲ့ ထောင့်ဖြတ် ဧရိယာ(A) ကတော့ 6.751 mm2 ရှိပါတယ်။

တစ်ကီလိုမီတာ ကြေးကြိုးရဲ့ ခုခံမှု(R) = (17.2 x 1)/ 6.751 = 2.55 / km

ပေ (၁၀၀) ကြေးကြိုးရဲ့ ခုခံမှု(R) = {2.55/ (1000*3.281)} x 100 = 0.0777 (ဒီတန်ဖိုးက အပူချိန် 20·C မှာဖြစ်ပါတယ်)

တကယ်ပြင်ပမှာ ဖြစ်တဲ့အပူချိန်၊ ကြိုးပေါ်မှာ လျှပ်စစ်စီးလို့ဖြစ်လာမယ့် အပူချိန်တွေထည့်စဉ်းစားမယ်။ အများဆုံး 60·C အထိထားကြည့်ရအောင်။ အဲဒီအချိန်မှာ ဖြစ်လာမယ့် ကြိုးရဲ့ ခုခံမှု (R) ကို တွက်ကြည့်ရင်

R2=[(T+t2)/(T+t1)]*R1

(R2= 60·C တွင်ရှိသော ခုခံမှုတန်ဖိုး၊ T= ကြေးကြိုး၏ အပူချိန်ကိန်းသေ= 234.5 ·Ct1= 20·Ct2= 60·CR1= 60·C တွင်ရှိသော ခုခံမှုတန်ဖိုး)

R2= [(234.5+60)/(234.5+20) x 0.0777 = 0.0899

ယခုထိရခဲ့တဲ့တန်ဖိုးတွေဟာ Direct Current(DC) ဖြင့် စမ်းသပ်ထားတဲ့ ခုခံမှုကိန်းသေ(ρ) နဲ့ တွက်ထားတာမို့ DC Resistance (Rdc) လို့ ခေါ်ကြပါတယ်။ တကယ်အိမ်တွေမှာသုံးတာက Alternating Current(AC) စနစ်မို့ AC Resistance(Rac) ကို ရှာရအုံးပါမယ်။ AC Resistance(Rac) ပြောင်းဖို့ သက်ရောက်မှုတွေထဲက အဓိက ကတော့ မျက်နှာပြင်သက်ရောက်မှု (Skin Effect) ကို ထည့်စဉ်းစားရမှာဖြစ်ပြီး တွက်ချက်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

X= 0.063598 sqrt( µf/Rdc)

µ= စိမ့်ဝင်နိုင်မှု (Permeability, µ0= 4πx10-7, µr=1 လို့ပါဝင်ပြီး 1 လို့ပဲ ယူကြပါတယ်)

f= ကြိမ်နှုန်း (Frequency)

X= 0.063598 sqrt ( 1x 50/ 0.0899)= 1.4998

X တန်ဖိုး 1.4998 မှာရှိတဲ့ Skin Effect ဆက်သွယ်ချက်တန်ဖိုးကို အောက်ဖော်ပြပါဇယားကနေ တွက်ချက်ပါတယ်


K= {(K2-K1)/(X2-X1)} (X-X1) + K1 = {(1.0258-1.0197)/ (1.5-14)}(1.4998-1.4)+1.0197= 1.0258

Rac= K x Rdc = 1.0258 x 0.0899 = 0.0922

ကြေးကြိုးပေါ်မှာ လျော့သွားမယ့်ဗို့အားကျဆင်းမှု(Voltage Drop)= IR= 21.74 x 0.0922= 2 V

အဲဒီတော့ အိမ်ထဲအဝင်ထိပ်မှာ ‌ရောက်လာမယ့်ဗို့အား= V(supply)- V(drop)= 230- 2= 228 V

ဒါကတော့ပေ (၁၀၀) နဲ့တွက်တာပါ။ ပေ (၃၀၀) ဆို R တန်ဖိုးက (0.2706) ရှိပါတယ်။ Voltage Drop က (5.88)V လောက်ရှိပါတယ်။ အဲဒီတော့ အိမ်ထဲအဝင်ထိပ်မှာ (224) V ပဲရမှာပါ။ ဆိုလိုတာက မီးရပြီးရော အဝင်လိုင်း အရှည်ကြီးဆွဲရင် ကိုယ့်အိမ် ဗို့အားနည်းမှာဖြစ်ပါတယ်။

ဒီတွက်ချက်မှုက Single Phase ကို line နဲ့ Neutral နှစ်ချောင်းထဲ 1 Circuit ဆွဲတဲ့အခြေအနေကို တွက်ပြထား တာပါ။ တချို့မီးလိုင်းတွေမှာ 2 Circuit နဲ့အထက်ဆွဲတာမျိုးတွေမှာတော့ လျှပ်ညှို့မှု(Inductance- L) ကိုလည်း ထည့်တွက်ရတော့မှာပါ။ အဲဒီမှာ လျှပ်စီးက ပိုလာမှာမို့ ပိုပြီး ဗို့အားကျဆင်းမှု ဖြစ်ပါတယ်။

ဓာတ်အားကွန်ယက်များတွင် အသုံးပြုလေ့ရှိသော WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း

  ဒီတစ်ခေါက်တော့ လျှပ်စစ်ဓာတ်အားကွန်ယက်မှာ SCADA စနစ်အပြင် အခြားသုံးတဲ့ WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း လေ့လ...