Thursday, May 18, 2023

ဓာတ်တိုင်နှင့်သူငယ်ချင်းများ (၂-၂)- Substations

 ဓာတ်တိုင်ကဆက်၍ “ကိုငှက်ကြီး Gantry တွေ Beam တွေကျတော့ရော။ ကိုငှက်ကြီးတို့ကဘယ်လို လုပ်မှာလဲ။ အဲဒီဟာက Overhead Ground Wire၊ တိုင်ခြေမှာ Earthwire တွေတပ်သေးတယ်မို့လား။ နောက်ပြီး ကြိုးတွေချိတ်တော့ရော ဘယ်လိုတွက်ချက်ပြီး လုပ်လဲဗျ။ ရှင်းပြပါအုံး ” တောင်းဆိုလိုက်ရာ ကိုငှက်ကြီးမှ “မင်းမေးတာ ဖြေရရင်တော့ ရှည်မယ်ကွ။ Electrical ရော Mechnical အပိုင်းတွေရောပါတယ်။ တို့က Busbar တည်ဆောက်ဖို့ Gantry တွေ၊ Beam တွေ၊ ကြိုးနဲ့ Insulation Accessories တွေသုံးတဲ့အခါ (၁) ဖီဒါစာ နေရာချဖို့ Beam အကျယ် ဘယ်လောက်ထားမလဲ။ Gantry အမြင့်ကိုဘယ်လောက်ထားမလဲ ဆိုတာတွေကို တို့သုံးမယ့် ဗို့အားပမာဏ အလိုက် Electrical Clearence လို့ခေါ်တဲ့ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေးကို စဉ်းစားရတယ်ကွ။ ဒီနေရာမှာ တို့က တို့သုံးမယ့် ဗို့အားပမာဏရဲ့ ပုံမှန် Normal အခြေအနေမှာရှိတဲ့ ဗို့အားနဲ့ ပုံမှန်မဟုတ်တဲ့ Abnormal အခြေအနေမှာ ရှိတဲ့ ဗို့အားအခြေအနေကို ပေါင်းစဉ်းစားရတယ်ကွ။ ပုံမှန်အတွက် Rated Voltage, ပုံမှန်မဟုတ်တဲ့အခြေအနေအတွက် Power Frequency Withstand Voltage, Lighting Impulse Withstand Voltage နဲ့ Switching Impulse Withstand Voltage စတာတွေကို တွက်ချက်ရတယ်ကွ။ ဒါကတော့ အသစ် စလုပ်တဲ့ ဗို့အားစနစ်တွေမှာတွက်တာပေါ့ကွာ။ ငါအရင်ပြောခဲ့သလို တို့သက်ဆိုင်ရာ Standard တွေရှိရင်၊ အရင်လုပ်ပြီးသားတွေရှိရင် အဲဒါကိုပဲ Follow လုပ်လိုက်ရုံပါပဲ။ အဲဒီဗို့အားတွေနဲ့ လွတ်တဲ့ အကွာအဝေး ကိုတွက်ပြီး Beam အရှည်ကို တွက်ရတာကွ။ ဒါကအရှည်နဲ့ Phase တစ်ခုနဲ့တစ်ခုကြား အကွာအဝေး ရတာပဲရှိသေးတယ်။ အဲဒီ Beam နဲ့ သူ့ကိုထောက်မယ့် Gantry တွေကို Sizing လုပ်ဖို့ကျတော့ Mechnical ပိုင်းပါလာပြီ။ သူ့ကို သက်ရောက်မယ့် Vertical Load, Longitudinal Load, Transverse Load ဆိုတဲ့ သက်ရောက်အားတွေကို တွက်ရတယ်ကွ။ Vertical Load(ထောင်လိုက်သက်ရောက်အား) တွက်တဲ့အခါ သူ့ Beam, Gantry ရဲ့အလေးချိန်၊ ချိတ်ဆွဲမယ့် ကြိုး၊ ကြေသီးနဲ့ Insulation Accessories တို့ရဲ့အလေးချိန်နဲ့ Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာတွေရဲ့ အလေးချိန်ပေါင်းကို တွက်ရတယ်။ Longitudinal Load(အလျားလိုက်သက်ရောက်အား) ကိုကျတော့ သူတို့ကို သွယ်ချိတ်မယ့် ပုံမှန်အခြေအနေမှာရှိတဲ့ ကြိုးဆွဲတင်းအား၊ ပုံမှန်မဟုတ်တဲ့ တစ်ဖက်က ကြိုးပြတ်သွားတဲ့ အခြေအနေ၊ Electrical Fault ဖြစ်တဲ့အခြေအနေမှာရှိတဲ့ ဆွဲတင်းအား၊ လေတိုက်တဲ့အားနဲ့ အဲကြိုးတွေပေါ်ကို တက်ပြီး Installation & Maintenance လုပ်တဲ့အခါမှာ အဲအပေါ်ကို တက်မယ့်လူ၊ တင်မယ့်ပစ္စည်း စတာ တွေရဲ့အလေးချိန်ပေါင်းကို တွက်ရတယ်။ Transverse Load (ဘေးတိုက်သက်ရောက်အား) ကိုကျတော့ အစောကချိတ်ဆွဲထားတဲ့ ကြိုး၊ ကြေသီးနဲ့ Insulation Accessories တွေ၊ Beam, Gantry တွေကို လေတိုက်တဲ့ အားပေါ့ကွာ။ ဒီမှာ လေတိုက်အားဆိုတာက ယူတဲ့အခါ တို့က ကိုယ်တည်ဆောက်မယ့် ဧရိယာထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်အတွင်း အများဆုံးတိုက်ခဲ့ဖူးတဲ့ လေတိုက်နှုန်း ဆိုတာမျိုးကို ယူတယ်။ အဲဒါကို Reliablity စဉ်းစားတယ်ခေါ်တာပေါ့ကွာ။ နှစ်များများ ပြန်ယူရင် ပို Reliablity ဖြစ်တယ်ပေါ့။ အဲဒီအားတွေရတဲ့အခါမှ Beam တွေ Gantry တွေကို ဘယ်လောက်ကြံ့ခိုင်အားရှိတဲ့ဟာ လုပ်ရမလဲ ဆိုတာပေါ်တယ်။ Gantry တွေရဲ့အမြင့်ကို တွက်တာကျတော့ အောက်မှာထားမယ့် Electrical Equipment ရဲ့အမြင့်, အပေါ်မှာတွဲလောင်းဖြစ်နေမယ့် Busbar ရဲ့ ကြိုးအိကျမှုအရှည်၊ ချိတ်ဆွဲမယ့်ကြွေသီးတွဲရဲ့ အရှည်၊ လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေး စတာတွေပေါင်းပြီးရတဲ့ တန်ဖိုးပေါ့။ ကြိုးကို ဓာတ်အားစီးသွားတဲ့အခါ အိကျလာမယ့် အရှည်ကိုလဲ ထည့်တွက်ရ သေးတယ်။ အဲဒါဆိုရင်တော့ Gantry နဲ့ Beam အကြောင်းစုံသလောက်ဖြစ်ပြီထင်တယ်။” ဟု စိတ်ရှည်ရှည်ဖြင့် ဖြည်းဖြည်းချင်းရှင်းပြလေသည်။

“အသေးစိတ် လုပ်ရတာပဲ ကိုငှက်ကြီး… အဲဒါတွေရတော့ Gantry နဲ့ Beam တွေကို ဘယ်လိုလုပ်လဲဗျ” ဟု မှန်ကြောင်ကဆက်မေးရာ ကိုငှက်ကြီးမှ “တို့တော့မလုပ်တော့ဘူးကွ။ ပစ္စည်းထုတ်တဲ့သူတွေကို အဲဒါတွေ ပေးပြီးအပ်တာပဲ။ ဒါပေမယ့် တကယ်မဖြစ်မနေလုပ်ဖို့လိုလာရင်တော့ Structure Design Software တွေသုံးပြီး ဒီဇိုင်းလုပ်ရတာပေါ့ကွာ။ ကိုယ်လိုချင်တဲ့ပုံစံလေးကို Structure လေးလုပ်ကြည့်။ ရရင်အစောက Load တွေ ထည့်ပြီး Run ကြည့်။ မရင်ရင်ဆက်လုပ်ပေါ့။ စိတ်ကျေနပ်တဲ့ ဒီဇိုင်းရပြီး သင့်တော်တယ်ဆိုရင် အဲဒါကို ပစ္စည်းထုတ်တဲ့ဆီကိုအပ်တာပေါ့ကွာ။ ရှားတော့ရှားတယ်ကွ။ ဒီမှာက မြို့ပြအင်ဂျင်နီယာပိုင်းတွေပဲ အဲလို တွက်ကြတယ်လို့ထင်တယ်၊ Electrical က မဖွံ့ဖြိုးသေးဘူးကွ။ နောက်တော့ပေါလာမယ်ထင်ပါတယ်…” ဟု ပြန်ဖြေလေသည်။

“ဒါဆိုရင် Lattice လို့ခေါ်တဲ့ သံဘောင်တွေသုံးတာနဲ့ Pole တွေသုံးတာကျတော့ကော ဘယ်လိုကွာလဲဗျ။” ဟု ဖက်တီးကဆက်မေးရာ ကိုငှက်ကြီးက “Electrical သီးသန့်ပြောရင်တော့ မကွာပါဘူးကွ။ တပ်ဆင်ရေးပိုင်း ကျတော့ သံဘောင်တွေနဲ့က သယ်ရတာ၊ တပ်ရတာ လွယ်တာပေါ့။ Pole တွေ သုံးတာကျတော့ Heavy Mechinery တွေရှိမှ မြန်မြန်လွယ်လွယ်လုပ်နိုင်မှာ။ ရှင်းတာကတော့ Pole တွေကတော့ တိုင်ထီးထီးကြီးဆိုတော့ အမြင်ရှင်းတာပေါ့ကွာ။ သယ်ပို့ရခက်ရင်တော့ သံဘောင်လုပ်တာအကောင်းဆုံးပဲ။ Structure Design လုပ်ရမှာ၊ ဒီဇိုင်းအပ်ရမှာ အလုပ်ရှုပ်သက်သာချင်ရင်တော့လဲ Pole သုံးပေါ့ကွာ။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။ ဘယ်ဟာသုံးသုံး ရပါတယ်..” ဟုရှင်းပြလေသည်။

ကိုငှက်ကြီးမှ ဆက်၍ “မင်းတို့မေးတဲ့ Overhead Ground Wire အကြောင်းပြောရရင်တော့ အဲဒါက မိုးကြိုး ပစ်တဲ့အခါ အောက်က Equipment တွေကို မထိခိုက်အောင်ကာကွယ်ဖို့ပေါ့ကွာ။ အဲဒီကောင်ကိုတော့ ခုနောက်ပိုင်း Popular အဖြစ်ဆုံး Rolling Sphere Method နဲ့တွက်လိုက်ရင် Gantry ပေါ်မှာ ဘယ်နေရာတွေ ဆွဲထားလိုက်ရင် မိုးကြိုးကာကွယ်နိုင်တေယ်ဆိုတာပေါ်ပါတယ်။ အဆောက်အဦးအတွက်လဲ တွက်ရပါတယ်။ ကြိုး Size တွက်တာကတော့ အဲဒီဧရိယာမှာရှိတဲ့ ဖြစ်လေ့ရှိတဲ့မိုးကြိုးရဲ့ Lightning Stroke Current ကို နိုင်တဲ့ကြိုးဆို ရပါတယ်။ သုံးလေ့ရှိတာကတော့ 200 kA/s နဲ့တွက်တယ်။ အများဆုံးပေါ့ကွာ။ တို့ဆီမှာတော့ Analysis တွေ Experiment တွေ မရှိပါဘူး။ British Standard ကိုပြောတာပါ။” ဟု ရှင်းပြရင်း “ နောက်ဆုံးမေးတဲ့ Earthwire ကတော့ အပေါ်ကမိုးကြိုးကြောင့်ဖြစ်တဲ့ Current ရော၊ ဓာတ်အားခွဲရုံထဲကပစ္စည်းတွေက ထွက်လာမယ့် Current ရော မြေကြီးထဲချပစ်ဖို့ တပ်ရတာပေါ့။ သူကတော့မြေကြီးရဲ့ Soil Resitivity ကို စမ်းရသေးတယ်။ ဓာတ်အားခွဲရုံ Switchyard ရဲ့အောက်မှာ လေးထောင့်ကွက်နဲ့ Earthing Grid ခင်းရတယ်။ နီးစပ်ရာပစ္စည်းကနေ Earth ချနိုင်အောင်ပေါ့ကွာ။ အကျဉ်းအကျယ်ကတော့ ဒီဇိုင်းလုပ်ရတယ်ကွ။ Grid တစ်ခုလုံးအနေနဲ့တွက်ရသလို၊ Grid တစ်ခုလုံးမှာရှိတဲ့ Ground Potential၊ Step Voltage၊ Touch Voltage တွေကိုလည်း တွက်ယူရတယ်ကွ။ ဒီနေရာမှာ Ground Potential တွက်တာကတော့ Computer Software သုံးပြီးတွက်မှ ရတာကွ။ Node တွေကများတာကိုး။” ဟု ဆက်ရှင်းပြလေသည်။

ဓာတ်တိုင်က “ကိုငှက်ကြီးရာ၊ ဗဟုသုတလဲရပါတယ်။ ရှုပ်လဲအတော်ရှုပ်သွားပြီ။ အဆောင်ပြန်ရောက်မှ ကိုငှက်ပြောတာတွေနဲ့ စာတွေနဲ့ ပြန်ကြည့် ကြည့်အုံးမယ်ဗျာ။ ကိုငှက်ကြီးလဲမောရောပေါ့။ ဆက်မေးချင်တာတွေ တော့အများကြီးပဲ။ လောလောဆယ် ကိုငှက်ကို မြို့ထဲမှာ လိုက်ပြုစုမယ်လေဗျာ။ သွားရအောင်” ဟု ပြောလိုက်လေသည်။

ကိုငှက်ကြီးက “ဟ… ငါကအလုပ်ရှိတဲ့သူပါကွ။ ငါလိုက်ကျွေးပါ့မယ်။ သွားရအောင်လေ…..ညီလေးတို့အားလုံးပဲ …လာ… လာ..” ဟုပြောရင်း စီမံကိန်းမှ ပေးထားသောကားသော့ကို လှမ်းယူကာ ဓာတ်တိုင်တို့အဖွဲ့နှင့် ကားပေါ် တက်၍ မြို့ထဲသို့ ထွက်ခဲ့လေတော့သည်။

(ဆက်ပါအုံးမည်……)

Monday, May 8, 2023

ဓာတ်တိုင်နှင့်သူငယ်ချင်းများ (၂-၁)- Substations

 

ဒီတစ်ခေါက်တော့ ဓာတ်တိုင်တို့အဖွဲ့ မနှစ်က ကျောင်းပြီးသွားသည့် စီနီယာအကိုကြီး ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိနေသည်။ “ကိုငှက်… ဖုန်းထဲပြောသလိုပဲ…လက်တွေ့လုပ်ငန်းခွင်အကြောင်းလေး သိချင်လို့ လာကြတာပါ။ စာတွေ့လေးနဲ့ ဆက်စပ်ပြီး ရှင်းပြလို့ရရင်ရှင်းပြပါအုံးဗျ” ဟု ဓာတ်တိုင်ကပြောလိုက်ရာ ကိုငှက်ကြီးက “မင်းတို့က ဓာတ်အားလိုင်းအကြောင်းသိချင်လို့လာတာ။ အခုငါတို့ Site က ဓာတ်အားခွဲရုံ တည်ဆောက်တာကွ။ အဲတာအရင်ပြောမယ်လေ။ မင်းတို့လဲ အအေးသောက်ကြပါအုံး။ လိုင်းအတွက်တော့ ငါ တခြား Site ကိုခေါ်သွားမယ်။ အဲကျမှ ရှင်းပြတာပေါ့….” ပြောရင်း မှတ်စုအချို့ကို လှမ်းယူလိုက်လေသည်။ ဓာတ်တိုင်က “ရပါတယ်ကိုငှက်… ကျွန်တော်တို့က ဘာသိရ သိရပါဗျ။ ခေါ်ရှင်းပြတာကို ပဲ ကျေးဇူးတင်နေပါပြီ။” ဟု ပြောလိုက်လေသည်။

“အေးကွ… ဓာတ်အားခွဲရုံနဲ့ပတ်သက်တာကို ကျောင်းမှာသင်ရတုန်းကတော့ ဒီလိုပြောထားတယ်ကွာ….. ပထမဦးဆုံး ကိုယ်ဓာတ်အားဖြန့်မယ့်နေရာရဲ့ Center လောက်ဖြစ်မယ့်နေရာ၊ ဓာတ်အားလိုင်းတွေအဝင်/ အထွက် လုပ်ဖို့ အဆင်ပြေမယ့်နေရာနဲ့ ကိုယ်လိုအပ်တဲ့နေရာအကျယ်အဝန်း စတာတွေကို အဓိကထားရွေးမယ်။ လူနေတဲ့ နေရာတွေနဲ့ တအားနီးလို့မရသလို ဝေးလို့လဲမရဘူး၊ Operation လုပ်မယ့်လူတွေအတွက်ရော ထည့်စဉ်းစားရတာ ပေါ့ကွာ။ နောက်တစ်ခုက ဓာတ်အားပေးစက်ရုံ၊ ဒါမှမဟုတ် ဓာတ်အားကွန်ယက်ကနေယူမယ်ဆိုလဲ အနီးဆုံး ဓာတ်အားကွန်ယက်နေရာ စတာတွေကနေ ဘယ်လိုဗို့အားနဲ့ ဓာတ်အားလိုင်းသွယ်ပြီး ဒီကိုရအောင်ယူမလဲ။ ဒါက ကိုဖြန့်ဖြူးမယ့်ပမာဏနဲ့ တွက်ပြီး သင်တော်တဲ့ ဗို့အားစနစ်ကို ရွေးရမယ်။ ပြီးရင်‌တော့ ဓာတ်အားခွဲရုံ အတွင်းပိုင်း ကို စစဉ်းစားရမှာပေါ့” ဟု တစ်ချက်နားရင်း ကွမ်းတစ်ယာ ထုတ်ဝါးလိုက်လေသည်။

အရှည်ကြီးက “ ကိုငှက်ကြီး… ပိတ်ရက်သာပြောတယ် ဖုန်တလုံးလုံးနဲ့ အလုပ်တွေတော့ရှိနေတာပဲနော်” ဟု မေးလိုက်ရာ ကိုငှက်ကြီးက “ဒီနေ့တော့နားတယ်ကွ… ဒါပေမယ့် ဓာတ်အားခွဲရုံပစ္စည်းတွေက ခုမှရောက်လာလို့ ပစ္စည်းချနေကြတာပါ။” ဟု ပြန်ဖြေလိုက်လေသည်။

ကိုငှက်ကြီးမှ ဆက်၍ “အစောကဟာပြန်ပြောမယ်.. ဓာတ်အားခွဲရုံရဲ့ မြေနေရာအကျယ်အဝန်းကို တွက်လို့ရဖို့ တို့က ဒီထဲမှာတပ်ဆင်မယ့် Equipment တွေ…Busbar, Transformer, Lightning Arrester, Wave Trap, Capacitive Voltage Transformer, Current Transformer, Circuit breaker, Disconnecting Switch/ Earth Switch, Station Transformer, Shunt Reactor, Shunt Capacitor စတာတွေကို ဘယ်လိုနေရာချမလဲဆိုတာကို Layout ချရမှာပေါ့ကွာ။ အဲတာတွေကို Control လုပ်မယ့် Control Building၊ Cable Duct၊ Store၊ မီးစက်ထားမယ့်နေရာ၊ လုံခြုံရေး အဆောက်အဦးစတာတွေ အကုန်ထည့်စဉ်းစား Layout နေရာချပြီးမှ အကျယ်အဝန်းရတာပေါ့ကွာ။ ဓာတ်အားခွဲရုံ Control Building ထဲမှာလဲ ကိုယ်ထည့်မယ့် Control Panel, Switchgear, Battery Bank and Charger, Communication Panel, Store, Meeting Room, Rest Room, စတဲ့ဟာတွေကိုလဲ Layout ချပြီး Control Building အရွယ်အစားတွက်ရတယ်။ အဲတာတွေကို စဉ်းစားပြီး ရင်တော့ ဓာတ်အားခွဲရုံ အကျယ်အဝန်းကို ကောင်းကောင်းတွက်လို့ရပြီပေါ့” ဟုပြောရင်း ခဏနားလိုက်လေသည်။

ပြီးမှ “တို့ကျောင်းမှာသင်တဲ့ Load Flow, Short Circuit, Transient, Insulation Coordination, Earthing, Overhead Grounding, Protection, စတာတွေကိုကို ဒီမှာ အကုန်ထည့်စဉ်းစားပြီး ဒီဇိုင်းလုပ်ရတာကွ၊ ကျောင်းစာတွေတော့ မမေ့လိုက်ကြနဲ့၊ အဲဒါတွေကိုပဲ လက်တွေ့မှာသုံးကြတာ၊ တစ်ခုတော့ရှိတာပေါ့၊ ကိစ္စရပ် တိုင်းတော့ တွက်စရာမလိုပါဘူး။ နိုင်ငံတကာမှာတော့ ကိုယ့်နေရာဒေသရဲ့ ရာသီဥတု၊ မြေအမျိုးအစား၊ မိုးကြိုးပစ် အကြိမ်ရေ၊ လေတိုက်နှုန်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့်စတဲ့ သက်ရောက်နိုင်တဲ့ Design Condition တွေကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ ဗို့အားပမာဏ၊ သယ်ယူမယ့်ပမာဏအလိုက် Standard သတ်မှတ်ထားတော့ အဲအတိုင်း Follow လုပ်ပြီး တိုက်ရိုက်အသုံးချလို့ရတယ်။ ဒီမှာလဲ အဲလိုပါပဲ။ မြန်မာ Standard အနေနဲ့တော့ မထွက်သေးပေမယ့် တို့အင်ဂျင်နီယာလောကမှာတော့ သတ်မှတ်ပြီးသုံးတာတွေ ရှိပါတယ်။ အချိန်တိုင်း Detailed Analysis လုပ်စရာမလိုတော့ဘူးပေါ့။ မင်းတို့ဒီအထိ နားလည်လားမသိဘူး” ဟုမေးလိုက်ရာ မှန်ကြောင်က “အများကြီးပဲ ကိုငှက်…. ချက်ချင်းတော့လိုက်မမှီဘူး၊ စာတွေကလဲ ဒီနှစ်အတွက်ပဲ မှတ်ထားတာ.. ဟဲ…ဟဲ…” ဟု ပြန်ဖြေလိုက်လေရာ ကိုငှက်ကြီးက “ အေး တို့လဲအဲလိုပါပဲကွာ၊ အလုပ်ထဲရောက်မှာ စာတွေ့နဲ့လက်တွေ့ ပြန် ပေါင်းကြည့်နေရတာကွ…ဟား…ဟား…” ဟုပြောကြရင်း ခဏမျှ တိတ်ဆိတ်သွားလေသည်။ ဓာတ်တိုင်တို့ အဖွဲ့က အတွေးတွေနဲ့ အရင်ကမှတ်မိသမျှတွေဖြင့် ပုံဖော်နေကြသည်။

ကိုငှက်ကြီးမှ “မင်းတို့ကို ဒီနေရာမှာ မြို့ပြအင်ဂျင်နီယာအပိုင်းကို မပြောရသေးဘူး၊ မြို့ပြအင်ဂျင်နီယာ အပိုင်းအနေနဲ့ တို့တပ်မယ့် ပစ္စည်းတွေရဲ့အလေးချိန်၊ Busbar ကြိုးတွေရဲ့ ဆွဲအား၊ လေတိုက်နှုန်း၊ မြေငလျှင်၊ မိုးရေချိန်၊ မြေမျက်နှာပြင်အနိမ့်အမြင့်၊ မြေအမျိုးအစား စတာတွေကို အချက်အလက်ရယူပြီး မြေပြင်ခြင်း၊ Foundation ပြုလုပ်ခြင်း၊ ထရန်စဖော်မာအတွက် ဆီစုကန်ပြုလုပ်ခြင်း၊ လမ်းခင်းခြင်း၊ မြေထိန်းနံရံလိုအပ်ရင် ထည့်သွင်းပြုလုပ်ခြင်းနဲ့  ခြံစည်းရိုး၊ ရေ/ မီး စတာတွေကို လုပ်ကြရတယ်။ သူတို့လဲ လုပ်ငန်းအားလုံးကို ဒီဇိုင်းတွေ အသေးစိတ်တွက်ချက်ပြီး လုပ်ကြရတာပဲ……..နောက်ဆုံးကတော့ လူမှုပတ်ဝန်းကျင်နဲ့သဘာဝပတ်ၒန်းကျင် ထိခိုက်မှုမရှိဖို့ပေါ့။ ဒီလုပ်ငန်းတွေမစခင်ကတည်းက စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ငန်းပမာဏ၊ လျာထားကာလ၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်နိုင်ခြေတွေ၊ လူထုနဲ့သဘာဝပတ်ဝန်းကျင်အတွက် စီမံဆောင်ရွက်ပေးနိုင် တာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စတာတွေကို လူထုကိုချပြရှင်းလင်းပြီး ဆောင်ရွက်ရတာပေါ့။ ကမ္ဘာက ပူးနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုတွေဖြစ်နေတာဆိုတော့ ဒီအချက်ကလည်း စဉ်းစားလုပ်ဆောင်ဖို့ လိုတဲ့ အချက်ပဲကွ….အေး… ငါပြောပြခဲ့တာတွေကတော့ တို့ဓာတ်အားခွဲရုံစီမံကိန်းနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းရှင်းပြ တာ။ မင်းတို့ သိချင်တာရှိရင်မေးပေါ့။” ဟုပြောလိုက်ရာ ဖက်တီးက “မေးစရာတွေတော့ ပုံလို့ပဲ၊ ကိုငှက်ကြီးအချိန်ရပါ့မလားလို့……တော်ကြာ ကျတော်တို့မေးတာတွေများလို့ စိတ်ညစ်သွားမယ်…” ဟု ပြန်ဖြေ လိုက်ရာ “ရပါတယ်ကွ….သိတာတွေဖြေမှာပေါ့။ မေးစရာရှိရင်မေးပါ။ အချိန်ရပါတယ်ကွာ…” ဟု ကိုငှက်ကြီးမှ ပြောလေသည်။

ဖက်တီးကဆက်၍ “Busbar ဆိုတာကနေစရမှာပဲ ကိုငှက်ကြီး၊ ကျွန်တော်တို့သင်ရတာတော့  Single bus, Double bus, double breaker, Main and transfer (inspection) bus, Double bus, single breaker, Ring bus, Breaker and a half ဆိုပြီးသင်ရတယ်၊ ကိုငှက်ကြီးတို့က ဘယ်လို Bus သုံးမှာလဲ” ဟုမေးရာ “ဟ..ဖက်တီးကဘယ်ဆိုးလို့တုန်း၊ အေး….တို့သုံးမှာက Double bus, single breaker ကိုသုံးမှာကွ။ အကောင်းဆုံးကတော့ Double bus, double breaker ပေါ့ကွာ။ ဒါပေမယ့် ဖီဒါတိုင်းမှာ Circuit Breaker တစ်လုံးပိုတော့ ဈေးပိုကြီးတာပေါ့။ Single bus ကတော့ ကုန်ကျစရိတ်သက်သာပေမယ့် Reliable မဖြစ်ဘူးကွ။ တစ်ခုခုဖြစ်ရင် ခွဲရုံတစ်ခုလုံးပိတ်ပြစ်ရမှာ။ အဲတော့ ဆက်ထားတဲ့လိုင်းတွေ Link မရှိတော့ဘူး။ ဓာတ်အားပြတ်ချိန်များတာပေါ့ကွာ။ Breaker and a half ကတော့ Double bus, double breaker ထက် ကုန်ကျစရိတ်သက်သာပေမယ့် Double bus, single breaker လောက်တော့လဲ မသက်သာပြန်ဘူး။ နှစ်ဖီဒါကို Breaker တစ်ခု အပိုပေါင်းထားတာပေါ့။ Ring bus ကတော့ တို့ Transmission မှာ သုံးခဲတယ်ကွ။ Distribution တွေ၊ ဓာတ်အားပေးစက်ရုံတွေမှာ သုံးတယ်။ Bus Section ဖြတ်ပြီး လိုသလိုလုပ်လို့ရတော့ Maintenance အတွက်တော့ ကောင်းတယ်ကွ။ နေရာတော့ယူတာပေါ့ကွာ။ Main and transfer (inspection) bus ကတော့ သူများနိုင်ငံတွေမှာသုံးတယ်ကွ။ ဒီမှာတော့ သိပ်မသုံးကြဘူး။ ဒီကောင်ကတော့ ကုန်ကျစရိတ်က Single bus ထက် နဲနဲပဲပိုကုန်ပြီး Maintenance အတွက်ပိုအဆင်ပြေတယ်။ Transfer Bus ပေါ် လိုင်းတွေ ခဏတင်ထား ချိန်တော့ Protection အခက်အခဲလေး နဲနဲရှိတာပေါ့ကွာ။ Double bus, single breaker လောက်တော့ Reliable မဖြစ်ပေမယ့် Grid ထဲက ခွဲရုံမဟုတ်ရင်တော့ သုံးသင့်တယ်ကွ။” ဟု ရှင်းပြ၏။

အညာသားက “ဒါဆိုရင် ကိုငှက်ကြီး ကြိုးကိုသုံးတဲ့ဟာနဲ့ ပိုက်ကိုသုံးတဲ့ဟာကရော ဘာကွာလဲကိုငှက်ကြီး။ ကိုငှက်ကြီးတို့ကရော ဘာသုံးမှာလဲ” ဟုမေးရာ “တို့သုံးမှာကတော့ ကြိုးကွ၊AAC လို့ခေါ်တယ်။ All Aluminum Conductor ပေါ့ကွာ။ ပိုက်ကလဲ Aluminum ပါပဲ။ အားသာချက် အားနဲချက်ကတော့ ကိုယ်စီပါပဲကွာ။ ကြိုးက တပ်ရတာ၊ လဲရတာ၊ သိမ်းဆည်းရတာ လွယ်ကူတယ်ကွ။ ပိုက်ကတော့ သူ့လောက်မလွယ်ပေမယ့် ခက်တော့မခက်ပါဘူး။ Surface Current စီးတဲ့နေရာကျတော့ ကြိုးကသာတယ်။ သူ့ကို Bus Gantry ပေါ်မှာ ကြွေသီးနဲ့ Beam တွေကြားမှာ ချိတ်တဲ့အခါ ကြိုးက ပေါ့တယ်၊ တင်းအား၊ အလေးချိန်သက်သာတယ်။ ပိုက်ကျတော့ ပိုလေးတာပေါ့ကွာ။ နောက်တစ်ခုက ဗို့အားမြင့်တွေသုံးတဲ့နေရာမှာ Corona Effect ဆိုတာရှိသေးတယ်။ အဲတာကို ကြိုးမှာ Bundle(၂ ကြိုး၊ သုံးကြိုးစသည်) များများသုံးပြီး ဖြေရှင်းလို့ရပေမယ့် ပိုက်ကို အဲလိုသုံးရင်တော့ အဆင်မပြေဘူး။ ကောင်းတာတော့ ပိုက်တွေကို ဗို့အားလတ်၊ ဗို့အားနိမ့်တွေမှာ သုံးတာကောင်းတာပေါ့ကွာ။ အဲလိုပြောလို့ ဗို့အားမြင့်မှာ မသုံးဘူးလားဆိုတော့လဲ မဟုတ်ပါဘူး။ အစောကပြောတဲ့ ဟာတွေကို ဖြေရှင်းနိုင်ရင် သုံးလို့ရပါတယ်။ သုံးလဲသုံးကြတယ်။” ဟု ပြန်လည် ရှင်းပြလေသည်။

Monday, March 6, 2023

ဓာတ်တိုင်နှင့်သူငယ်ချင်းများ (၁)- Transmission and Distribution Line

တစ်နေ့သ၌ ဓာတ်တိုင်နှင့် သူ၏ သူငယ်ချင်းများ ကျောင်းကန်တင်းတွင် ထိုင်ရင်း ရောက်တက်ရောက်ရာ ပြောဆိုနေခိုက် EP Major ဆရာလေးရောက်လာဖြင့် မတ်တပ်ရပ်ဂါရဝပြုကြရင်း နုတ်ဆက်လိုက်ကြလေသည်။ “နေပါဟ ငါ့တပည့်တွေရ။ ကန်တင်းမှာပဲဟာ အေးအေးဆေးဆေးပေါ့။ ထိုင်...ထိုင်” ဟု ဆရာလေးပြောမှ “ဟုတ်ကဲ့ ဆရာလေး” ဟု ဆိုကာ အားလုံးပြန်ထိုင်လိုက်ကြလေသည်။ “ဒါနဲ့မင်းတို့ ဘာတွေပြောနေကြတာတုံး” ဟု ဆရာလေးကမေးရာ ဓာတ်တိုင်က “ ဟာ ဆရာ။ ဒီကောင်တွေလာစားနေလို့ပါ ဆရာလေး။ ဓာတ်တိုင်တွေမှာ ကျောက်တိုင် အကြီးအသေး၊ သံတိုင်၊ သစ်သားတိုင်၊ သံငြမ်းတိုင်(တာဝါတိုင်) တွေ အမျိုးမျိုးရှိတော့ ဘယ်လိုတွေကွာတာလဲ ဆိုတာ ပြောနေကြတာပါ ဆရာလေး။ ကျွန်တော့နာမည်ကလည်း ဓာတ်တိုင် ဆိုတော့ ပြောရတာ ကိုးလို့ကန့်လန့်ပါ ဆရာလေးရာ” ဟု ရှင်းပြ၏။

ဆရာလေးက “မင်းတို့က ဘယ်လိုသိကြလို့တုန်း။ တကယ်ဆို Transmission and Distribution System ဘာသာမှာ ပါတာပဲလေ။ မင်းတို့နောက်ဆုံးနှစ်တွေပဲ။ ဒုတိယနှစ်ကစပြီး ပါတာပဲကို။ ငါ့ကို ပြောပြကြပါအုံး။ ဘာတွေလဲလို့။” ဆိုရင်း ပုံမှန်တစ်ခွက် စားပွဲထိုးအားလှမ်းမှာလိုက်လေသည်။

အားလုံးထဲမှ မှန်ကြောင်က “ပြောရရင်တော့ ဆရာလေးရာ.... စာထဲမှာကတော့ သတ်မှတ် ဗို့အားအမျိုးအစားအလိုက် တိုင်အမျိုးအစားတွေ ခွဲထားတာတွေ့တယ်ဆရာလေး။ ဒါပေမယ့် အပြင်မှာကျတော့ နဲနဲမတူဘူးလားလို့။ နောက်ပြီး စာထဲမှာက ပုံသေလို ဖော်ပြထားတယ်ဆရာလေး။ ဒါတွေက လက်တွေ့မှာ အဲအတိုင်းသုံးလို့ရပါ့မလားလို့ ဆွေးနွေးနေကြတာပါ။” ဟုပြောရာ ဆရာလေးက

“အေး ဘယ်ဆိုးလို့တုန်း။ မှန်တယ်ကွ။ တကယ်ဆို စာထဲမှာပြထားတာတွေက Typical တွေပဲကွ။ တို့သင်ရိုးယူတဲ့စာအုပ်ရဲ့ မူရင်းရေးတဲ့စာရေးဆရာက သူ့နိုင်ငံ၊ သူ့ပတ်ဝန်းကျင်က အတွေ့အကြုံ၊ အသုံးချတာတွေ ပေါ်မှာအခြေခံရေးတာပေါ့။ ဒါကို မင်းတို့က အခြေခံအနေနဲ့ လေ့လာဖို့တော့လိုတယ်ကွ။ မင်းတို့ကို Power System နဲ့ပတ်သတ်တဲ့ဘာသာရပ်တွေ၊ အခြား MajorMinor  ဘာသာရပ်တွေ တွဲသင်တာ ဒါအတွက်ပဲလေကွာ။ မင်းတို့ ရတဲ့အခြေခံနဲ့ တို့နိုင်ငံရဲ့ ဒေသအသီးသီးအတွက်၊ လိုအပ်လို့ ပြည်ပထွက်ရရင်လဲ အဲဒီနိုင်ငံရဲ့ အခြေအနေတွေနဲ့ သင့်တော်တဲ့ အမျိုးအစားတွေ ရွေးသုံးတတ်ဖို့ ဘက်ပေါင်းစုံက ဝမ်းစာဖြည့်ပေးတာပေါ့။” ဟု ပြောရင်း လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း “လက်တွေ့လုပ်ငန်းခွင်ရောက်တဲ့အခါ အဲဒီနေရာ‌ဒေသနဲ့ သုံးစွဲမယ့်ဝန်အား၊ Estimate ဘာသာမှာပါတဲ့ ကုန်ကျစရိတ်နဲ့ အကျိုးပြန်ရမှု တွက်ချက်တာတွေ၊ ပစ္စည်းပစ္စယဝယ်ရနိုင်မှု၊ ရေတို ရေရှည်အကျိုးစတာတွေကို ထောင့်စုံအောင် စဉ်းစားပြီး  ဒီဇိုင်းတွက်ချက် လုပ်ရတာမျိုးပေါ့။ ငါ့တပည့်တွေက လေ့လာအားကောင်းပါတယ်။ ကျောင်းမပြီးခင်တော့ ပညာစုံအောင် သာလေ့လာ။ မေးစရာရှိတာမေးသွားကွာ။ တို့ဆရာတွေအနေ့နဲ့ကလည်း မမေးဘဲနဲ့ သင်ရိုးကလွဲပြီး တခြား ဘာပြောရမယ်ဆိုတာ သိဖို့မလွယ်ဘူးကွ။ မင်းတို့သိချင်တာနဲ့ ဘာသာရပ်က ကျယ်ပြန့်တာနဲ့ဆိုတော့ မေးမှပဲ သိမှာ တပည့်တို့ရ” ဟု အားရပါးရ ရှင်းပြနေသော ဆရာလေးကိုကြည့်ရင်း ဓာတ်တိုင်တို့အဖွဲ့ မေးခွန်းတွေက တိုးလာလေပြီ။

ငြိမ်၍နားထောင်နေသော အရှည်ကြီးက “ဆရာလေး.... ဒီဇိုင်းမှာက ဘာတွေကို ထည့်စဉ်းစားရတာလဲ။ လက်တွေ့နဲ့ကျတော့ ဆက်စပ်ဖို့ ဘယ်လိုတွေးယူရမလဲဆရာလေး” ဟု မေးရာ ဆရာလေးက

“မင်းကတော့လုပ်ပြီ။ မေးဆိုမှ စာအုပ်ထဲကဟာတွေအကုန် တစ်ထိုင်တည်းပြောခိုင်းနေတယ်။ ထားပါတော့။ ဒီလိုကွ..........ပထမဦးဆုံးကတော့ System Planning ကို စလုပ်ရတယ်။ ကိုယ့်ရဲ့ လက်ရှိ Transmission နဲ့ Distribution စနစ်တွေက ဘယ်လောက်ရှိနေတယ်။ ဘယ်အထိရောက်နေတယ်။ ကိုယ်သွယ်ယူမယ့်လိုင်းနဲ့ခွဲရုံ တွေ ဘယ်လိုနေရာချမယ်ပေါ့။ မင်းတို့သင်ရတဲ့ Load Flow Analysis, Short Circuit Analysis တွေလုပ်ရမှာပေါ့။ အဲလိုတွက်တဲ့နေရာမှာ တပါတည်း ကိုယ်သယ်ပို့ချင်တဲ့ ဝန်အားအမျိုးအစား၊ ပမာဏတွေကိုလဲ Analysis လုပ်ထားရမယ်။ အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ ဘယ်လောက်ရှိမယ်ဆိုတာပါ မယ်။ Demand Analysis လို့ခေါ်တာပေါ့ကွာ။ အဲဒါမှ ကိုယ်တည်ဆောက်ရမယ့် လိုင်း/ ခွဲရုံတွေရဲ့ အရွယ်အစားကို ခန့်မှန်းတွက်ရမယ်။” ဟု ပြောရင်း လက်ဘက်ရည် တစ်ငုံသောက်လိုက်ပြန်၏။

အရှည်ကြီးကဆက်၍ “ဒါပဲလား ဆရာလေး” ဟုမေးရာ ဆရာလေးက “ဟာ... မင်းကလဲ ဒါပဲတော့ ဘယ်ဟုတ်မလဲကွ.....အဲဒါတွေရရင် မင်းရဲ့လိုင်းဒီဇိုင်းကို စရမှာကွ။ သယ်ယူမယ့်ဝန်အား၊ အကွာအဝေးတွေကို သိရင် ဘယ်လို ဗို့အားအမျိုးအစားသုံးမလဲ စရွေးမယ်။ ဗို့အားရရင် သယ်ယူမယ့် လျှပ်စီးပမာဏကို ရအောင်တွက်။ ပြီးရင် ဓာတ်ကြိုးအရွယ်အစားကိုရမယ်။ အဲဒါကိုမှ ချိတ်ဆွဲမယ့် တိုင်၊ ကြွေသီးစတဲ့ဆက်စပ် လိုင်းပစ္စည်းတွေကို တွက်ရမယ်။ တွက်ရတဲ့ဟာနဲ့ စျေးကွက်ထဲမှာ ရှိတဲ့ဟာနဲ့ စစ်ကြည့်။ ကိုက်ရင်ရွေးလိုက်တာပေါ့ကွာ။ ဗို့အားကနေ နောက်တစ်ခုစဉ်းစားရမှာက တိုင်အမြင့်၊ လျှပ်စစ်အန္တရာယ်ကင်း လွတ်အကွာအဝေးတွေကို ဆက်တွက်ယူရသေး တယ်ကွ။ ဒါကတော့ မင်းတို့ Insulation Coordination ဘာသာရပ်မှာ သင်ပါတယ်။” ဟုပြော၍ တစ်ချက်နား လိုက်လေသည်။

ရေးမှတ်နေသော ဖက်တီးက “ ဆရာလေး.... ဘာသာရပ်တွေက ဆက်စပ်နေတာပဲနော် ဆရာလေး” ဟုပြောရာ ဆရာလေးက “ဒါပေါ့ဟ။ ငါပြောသလို မင်းတို့ကို ကျောင်းမှာအခြေခံအနေ့နဲ့ ဝမ်းစာဖြည့်ပေးလိုက်ပါတယ်လို့...။ နောက်လုပ်ရမှာတွေရှိသေးတယ်။ အဲဒါတွေက......မင်းတည်ဆောက်မယ့်နေရာမှာရှိတဲ့ အပူချိန်၊ မိုးရေချိန်၊ မိုးကြိုးပစ်တဲ့အကြိမ်ရေ၊ လေတိုက်နှုန်း၊ မြေအမျိုးအစား စတာတွေကိုလဲ ရယူစုဆောင်းရမယ်ကွ။ အဲဒါတွေက Mechanical နဲ့ Civil Design အတွက်ပေါ့ကွာ။ ကြိုးဘယ်လိုသွယ်တန်းမယ်။ တိုင်ဘယ်လိုဒီဇိုင်းလုပ်မယ်။ ဖောင်ဒေးရှင်း ဘယ်လိုလုပ်မယ်ဆိုတာတွေအတွက်ပေါ့” ဟုပြောရင်း တစ်ချက်နား၍ လက်ဘက်ရည် တစ်ငုံသောက်လိုက်ပြန်လေသည်။

ဆရာလေးနှင့်အတူ လက်ဘက်ရည်ချိုဆိမ့်ကို အရာသာခံရင်း အညာသားက “ဆရာလေးရာ Mechanical တွေရော Civil တွေရော ပါလာပြန်ပြီ” ဟုပြောရာ ဆရာလေးက “ဟ..... တပည့်ရ.... တို့အင်ဂျင်နီယာလုပ်ငန်း ဆိုတာ တို့ Electrical တွေကြီးပဲ မပြီးဘူးလေကွာ.... Mechanical, Civil တင်မကဘူး ကွန်ပြူတာပညာ၊ ဆက်သွယ်ရေးပညာတွေအပြင် စီမံခန့်ခွဲမှု၊ ဥပဒေ၊ သဘာဝပတ်ဝန်းကျင်၊ မိုးလေဝသ စသဖြင့် စုံလို့ပါကွာ။ အကုန် လုံး တစ်ထောင့်တစ်နေရာ တစ်ခန်းတကဏ္ဍတော့ပါတယ်ဟ။ အားလုံးစုပေါင်းပြီးလုပ်ရတာမျိုး။ ဒါမှလဲ ပြည့်စုံတဲ့ ဒီဇိုင်းနဲ့ အောင်မြင်မှုကို ရတာဟ။ ဆက်ပြီးတော့........”

“ဆက်ပြီးတော့ ဒီလိုအကုန်လိုက်ပြောပြရရင်တော့ အများကြီးဖြစ်သွားမယ်။ စာလိုပြောရမယ်ဆိုရင် ဆာဗေး(Surveying) ပြုလုပ်ခြင်း၊ ဒီဇိုင်းတွက်ချက်ဖို့အတွက် အခြေခံစံနှုန်းအချက်အလက်ရှာခြင်း(Basic Design Criteria and Design Conditions)၊ ဓာတ်အားလိုင်းကြိုး(Conductor)၊ ကောင်းကင်မြေဓာတ်ချကြိုး(Earth Wire)နဲ့ ဆက်သွယ်ရေးကြိုး(Optical fiber Ground Wire)များတွက်ချက်ရွေးချယ်ခြင်း၊ လျှပ်ကာတွဲချိတ် ပစ္စည်း(Insulation Sets) တွက်ချက်ရွေးချယ်ခြင်း၊ တာဝါ(Tower)၊ ကျောက်တိုင်(Pole) ဒီဇိုင်းတွက်ချက်ခြင်း၊ မြေစိုက်အုတ်မြစ်(Foundation)ဒီဇိုင်းတွက်ချက်ခြင်း၊ သဘာဝနှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်း (Enviromental and Social Study)၊ ပစ္စည်းလိုအပ်ချက်တွက်ချက်ခြင်း(Listing Materials) စာတာတွေဖြစ်ပြီး နောက်ဆုံးလုပ်ရမှာကတော့ တည်ဆောက်ရေးအတွက် အစီအစဉ်ရေးဆွဲခြင်း(Construction Planning) တို့ပဲ ဖြစ်တယ်ကွ၊ ဒါကို ထပ်သိချင်ရင်တော့ အေးဆေးဖြစ်မယ့်အချိန်ရွေးကွာ။ အဆောင်မှာဖြစ်ဖြစ်၊ လက်တွေ့ချိန်ဖြစ်ဖြစ်၊ ငါအတန်းဝင်တဲ့အချိန် သင်ခန်းစာပြီးရင်ဖြစ်ဖြစ် ဆွေးနွေးကြတာပေါ့ကွာ။ အခုတော့ မင်းတို့ အတန်းချိန်စတော့မှာဆိုတော့ သွားကြအုံး။ တတိယနှစ်အတန်းစာသင်ချိန်ရှိလို့ ငါလဲ သွားတော့မယ်။” ဟု ဆိုကာ နောက်ဆုံး လက်ကျန် လက်ဘက်ရည်ကို ကုန်အောင်သောက်ချလိုက်ရင်း စာပွဲထိုးကို လှမ်းခေါ်ကာ ပိုက်ဆံရှင်း၍ ထွက်သွားလေတော့သည်။ ဓာတ်တိုင်တို့အဖွဲ့လဲ နောက်ကြုံမှ ဆရာလေးနဲ့တွေ့ရင်ထပ်မေးကြည့်ဖို့၊ လက်တွေ့လုပ်ငန်းခွင်ရောက်နေတဲ့ မနှစ်က စီနီယာကြီးဆီသွားမေးဖို့ တိုင်ပင်ကြရင်း အတန်းတက်ဖို့ စာသင်ခန်းသို့ ထွက်လာခဲ့ကြလေသည်။


Friday, February 17, 2023

မြေဓာတ်ချခြင်းစနစ်(Earthing System) အကြောင်း

 

လျှပ်စစ်ကိုအသုံးပြုရာမှာ မြေဓာတ်ချခြင်းစနစ်က မဖြစ်မနေလိုအပ်တဲ့အရာဖြစ်ပါတယ်။  မြေဓာတ်ကို ချရခြင်း အကြောင်းအရင်းကတော့ မလိုအပ်တဲ့လျှပ်စစ်ဓာတ်တွေကို မြေကြီးထဲကို ထည့်ပစ်တာပါပဲ။ မလိုအပ်တဲ့လျှပ်စစ် ဆိုတာက မိုးကြိုးပစ်တဲ့အခါ ဖြစ်လာတဲ့လျှပ်စစ်၊ သုံးသွင်စနစ်(Three Phase System) တွေမှာ သုံးလိုင်းစလုံးက 120 degree ညီမနေခြင်း (Unbalance) ဖြစ်ခြင်းကြောင့် ဖြစ်လာတဲ့လျှပ်စစ်၊ လျှပ်စစ်ကူးတတ်တဲ့ပစ္စည်းများ( လူ၊ တိရစ္ဆာန်၊ သတ္ထုပစ္စည်းစသည်)က လျှပ်စစ်လွှတ်ထားတဲ့ပစ္စည်းများနှင့် ထိတွေ့မိသည့်အခါ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်ကူးမှုများကို ဆိုလိုပါတယ်။ Unbalance ဖြစ်သွားတဲ့လျှပ်စစ်က ဓာတ်အားလွှတ်ပစ္စည်းတွေ (Electrical Equipment) ကို ထိခိုက်နိုင်ပါတယ်။ အဲဒါအတွက် ဓာတ်အားခွဲရုံတွေမှာ အပြစ်ကာကွယ်ရေးစနစ်(Protection System) ကို တပ်ဆင်ထားပါတယ်။

လူနဲ့တိရစ္ဆာန်များကို လျှပ်စစ်ကူးတာနဲ့ပတ်သက်လို့ မီးကြိုးအပါအဝင် လျှပ်စစ်ကူးနေတဲ့ ပစ္စည်းတွေကို တည့်တည့်နဲ့ တိုက်ရိုက်ကိုင်မိရင်တော့ မြေဓာတ်မိရင် ဓာတ်လိုက်မှုအန္တရာယ်ဖြစ်ပြီး သေဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်ကူးပစ္စည်းများနဲ့နီးတဲ့သတ္ထုပစ္စည်းများ [ဥပမာ- ဓာတ်တိုင်၊ ထရန်စဖော်မာအိုးနားကခြံစည်းရိုး၊ ထရန်စဖော်မာ၊ မီးပူနဲ့ ပေါင်းအိုးစတာတွေရဲ့ အပေါ်အကာ(Body)၊ ဓာတ်တိုင်ဆိုင်းကြိုး စသည်] ကို လဲ သတ်မှတ် မြေဓာတ်ရအောင် ချရပါတယ်။ အဲဒါကို ကိုင်မိရင် ဓာတ်လိုက်မှုအန္တရာယ်မဖြစ်အောင်ပါ။

အဲဒီလို အန္တရာယ်မဖြစ်အောင်လို့ အထက်ကဖော်ပြခဲ့တဲ့ Unbalance ဖြစ်တဲ့လျှပ်စစ်တွေ စီးသွားမယ့် Neutral ကြိုး၊ မိုးကြိုးလျှပ်စစ်ဓာတ်အားကို မြေကြီးထဲ ထည့်ပစ်မယ့် မြေစိုက်ကြိုး၊ လူ၊ တိရစ္ဆာန်တွေကို အန္တရာယ်မဖြစ်အောင် အပေါ်က လျှပ်ကူးပစ္စည်းများနဲ့နီးတဲ့ပစ္စည်းများ ကို မြေဓာတ်ချတဲ့ကြိုးတွေကို မြေဓာတ်မိအောင်ချဖို့ မြေသားစမ်းသပ်မှုတွေနဲ့ နည်းပညာဆိုင်ရာ ဒီဇိုင်းတွက်ချက်မှုတွေ ပြုလုပ်ဆောင်ရွက် ရပါတယ်။

မြေကြီးကို လျှပ်စစ်ဓာတ်ချလိုက်ရင် ဘာဖြစ်မလဲပေါ့။ အရင် Post တွေမှာ မြေကြီးက လျှပ်ကူးပစ္စည်း (Conductor) တစ်ခုအနေနဲ့ အလုပ်လုပ်တယ်ဆိုတာ ‌ဖော်ပြပြီးဖြစ်ပါတယ်။ နောက်တစ်ခုက လျှပ်ကူးပစ္စည်း (Conductor)များမှာ  ခုခံမှု(Resistance) ရှိတယ် ဆိုတာလဲ ကျွန်တော်တို့ သိကြပါတယ်။ လျှပ်စစ်စီးဆင်းမှု ဆိုတာလဲ တွန်းအားဖြစ်တဲ့ ဗို့အားကြောင့် အမြင့်ကနေ အနိမ့်ဘက်ကို စီးတာသိပြီးဖြစ်ပါတယ်။ အဲတော့ တွန်းအားမရှိတဲ့ မြေကြီးထဲကို မလိုအပ်တဲ့ လျှပ်စစ်တွေ စီးသွားတာ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ကြီးမားမှုနဲ့ လျှပ်ကူးပစ္စည်း (Conductor) တွေရဲ့ ခုခံမှုတွေ (တနည်း- Resistive Load) ကြောင့် စီးဝင်သွားတဲ့ လျှပ်စစ် တွေက လျော့ပါးပျောက်ကွယ်သွားပါတယ်။

ဒီဇိုင်းတွက်ချက်တဲ့ဦးတည်ချက်ကတော့ ဓာတ်အားခွဲရုံ ဓာတ်အားလွှတ်ပစ္စည်းများ တပ်ဆင်ထားရာအဝန်းအဝိုင်း (Switchyard) ထဲမှာ ရှိတဲ့အရာများ [လျှပ်စစ်စီးနေသောနေရာကို မဆိုလိုပါ။ အဲဒါကို တိုက်ရိုက်ထိရင်တော့ ဓာတ်လိုက်ပြီး သေနိုင်ပါတယ်။ ထောက်တိုင်(Gantry)၊ ထရန်စဖော်မာအိုးအကာ(Transformer Body)၊ ခြံစည်းရိုး(Fence) စသည်တို့ကိုဆိုလိုပါတယ်] ကို ထိမိတဲ့အခါ ဖြစ်ပေါ်လာတဲ့ လက်နဲ့ မြေကြီးနဲ့ထိထားတဲ့ ခြေဖဝါး ကြားဗို့အား (Touch Voltage) နဲ့ ခြေဖဝါးနှစ်ခုကြားဗို့အား (Step Voltage) တို့သည် မြေဓာတ်ချထားတဲ့ မြေဓာတ်ချကွန်ယက် (Earthing Grid) ရဲ့ ဗို့အား (Earth Potential Rise) ကို တွက်ပြီးယှဉ်ကြည့်ဖို့ပါ။ Touch Voltage နဲ့ Step Voltage ပမာဏက Earth Potential Rise ပမာဏထက်များနေရပါမယ်။ ဒါမှသာ အစောက Gantry နဲ့ Transformer Body တို့မှာ လျှပ်စစ်ရှိနေရင် ဗို့အားနိမ့်တဲ့ Earthing Grid ဆီကို အရင်စီးသွားမှာပါ။ လူကိုအန္တရာယ်မဖြစ်စေတော့ဘူးပေါ့။

Electrical Power သမားများအသုံးဝင်မယ့် ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံမြေဓာတ်ချတာနဲ့ပတ်သက်ပြီး စဉ်းစား တွက်ချက်ပုံလေးကို ABDELHAY A. SALLAM OM P. MALIK ရဲ့ ELECTRIC DISTRIBUTION SYSTEMS စာအုပ်ထဲက ဥပမာ (၁) ခု လေ့လာဖော်ပြပေးလိုက်ပါတယ်။

 

System Voltage=

132

kV

System Fault Capacity(Sk)=

2000

MVA

Diameter of Earth Conductor(Dc)=

0.03

m

Fault Current(Isc)=

8.75

kA

Current Carrying Capacity of conductor for 30 s fault duration=

12.37

A/mm2

Human Body Resistance=

1000

Ohm

Human Withstand Current for 1s=

116

mA (116 for 50 kg, 157 for 70 kg)

Average Value of Soil Resitivity at site(ρsite)=

2000

Ohm-m (100 become to 2000 ohm for

Cruched Rock 0.5m covered Earth)

Earth Fault Clearance Time(tk)=

0.25

s

Total Length of Grid Conductor(L)=

8000

m

Grid Area(Ag)=

10000

m2

Grid Radius(r) =

56.42

m

Earth Mat Resistance(Rmat)=

9.113

Ohm

Earth Potential Rise(EPR)=

79717

V

If considering current diversity factor,Earth Potential Rise(EPR)=

47830

V

EPR due to Earth Rod Factor 12 time reduced and 0.2 Mesh=

794

V

Step Voltage, Foot to Foot(E step)=

3016

V

Touch Voltage, Hand to Foot (E touch)=

928

V

System Fault Capacity(Sk) ကတော့ အဲဒီ 132 kV ဓာတ်အားကွန်ယက်ကို Fault Analysis လုပ်ပြီး ရလာတဲ့ပမာဏ ဖြစ်ပါတယ်။ ကွန်ယက်ကြီးရင် Computer Software သုံးပြီးတွက်မှ ရပါတယ်။ Step Voltage ကိုတော့ Estep= Human Withstand Current / (Human Body Resistance+ 6x Soil Resistivity at site) ဆိုတဲ့ ဖော်မြူလာနဲ့တွက်ယူပါတယ်။ Touch Voltage ကိုတော့ Etouch= Human Withstand Current / (Human Body Resistance+ 1.5x Soil Resistivity at site) နဲ့တွက်ပါတယ်။ Earth Potential Rise ကိုတော့ EPR= Fault Currentx Earth Mat Resistance နဲ့တွက်ပါတယ်။ Earth Mat Resistance ကိုတော့ Rmat= (Soil Resistivity at site/ 4x Circular Radius of Grid Area) + (Soil Resistivity at site/ Total Length of Grid Conductor) နဲ့တွက်ပါတယ်။

တစ်စုံတစ်ခုအသုံးဝင်မယ်လို့ ယူဆပါတယ်.............

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျာ..............

Monday, February 6, 2023

Electrical Power သမားများအတွက် ဆက်သွယ်ရေးစနစ်များအကြောင်း

ဆက်သွယ်ရေးနည်းပညာက အင်ဂျင်နီယာဘာသာရပ်တစ်ခုအနေနဲ့ သီးသန့်ရှိပြီး ကျယ်ပြန့်တဲ့ဘာသာရပ်မို့ ၎င်းအင်ဂျင်နီယာများကဲ့သို့တော့ မသိပါဘူး။ ဒါပေမယ့် Power သမားတစ်ယောက်အနေနဲ့တော့ နည်းနည်း သိထားဖို့လိုမယ်လို့ထင်ပါတယ်။ သိသလောက်လေး လေ့လာပြီး ဖော်ပြပေးလိုက်ပါတယ်။

လျှပ်စစ်ကွန်ယက်လို့ခေါ်တဲ့ ဓာတ်အားပေးစက်တွေ၊ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေချိတ်ဆက်ထားတဲ့ စနစ်ကြီးတစ်ခုလုံးက အချိန်နဲ့အမျှ လှုပ်ရှားနေတဲ့ စနစ်ကြီးတစ်ခုပါ။ ဒါကိုတည်ငြိမ်နေအောင်လုပ်ဖို့ ကွန်ယက်ထဲ မှာရှိတဲ့ သက်ဆိုင်ရာ ထိန်းကျောင်းနေတဲ့ပုဂ္ဂိုလ်များက မိမိတို့အပိုင်းအလိုက် ထိန်းကျောင်း လုပ်ကိုင်လျက်ရှိပြီး တစ်နေရာနဲ့တစ်နေရာ အချိန်နဲ့အမျှ ဆက်သွယ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ ဒီလိုထိန်းကျောင်းတဲ့နေရာမှာ လူကလုပ်တာရှိသလို ယခုခေတ်မှာ စက်တွေက အလိုအလျောက်ထိန်းကျောင်းတဲ့ အပိုင်းတွေရှိလာပါပြီ။ ဒါကလဲ ဆက်သွယ်ရေးစနစ်ကို အသုံးချပြီးလုပ်လာကြတာပါ။

ဆက်သွယ်ရေးစနစ်များကို အဓိကသုံးတဲ့အပိုင်းများကတော့ စကားပြောဆက်သွယ်ခြင်း(Speech)၊ အပြစ် ကာကွယ်ရေးစနစ်(Protection System)  နဲ့ အချက်အလက်ရယူပေးပို့ခြင်းစနစ်(Data transmitted and received System)  တို့ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ လျှပ်စစ်ကွန်ယက်မှာ အသုံးပြုတဲ့ ဆက်သွယ်ရေးစနစ်ကို လေ့လာပြီးဖော်ပြပေးလိုက်ပါတယ်-

(၁) MICROWAVE SYSTEMS

(၂) UHF/VHF SYSTEMS

(၃) RADIO LINK SYSTEMS

(၄) FIBRE OPTIC SYSTEMS

(၅) TELEPHONE CABLE SYSTEMS

(၆) POWER LINE CARRIER COMMUNICATION (PLCC) SYSTEMS

ဆက်သွယ်ရေးစနစ်မှာ ကျွန်တော်တို့ ကြိမ်နှုန်း (Frequency) အကြောင်း လေ့လာဖို့တော့လိုမယ်ထင်ပါတယ်။ Power ပိုင်းမှာ သိပြီးဖြစ်တဲ့ လျှပ်စစ်ကွန်ယက်မှာရှိတဲ့၊ ကျွန်တော်တို့အိမ်မှာသုံးတဲ့မီးရဲ့ ကြိမ်နှုန်းက 50 Hz ဖြစ်ပါတယ်။ လူတွေစကားပြောရင်ထွက်တဲ့အသံ၊ ပတ်ဝန်းကျင်ကကြားနေရတဲ့ အသံတွေရဲ့ ကြိမ်နှုန်းက 20 Hz မှ 20 kHz ကြားရှိပါတယ်။ အလင်းကလည်း ကြိမ်နှုန်းပမာဏ တစ်ခုရှိတဲ့လှိုင်းပါပဲ။ အားလုံးက ဘာလှိုင်းတွေလဲ ဆိုတာ လေ့လာတော့ လျှပ်စစ်သံလိုက်လှိုင်း(Electromagnetic Wave) တွေ ဖြစ်ကြောင်း တွေ့ရပါတယ်။

အပေါ်ကဖော်ပြတဲ့စနစ်တွေကတော့ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ ကြိမ်နှုန်းပမာဏ အမျိုးမျိုးပေါ် အခြေခံတဲ့ နည်းပညာတွေပဲဖြစ်ပါတယ်။ အပေါ် (၃) မျိုးကတော့ ကြိုးမဲ့စနစ်တွေဖြစ်ပြီး အောက်က (၃) ခုကတော့ ကြိုးနဲ့ဆက်သွယ်အသုံးပြုရတာဖြစ်ပါတယ်။ တစ်ခုချင်းစီတိုင်းက နည်းပညာမျိုးဆက်တစ်ခုစီမို့ သက်ဆိုင်ရာ လုပ်ဆောင်တဲ့ နည်းပညာပုံစံတွေရှိပါတယ်။

ဒီနေရာမှာ ကြိမ်နှုန်းများတဲ့လှိုင်းတွေက ဝေးဝေးမြန်မြန်ရောက်ပြီး နည်းတဲ့လှိုင်းတွေက နီးနီးနှေးနှေးပဲရောက် တယ်ဆိုတာ တွေ့ရပါတယ်။ Data ပမာဏကတော့ အသုံးပြုတဲ့အမျိုးအစားရဲ့ တပ်ဆင်ထားတဲ့ အရွယ်အစားပမာဏ အပေါ်မူတည်ပါတယ်။ အမြန်ဆုံးကတော့ အားလုံးသိကြတဲ့အတိုင်း လေဆာအလင်းကို အသုံးချတဲ့ FIBRE OPTIC SYSTEMS ဖြစ်ကြောင်းပါ။

နောက်တစ်မျိုးသိရတာက တစ်ဘက်ကို စကားနဲ့ Data တွေပို့တဲ့အချိန်မှာ သုံးတဲ့ Analog နဲ့ Digital အကြောင်းပါ။ Analog ပုံစံနဲ့ပို့ရင် စကားနဲ့ Data တွေကို သယ်‌ဆောင်တဲ့ လျှပ်စစ်သံလိုက်လှိုင်းဖြစ်တဲ့ Carrier Wave ပေါ် ပေါင်းပြီးတင်ပေးပြီး ပို့ပါတယ်။ Digital ပုံစံနဲ့ပို့တာကတော့ Package လေးတွေလုပ်ပြီး Carrier Wave ပေါ်တင်ပို့တာလို့ သိရပါတယ်။

 POWER LINE CARRIER COMMUNICATION (PLCC) SYSTEMS စနစ်အကြောင်း ရှင်းပြထားတာလေး You Tube က တွေ့လို့ လင့်ချထားပေးပါတယ်။



တစုံတစ်ခုအကျိုးရှိကြပါစေဗျာ............

Sunday, January 29, 2023

ငှက်တွေဓာတ်မလိုက်ကြဘူးလား

 

ဒါကဓာတ်လိုက်မှုနဲ့ပတ်သက်ပြီး ဓာတ်ကြိုးပေါ်မှာ နားနေတဲ့ငှက်တွေဘာမှမဖြစ်ကြတာကို အံ့သြကြပါတယ်။ တကယ်တော့ အကြောင်းရင်းကိုသိရင် ကျွန်တော်တို့ မထူးဆန်း၊ မအံ့သြကြာတော့ပါဘူး။ အကြောင်းရင်း ကတော့ လျှပ်စစ်ရဲ့သဘောကို ချည်းကပ်လေ့လာရမှာဖြစ်ပါတယ်။ လျှပ်စစ်မှာ တွန်းအားတစ်ခုဖြစ်တဲ့ ဗို့အားဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ ဓာတ်အားလိုင်းတစ်လိုင်းအစပိုင်းနဲ့ အဆုံးပိုင်းမှာ ဓာတ်အားထုတ်တဲ့ ဓာတ်အားပေးစက်နဲ့မချိတ်ဘူးဆိုရင် သူတို့ရဲ့ ကြိုးထဲမှာရှိတဲ့ အမှုန်များ(အထူးသဖြင့်အီလက်ထရွန်)က တိမ်တိုက် (Cloud) အနေ့နဲ့ရှိပါတယ်။ တစ်ဘက်ကနေ့တွန်းအား(ဗို့အား) ရှိလာရင်တော့ တွန်းတဲ့ဘက်က တွန်းတဲ့ဗို့အား ပမာဏ တစ်ခုရှိလာပြီး အီလက်ထရွန်စီးဖို့ စလာပါတယ်။ အိမ်ကိုပေးတဲ့ဓာတ်အားလိုင်းတွေမှာ ဗို့အားက Single Phase (၂၃၀) ဗို့နဲ့ Three Phase (၄၀၀) ဗို့ ဆိုပြီးရှိပါတယ်။

ပထမဦးဆုံးသိသင့်တာက သတ္ထုနဲ့မြေဓာတ်အကြောင်းပါ။ သတ္ထုတွေမှာ ဓာတုဗေဒဖွဲ့စည်းပုံအရ လွတ်လပ် အီလက် ထရွန်(Free Electron) တွေ ပါဝင်ပြီး လျှပ်စစ်စီးစေနိုင်တဲ့ပစ္စည်းဆိုတာ လျှပ်စစ်အခြေခံရှိသူတိုင်း သိကြမှာပါ။ ကမ္ဘာမြေကြီးကျတော့ သံနဲ့နီကယ် သတ္ထုတွေအများဆုံးပါဝင်တဲ့ အဆိုင်အခဲကြီးဆိုတာ သိပြီးဖြစ်ပါ တယ်။ ဓာတ်အားလိုင်းကြိုးမှာသုံးတာက အလူမီနီယမ်နဲ့ ကြေး သတ္ထုတွေကိုသုံးပါတယ်။ လွတ်လပ်အီလက်ထရွန် (Free Electron) ပိုများလို့ပါ။ ဒီတော့ ကမ္ဘာမြေကြီးက ဓာတ်အားလိုင်းကြိုးလို အလုပ်လုပ်နိုင်တယ် ဆိုတဲ့ သဘောပါ။

နောက်ထပ်တစ်ခုသိသင့်တာက လျှပ်စစ်ရဲ့သွားနှုန်းပါ။ အလင်းရဲ့သွားနှုန်းနီးပါးရှိပါတယ်။

ကျွန်တော်တို့လျှပ်စစ်ဓာတ်အားကို ဓာတ်အားပေစက်ရုံကနေဓာတ်အားလွှတ်တဲ့အခါ သုံးတဲ့ Single Phase နဲ့ Three Phase အကြောင်း အရင်ပြောပြပြီးဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံကထုတ်တဲ့ဓာတ်အားက နောက်ဆုံး သုံးတဲ့နေရာအရောက် အသွားအပြန်သွားတတ်တဲ့သဘောရှိပြီး Single Phase မှာ Neutral ကြိုးကပြန်သွားပြီး Three Phase မှာတော့ သုံးကြိုးအလှည့်ကျသဘောနဲ့ (120 degree) ပြန်သွားပါတယ်။ သွားတဲ့အကြိမ်ရေက တစ်စက္ကန့်ကို ကျွန်တော့တို့သိတဲ့ Frequency (50) Hz ဖြစ်ပါတယ်။ အလင်းသွားနှုန်းနီးပါးနဲ့ ဖြစ်ပါတယ်။ ဥပမာတစ်ခုပြောရရင် လျှပ်စစ်စီးနေတဲ့ပစ္စည်းတစ်ခုခုမှာ မြေဓာတ်ကျတဲ့အပြစ် (Ground Fault) ဖြစ်လာပြီဆိုရင် အဲဒီဓာတ်အားတွေက မြေကြီးကတဆင့် ဓာတ်အားထုတ်တဲ့နေရာ၊ အနီးဆုံး မြေဓာတ်ချထားတဲ့ပစ္စည်းတွေ ဆီနဲ့ Earth Resistive Load တွေဆီကို စီးပါတယ်။ အလင်းသွားနှုန်းနီးပါနဲ့ပါ။

နောက်ဆုံးသိသင့်တာတစ်ခုက ဓာတ်အားလိုင်းအပါအဝင် ဓာတ်အားလွှတ်ထားတဲ့ပစ္စည်းတွေရဲ့ မြေဓာတ် ကင်းလွှတ်အကွာအဝေး(Ground Clearence) ပါ။ အရင် Post တွေမှာပါပါတယ်။ အဲဒီအကွာအဝေးလွတ်နေရင် လျှပ်စစ်က မြေကြီးကို မစီးပါဘူး။

ဒီလောက်ဆိုရင် ငှက်တွေဘာလို့ဓာတ်မလိုက်ကြတာလဲဆိုတာ သိနိုင်ပြီထင်ပါတယ်။ သူတို့လိုင်းတွေပေါ် နားတဲ့ အခါ ငှက်ရဲ့ အရွယ်အစားက တစ်ကြိုးနဲ့တစ်ကြိုးကြား၊ မြေဓာတ်နဲ့အကြားကင်းလွတ်အကွာအဝေးရှိနေလို့ပါ။ ငှက်ရဲ့အရွယ်အစားကြီးလို့ ကင်းလွတ်အကွာအဝေးမရှိတော့ရင် Phase ကြိုးတွေမှာဆိုရင် တစ်ကြိုးနဲ့တစ်ကြိုးကြား လျှပ်စစ်ကူးပြီး အပေါ်ကပြောတဲ့အလှည့်ကျသဘော (120 Degree) ပျက်ပြီး ဓာတ်လိုက်မှာပါ။ ဓာတ်အား လိုင်းအပေါ်မှာရှိတဲ့ မြေစိုက်ကြိုး၊ တာဝါတိုင်နဲ့ မြေကြီးတို့နဲ့ထိရင်တော့ မြေဓာတ်ကျပြီး လျှပ်စစ်ဖြတ်စီးလို့ ဓာတ်လိုက်မှာပါ။ တာဝါတိုင်များ၊ မြေစိုက်ကြိုးများက သတ်မှတ်နေရာတွေမှာ မြေဓာတ်ချထားတာရှိပါတယ်။ အဲလို ငှက်တွေဓာတ်လိုက်တဲ့ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ အရွယ်သေးတဲ့ငှက်တွေ၊ ကင်းလွှတ်အကွာအဝေး အတိုင်းရှိနေရင်တော့ ဓာတ်မလိုက်ဘူးပေါ့။

တော်တော်များများပြောနေကြလို့ ဗဟုသုတအနေနဲ့ဖော်ပြခြင်းပါ။

အားလုံးကျန်းမာချမ်းသာ၍ ဓာတ်လိုက်မှုအန္တရာယ်ကင်းဝေးကြပါစေဗျာ............

Friday, January 27, 2023

ဓာတ်အားပေးစက်ရုံ ဗို့အားထိန်းစနစ်(Excitation System of Power Station)

 

ဓာတ်အားပေးစက်ရုံရှိ ဗို့အားထိန်းစနစ်အား ဂျင်နရေတာ၏ ဗို့အားထွက်ရှိမှုကို ထိန်းချုပ်ရန် အသုံးပြုပါသည်။ ၎င်းသည် ဂျင်နရေတာ၏ Rotor သို့ ပေးပို့သော တိုက်ရိုက်လျှပ်စီးကြောင်း (DC Current) ပမာဏကို ထိန်းချုပ်ခြင်းဖြင့် အလုပ်လုပ်သည်။ ၎င်းလျှပ်စီးကြောင်းကို rotor သို့ပို့ပြီး သံလိုက်စက်ကွင်း(Magnetic Field) ဖန်တီး၍ လျှပ်ညှို့မှုဖြင့် stator အတွင်း လျှပ်စီးကြောင်းအပါအဝင် ဓာတ်အားများကို ထုတ်လုပ်ပေးသည်။ သံလိုက်စက်ကွင်း၏ သံလိုက်အမှုန် လှိုင်း(Magnetic Flux) များသည် ဗို့အားနှင့် တိုက်ရိုက်အချိုးကျပြီး Rotor အဝင်လျှပ်စီးကြောင်းကို ထိန်းချုပ်ခြင်းဖြင့် ဓာတ်အားပေးစက်အထွက်ဗို့အားကို ထိန်းချုပ်နိုင်ပါသည်။ ဗို့အားထိန်းကိရိယာ(Exciter) တွင် AC သို့ DC သို့ပြောင်းရန်  Rectifier နှင့် DC ဗို့အားအထွက်ကို ထိန်းချုပ်စနစ်တို့ ပါဝင်ပါသည်။ ၎င်းကို ပုံမှန်အားဖြင့် သီးခြား တာဘိုင် သို့မဟုတ် ပင်မဓာတ်အားထုတ်စက်(Main Generator) ဝင်ရိုးဖြင့် ချိတ်ဆက်မောင်းနှင်ပြီး ဓာတ်အားပေးစက်၏  လိုချင်သောအထွက်ဗို့အားကို ထိန်းသိမ်းရန် စက်ရုံ၏ ထိန်းချုပ်မှုစနစ်(Control System) ဖြင့် ထိန်းချုပ်ထားပါသည်။ ပုံမှန် အထွက်ဗို့အားထိန်းသည့် ရာခိုင်နှုန်းသည် ဓာတ်အားပေးစက်ရုံအမျိုးအစားနှင့် ဒီဇိုင်းအပေါ်မူတည်ပြီး  စက်၏ဗို့အား(Rated Voltage) ၏ +/- 1- 5% ကြား ဖြစ်ပါသည်။

ဗို့အားထိန်းစနစ်ချို့ယွင်းမှုဖြစ်ပေါ်ပါက လျှပ်စီးကြောင်းထုတ်မပေးနိုင်တော့သဖြင့် ဓာတ်အားပေးစက်မှ ဗို့အား အပါအဝင် ဓာတ်အားထွက်ရှိတော့မည် မဟုတ်ပါ။ စက်လည်နေရုံသာရှိမည်ဖြစ်ပါသည်။ သို့ရာတွင် မလိုလားအပ်သော နောက်ဆက်တွဲ သက်ရောက်မှုများ မရှိစေရန် ဗို့အားကျော်လွန်မှု(Overvoltage)၊ ဗို့အားလျော့ကျမှု(Undervoltage) ကာကွယ်သည့်စနစ် (Protection System)များကို တပ်ဆင်ကြပါသည်။

ဗို့အားနဲ့ဆက်စပ်ပြီး ဓာတ်အားပေးစက်တွေမှာ Leading(စော)/ Lagging(နောက်ကျ) ဖြစ်တဲ့ Reactive Power/ Power Factor အခြေအနေတွေကိုလည်း သိထားသင့်တယ်လို့ယူဆပါတယ်။ Leading ဖြစ်တဲ့အခြေအနေမှာ Reactive Power ကို ထုတ်ပေးပြီးတော့ Power Factor ကို Leading ဖြစ်စေတာ ကောင်းသော်လည်းပဲ ဗို့အားကို မြင့်မားစေတာက အတိုင်းအတာတစ်ခုထက်ကျော်လာရင် ဗို့အားပိုထုတ်မိခြင်း(Overexcitation) ဖြစ်တက်ပြီး ဓာတ်အားပေးစက်ကို ပျက်စီးစေနိုင်ပါတယ်။ Electrical Power သီးသန့်သမားတွေအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာကြပါစေဗျာ...............

ဓာတ်အားကွန်ယက်များတွင် အသုံးပြုလေ့ရှိသော WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း

  ဒီတစ်ခေါက်တော့ လျှပ်စစ်ဓာတ်အားကွန်ယက်မှာ SCADA စနစ်အပြင် အခြားသုံးတဲ့ WAMPAC (Wide Area Monitoring, Protection, and Control) အကြောင်း လေ့လ...