Friday, July 3, 2026
Sunday, June 28, 2026
လျှပ်စစ်ဓာတ်အား သုံးစွဲမှုစနစ် မီတာခကို သက်သာအောင် ဘယ်လိုလုပ်ရင်ရမလဲ?
အိမ်သုံးလျှပ်စစ်မီတာခကို သက်သာအောင်လုပ်တယ်၊ ချွေတာတယ် ဆိုတာက လျှပ်စစ်ပစ္စည်းတွေကို မသုံးဘဲ ပိတ်ထားဖို့သက်သက် မဟုတ်ပါဘူး။ အင်ဂျင်နီယာပိုင်းဆန်ဆန်ပြောရရင် "စွမ်းအင်တစ်ယူနစ်တိုင်း အကျိုးရှိဆုံး သုံးစွဲနိုင်ရန် စီမံခန့်ခွဲခြင်း” (Energy Efficiency Management) ပဲ ဖြစ်ပါတယ်။ အိမ်တွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အကျိုးရှိဆုံးဖြစ်အောင်၊ မီတာခသက်သာအောင် ထိရောက်စေမည့် လက်တွေ့ကျသော နည်းလမ်းများကို မျှဝေပေး လိုက်ပါတယ်။
၁။ အိမ်တွင်းဝိုင်ယာကြိုး သွယ်တန်းမှုစနစ် (Internal Wiring Optimization)
အိမ်တွင်း လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျမရှိဘဲ ရှုပ်ထွေးပတ်ကွေ့ပြီး မလိုအပ်ဘဲ ရှည်လျားနေပါက အင်ဂျင်နီယာအခေါ် I^2 R" Loss" (ဝိုင်ယာကြိုးအတွင်း အပူကြောင့် ဓာတ်အားဆုံးရှုံးမှု) ပိုမိုများပြားလာပါတယ်။ ကြိုးရှည်လေလေ ခုခံမှု (Resistance) များလေလေ ဖြစ်ပြီး မီတာခ ပိုမိုကုန်ကျစေပါတယ်။ ထို့ကြောင့် အိမ်တွင်းလျှပ်စစ်ကြိုးတွေ သွယ်တန်းခြင်းလုပ်တဲ့အခါ Wiring ဒီဇိုင်းဆွဲကတည်းက အဓိက Load ကြီးများ (ဥပမာ- အဲယားကွန်း၊ ရေမော်တာ) ကို Distribution Board (Main Switch Sub-box) လို့ခေါ်တဲ့ မိန်းခုံနှင့် တတ်နိုင်သမျှ အနီးဆုံး အတိုဆုံးလမ်းကြောင်းအတိုင်း သွယ်တန်းသင့်ပါတယ်။
၂။ မလိုလားအပ်သော ဧရိယာများကို ကန့်သတ်ခြင်း (Zoning Control)
လူမရှိဘဲ မလိုလားအပ်တဲ့ အခန်းတွေမှာ မီးတွေ၊ ဖန်ကာတွေ ဖွင့်ထားခြင်းကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် အဲယားကွန်း သုံးစွဲသည့် အခန်းကျယ်ကြီးများတွင် မသုံးသော အခန်းတံခါးများ၊ အကန့်များကို ပိတ်မထားဘဲ လွှတ်ထားပါက အဲယားကွန်းသည် မလိုအပ်ဘဲ ပိုမိုကျယ်ဝန်းသော ဧရိယာ (Cooling Volume) ကို အအေးပေးရန် ကြိုးစားရသဖြင့် စွမ်းအင်အဆမတန် ဖြုန်းတီးရာ ရောက်ပါတယ်။ မသုံးသော အခန်းများ၏ မီးလိုင်းများနှင့် Main Breaker များကို ပိတ်ထားခြင်းဖြင့် Zoning Control (ဧရိယာအလိုက် ထိန်းချုပ်ခြင်း) စနစ်ကို ကျင့်သုံးသင့်ပါတယ်။
၃။ သဘာဝအလင်းရောင်ကို အသုံးချခြင်း (Daylighting Harvesting)
အဆောက်အအုံများနှင့် အိမ်များ ဆောက်လုပ်ရာတွင် မှန်တံခါးများ၊ မှန်ပြတင်းပေါက်ကြီးများကို စနစ်တကျ အသုံးပြုခြင်းဖြင့် နေ့ခင်းဘက်တွင် အိမ်တွင်းမီးသီး (Artificial Lighting) များ ထွန်းညှိရမည့် ဝန်အားကို လုံးဝ လျှော့ချနိုင်ပါတယ်။ ဒါကို အင်ဂျင်နီယာလို Daylighting လို့ ခေါ်ပြီး တစ်နေ့တာ၏ အလင်းပေးဝေမှု လိုအပ်ချက် (Lumen Demand) ကို သဘာဝနေရောင်ခြည်ဖြင့် အခမဲ့ အစားထိုးလဲလှယ်သုံးစွဲခြင်း ဖြစ်ပါတယ်။
၄။ Inverter နည်းပညာနှင့် သက်သာစေသော စက်ပစ္စည်းများ
အဲယားကွန်း သို့မဟုတ် ရေခဲသေတ္တာ ဝယ်ယူတဲ့အခါ Inverter Technology ပါဝင်တာကို ရွေးချယ်သင့်ပါတယ်။ သမရိုးကျ မော်တာတွေက အလုပ်လုပ်ရင် Full Load (၁၀၀%) နဲ့ပဲ အလုပ်လုပ်ပြီး အပူချိန်ရောက်ရင် ပြန်ပိတ်၊ ပြန်နှိုး (Start/Stop) လုပ်တာကြောင့် အကြိမ်တိုင်းမှာ Inrush Current (စတင်နှိုးစက်အား) များစွာ စားသုံးပါတယ်။ Inverter စနစ်ကတော့ လိုအပ်တဲ့ အပူချိန်ကို ရောက်ဖို့ Speed ကို ညှိပြီး ပေးပို့တာမို့ မလိုအပ်တဲ့ စွမ်းအင်ဆုံးရှုံးမှု (Power Loss) ကို အများကြီး သက်သာစေပါတယ်။
၅။ Standby Power (Ghost Load) ကို လျှော့ချခြင်း
လူတွေ သတိမထားမိတဲ့အချက်က ပိတ်ထားပေမယ့် လျှပ်စစ်ကို တိတ်တဆိတ် စားနေတဲ့ Ghost Load တွေပါ။ TV, Computer သို့မဟုတ် အားသွင်းစက်တွေကို Remote နဲ့ ပိတ်ထားရုံနဲ့ လျှပ်စစ်ဓာတ်အားလုံးဝမစားတာ မဟုတ်ပါဘူး။ အတွင်းပိုင်းက Transformer သို့မဟုတ် Standby Circuit(အီလက်ထရောနစ်ကဒ်) တွေက လျှပ်စစ်ကို အနည်းငယ် စားသုံးနေပါတယ်။ ဒါတွေကို Power Strip (ခလုတ်ပါသော ပလပ်ခုံ) တွေနဲ့ စုစည်းပြီး အသုံးပြုချိန်မဟုတ်ရင် Main Switch (ပလပ်ခုံကိုပေးသောခလုတ်)ကနေ ဖြတ်တောက်ခြင်းက တစ်လတာအတွက် မသိမသာ ယူနစ်အများအပြားကို သက်သာစေပါတယ်။
၆။ Lighting စနစ်တွင် LED ကိုသာ အသုံးပြုခြင်း
အရင်တုန်းကမီးလုံး၊ မီးချောင်းတွေဟာ စွမ်းအင်ရဲ့ ၉၀% ကို အပူအဖြစ် ဆုံးရှုံးပြီး ၁၀% ကိုပဲ အလင်းအဖြစ် ပြောင်းပေးနိုင်ပါတယ်။ LED မီးလုံးတွေကတော့ အလင်းထုတ်ပေးနိုင်မှု (Luminous Efficacy) အလွန်မြင့်မားတဲ့ အတွက် အရင်တုန်းက မီးလုံးတစ်လုံးစာ ယူနစ်အနည်းငယ်နဲ့တင် အလင်းရောင် အဆပေါင်းများစွာ ပိုမိုရရှိနိုင်ပါတယ်။
၇။ Load Factor ကို ထိန်းညှိခြင်း (အချိန်ကိုက် သုံးစွဲနည်း)
အိမ်တွင်း လျှပ်စစ်ပစ္စည်းအားလုံးကို အချိန်တစ်ချိန်တည်းမှာ (ဥပမာ- ရေမော်တာ၊ အဲယားကွန်း၊ မီးပူတိုက်ခြင်း၊ ထမင်းပေါင်းအိုး) တစ်ပြိုင်နက် သုံးစွဲပါက Peak Load (အမြင့်ဆုံးဝန်အား) မြင့်တက်လာပြီး ဝိုင်ယာကြိုးတွေမှာ လျှပ်စီးပိုစီးပြီး အပူဆုံးရှုံးမှု ပိုမိုများပြားလာပါတယ်။ လျှပ်စစ်ပစ္စည်းတွေကို အလှည့်ကျ သုံးစွဲခြင်းက ဝိုင်ယာကြိုးတွေရဲ့ အပူဓာတ်ဆုံးရှုံးမှုကို လျော့နည်းစေပြီး ပစ္စည်းတွေရဲ့ သက်တမ်းကိုလည်း ပိုမိုရှည်ကြာစေပါတယ်။
၈။ အဲယားကွန်း အပူချိန် တည်ငြိမ်မှုနှင့် Thermal Insulation (အပူဒဏ်ခံစနစ်)
အခန်းထဲကို အပြင်က အပူတွေ တောက်လျှောက် ဝင်နေရင် အဲယားကွန်းမော်တာ (Compressor) က လုံးဝ နားခွင့်မရဘဲ အဆက်မပြတ် လည်ပတ်နေရမှာ ဖြစ်လို့ မီတာခ အဆမတန် တက်လာပါတယ်။ ပြတင်းပေါက် လေလုံအောင် ပိတ်ခြင်း၊ လိုက်ကာထူထူ တပ်ဆင်ခြင်း သို့မဟုတ် အမိုးမျက်နှာကြက်ပေါ်တွင် Insulation Foam (အပူခံပြား) များ ထည့်သွင်းခြင်းဖြင့် အပြင်အပူကို ကာကွယ်ပါ။ အဲယားကွန်း အပူချိန်ကိုလည်း 25^∘ "C" မှ 26^∘ "C" ပတ်ဝန်းကျင် ထားရှိခြင်းက ဝန်အား (Cooling Load) ကို များစွာ သက်သာစေပါတယ်။
၉။ မီးပူ (Electric Iron) ၏ လိုအပ်သောအပူနှင့် လက်ကျန်အပူကို ထိန်းညှိအသုံးချခြင်း
မီးပူတိုက်တဲ့အခါ အဝတ်အထူအပါးပေါ်မူတည်ပြီး အပူကို ထိန်းညှိခြင်း၊ အဝတ်အစား အားလုံး ပြီးခါနီး (နောက်ဆုံး ၁ ထည် သို့မဟုတ် ၂ ထည် အလို) မှာ မီးပူပလပ်ခုံကို ကြိုတင်ဖြုတ်ပြီး မီးပူအတွင်းပိုင်းမှာ ကျန်ရှိနေတဲ့ လက်ကျန်အပူ (Residual Heat) နဲ့တင် ပါးလွှာတဲ့ အဝတ်အစားတွေကို ဆက်လက် မီးပူတိုက်ခြင်း စတာတွေလဲ လုပ်နိုင်ပါတယ်။ ဒါဟာ ပစ္စည်းရဲ့ Thermal Inertia (အပူထိန်းနိုင်စွမ်း) ကို အကျိုးရှိရှိ အသုံးချတဲ့ အင်ဂျင်နီယာနည်းလမ်း ဖြစ်ပါတယ်။
၁၀။ လျှပ်စစ်ပစ္စည်းများ၏ ဓါတ်အားစွမ်းရည်အဆင့် (Energy Rating)
တတ်နိုင်ရင် စက်ပစ္စည်းတွေ ဝယ်ယူတဲ့အခါ (အထူးသဖြင့် ရေခဲသေတ္တာနှင့် အဲယားကွန်း) ပစ္စည်းတွေရဲ့ ဓာတ်အားသုံးစွဲမှုနှုန်း (Energy Rating Labels) တွေကို သတိပြု ဝယ်ယူရပါမယ်။ ဓာတ်အားပိုစားနိုင်တဲ့ပစ္စည်းလား? ဓာတ်အားသိပ်မစားတဲ့ ပစ္စည်းလား? ဆိုတာရွေးချယ်ပြီး ဝယ်ယူသင့်ပါတယ်။ သိပ်မစားတဲ့ပစ္စည်းတွေကတော့ ဈေးနည်းနည်းကောင်းနိုင်ပါတယ်။
ဒီအချက်တွေသာ လုပ်ကြည့်နိုင်မယ်ဆိုရင်တော့ မိတ်ဆွေတို့အိမ်ရဲ့ မီတာခက်သက်သာလျော့နည်းသွားမှာပဲ ဖြစ်ပါ တယ်။ ဘယ်အချက်တွေများ ကျွန်တော်တို့လိုက်လုပ်ကြည့်မိလဲဗျ…………..
Thursday, June 11, 2026
တောင်အာဖရိကနိုင်ငံရဲ့ မဟာဓာတ်အားလိုင်းထိန်းသိမ်းမှုစနစ် ဝန်အားလျှော့ချခြင်းအဆင့်များ (Eskom Load Shedding Stages) များအကြောင်း လေ့လာခြင်း
အင်ဂျင်နီယာဘာသာရပ်အရ မဟာဓာတ်အားလိုင်းကွန်ယက် (National Grid) တစ်ခု တည်ငြိမ်ဖို့ဆိုရင် ထုတ်လုပ်မှု (Generation) နဲ့ သုံးစွဲမှု (Demand) စက္ကန့်မလပ် မျှခြေ ရှိနေရပါမယ်။ အကယ်၍ ဝန်အားလိုအပ်ချက်က ထုတ်လုပ်နိုင်စွမ်းထက် လွန်ကဲလာပါက စနစ်တစ်ခုလုံး ပြိုလဲခြင်း (Total Grid Collapse) မဖြစ်စေရန် အင်ဂျင်နီယာများက ဝန်အားလျှော့ချခြင်း (Load Shedding) ကို စနစ်တကျ လုပ်ဆောင်ကြရပါတယ်။
ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာ ဝန်အားခွဲတမ်းချစနစ်ကို ကျင့်သုံးနေရတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသား ဓာတ်အားလိုင်း ကုမ္ပဏီ (Eskom) ရဲ့ နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲပုံကို လေ့လာကြည့်ပါမယ်။
Eskom ရဲ့ နည်းပညာဆိုင်ရာ ဝန်အားလျှော့ချမှုအဆင့်များ (Load Shedding Stages)
Eskom ဟာ မဟာဓာတ်အားလိုင်းကွန်ယက်အတွင်း သုံးစွဲတဲ့ ဝန်အား(Demand) အပေါ် မူတည်ပြီး Stage 1 ကနေ Stage 8 အထိ သတ်မှတ်ကာ ဓာတ်အားခွဲဝေမှု လိုင်းအသီးသီး (Feeders) တွေကို အလှည့်ကျစနစ် (Rotational Shedding Matrix) နဲ့ ထိန်းချုပ်ပါတယ်။ Stage ၁ ဆင့် တိုးလာတိုင်း Grid ပေါ်ကနေ 1,000" MW" (မဂ္ဂါဝပ်) စီ ဝန်အားကို လျှော့ချရပါတယ်။
Stage 1: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 1,000" MW" အထိ ရှိနေချိန် ဖြစ်ပါတယ်။ ထုတ်လုပ်ပေးနိုင်မှု ကုန်သွားတဲ့အခါ အလှည့်ကျစနစ်အရ ၄ ရက်တာ ကာလအတွင်းမှာ (၃) ကြိမ်ခန့်၊ တစ်ကြိမ်လျှင် ၂ နာရီခွဲခန့် ဝန်အားလျှော့ချရပါတယ်။
Stage 2: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 2,000" MW" အထိ ရှိလာချိန် ဖြစ်ပြီး၊ ၄ ရက်အတွင်း (၆) ကြိမ်ခန့် (တစ်ကြိမ်လျှင် ၂ နာရီခွဲ) ဝန်အားလျှော့ချရပါတယ်။
Stage 4: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 4,000" MW" အထိ ရောက်ရှိလာချိန် ဖြစ်ပါတယ်။ ၄ ရက်တာ ပတ်လည်အတွင်းမှာ ၁၂ ကြိမ်ခန့် (တစ်ကြိမ်လျှင် ၂ နာရီခွဲ) အထိ ခွဲတမ်းချ ဝန်အားလျှော့ချရပါတယ်။
Stage 6 & 8: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 6,000" MW" မှ 8,000" MW" အထိ အစွန်းရောက် လိုအပ်လာချိန် ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ စက်မှုဇုန်များနှင့် လူနေရပ်ကွက် လိုင်းများကို တစ်ရက်လျှင် အနည်းဆုံး ၈ နာရီမှ ၁၂ နာရီအထိ အလှည့်ကျစနစ်ဖြင့် ဝန်အားလျှော့ချရပြီး Grid ပြိုလဲမသွားအောင် ကာကွယ်ရပါတယ်။
ဒါ့အပြင် Eskom ရဲ့ အင်ဂျင်နီယာတွေ ရင်ဆိုင်ရတဲ့ အကြီးမားဆုံးပြဿနာတစ်ခုကတော့ Cold Load Pickup ဖြစ်စဉ် ဖြစ်ပါတယ်။
ဓာတ်အားလိုင်းတစ်ခုကို နာရီအတော်ကြာ ပိတ်ထားပြီးနောက် ပြန်လည်ဓာတ်အားလွှတ်တဲ့အခါ (Re-energize လုပ်တဲ့အခါ) အိမ်တွေမှာ ရှိတဲ့ ရေခဲသေတ္တာ၊ အဲယားကွန်းနဲ့ မော်တာတွေက တစ်ပြိုင်နက်တည်း အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။ အဲဒီအခါ အစောပိုင်း မော်တာနှိုးဆွဲအား (Inrush Current) ကြောင့် ပုံမှန်ရှိရမယ့် ဝန်အားထက် (၄) ဆမှ (၆) ဆအထိ ရုတ်တရက် မြင့်တက်သွားတတ်ပါတယ်။
ဒီလို မြင့်တက်မှုကို မထိန်းနိုင်ရင် Substation က Circuit Breaker တွေပါ ထပ်မံ Tripping ကျ (လိုင်းကျ) တတ်တဲ့အတွက် စနစ်ထိန်းချုပ်သူတွေဟာ လိုင်းတွေကို တစ်ပြိုင်နက်တည်း မလွှတ်ဘဲ ခွဲခြားပြီး တဖြည်းဖြည်းချင်း လွှတ်ရတဲ့ စနစ်ကို ကျင့်သုံးကြရပါတယ်။
တောင်အာဖရိကရဲ့ ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဝန်အားလျှော့ချခြင်း(Load Shedding) ဆိုတာ ဓာတ်အားသုံးချင်တဲ့ ပမာဏများပြီး ထုတ်လုပ်နိုင်မှုက တိုးမထုတ်နိုင်တော့တဲ့ အခြေအနေမှာ "ဓာတ်အားကွန်ယက်တစ်ခုလုံး ပြိုလဲမသွားစေရန် ပညာရပ်ဆိုင်ရာအရ တွက်ချက်ထိန်းညှိရတဲ့ နည်းပညာဆိုင်ရာ မလွှဲမရှောင်သာ စနစ်တစ်ခု" ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ ဒီလိုမှမလုပ်ရင် ထုတ်လုပ်နေတဲ့ပမာဏနဲ့ သုံးစွဲနေတဲ့ပမာဏက မျှမနေတော့ပဲ ဓာတ်အားကွန်ယက်တစ်ခုလုံး ပြိုလဲသွားရင် ဘယ်နေရာကိုမှ မီးပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ပြိုလဲသွားလို့ ပြန်တည်ဆောက်နေချိန်အတွင်းမှာလဲ ဓာတ်အားမရနိုင်တာရှိလာမှာဖြစ်ပါတယ်။ ထပ်ပြီး အလှည့်ကျပိတ်ရမယ့် နေရာက အချိန်ရောက်လာလို့ ဝန်အားလျော့ခံရတဲ့အခါ ဓာတ်အားကွန်ယက်ပြိုလဲတုန်းက အချိန်နဲ့ အလှည့်ကျ ပိတ်တဲ့အချိန်ပေါင်းပြီး ဓာတ်အားပြတ်တောက်နေအုံးမှာ ဖြစ်ပါတယ်။
တောင်အာဖရိကရဲ့ ဝန်အားလျော့ချရတဲ့အခြေအနေကို CSIR (Council for Scientific and Industrial Research) - South Africa က အချက်အလက်များကို ပုံပါအတိုင်းတွေ့ရပါတယ်။
ဒါတွေကို ဖြေရှင်းဖို့ သူတို့ကတော့ Demand Management Program ဆိုပြီး အမြင့်ဆုံးသုံးစွဲဝန်အားအခြေအနေကို ပြောင်းခြင်း(Peak Load Shifting) ကို ပြုလုပ်ဖို့ သက်ဆိုင်ရာ ဖြန့်ဖြူးရေးကုမ္ပဏီတွေကို အဆိုပြုချက်တွေ တောင်းတာ တွေ့ရပါတယ်။ သုံးစွဲမှုနည်းချိန်တွေမှာ ဓာတ်အားခကိုလျော့ချပေးတာမျိုးပါ။
တစ်စုံတစ်ခုအသုံးဝင်မယ်လို့ ယူဆပါတယ်။
Website Reference Link- CSIR (Council for Scientific and Industrial Research) - South Africa: https://www.csir.co.za
-
ဒီတစ်ခေါက်ဖော်ပြသွားမှာကတော့ သဘာဝဓာတ်ငွေ့သုံးစက်ရုံများ (Gas Turbine Plants) အကြောင်းပဲ ဖြစ်ပါတယ်။ ဒီစက်ရုံတွေက လောင်စာကို များသောအားဖြင...
-
လျှပ်စစ်ဓာတ်အားထုတ်ပေးတဲ့ ဓာတ်အားပေးစက်ရုံအမျိုးအစားများကတော့ အဓိကအားဖြင့် (၁) Steam plants using coal, oil or nuclear fission. ...










