ဒီတစ်ခေါက်တော့ ဓာတ်တိုင်တို့အဖွဲ့ မနှစ်က
ကျောင်းပြီးသွားသည့် စီနီယာအကိုကြီး ကိုငှက်ကြီး၏ စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိနေသည်။
“ကိုငှက်… ဖုန်းထဲပြောသလိုပဲ…လက်တွေ့လုပ်ငန်းခွင်အကြောင်းလေး သိချင်လို့ လာကြတာပါ။
စာတွေ့လေးနဲ့ ဆက်စပ်ပြီး ရှင်းပြလို့ရရင်ရှင်းပြပါအုံးဗျ” ဟု ဓာတ်တိုင်ကပြောလိုက်ရာ
ကိုငှက်ကြီးက “မင်းတို့က ဓာတ်အားလိုင်းအကြောင်းသိချင်လို့လာတာ။ အခုငါတို့ Site က ဓာတ်အားခွဲရုံ
တည်ဆောက်တာကွ။ အဲတာအရင်ပြောမယ်လေ။ မင်းတို့လဲ အအေးသောက်ကြပါအုံး။ လိုင်းအတွက်တော့ ငါ
တခြား Site ကိုခေါ်သွားမယ်။ အဲကျမှ ရှင်းပြတာပေါ့….” ပြောရင်း မှတ်စုအချို့ကို လှမ်းယူလိုက်လေသည်။
ဓာတ်တိုင်က “ရပါတယ်ကိုငှက်… ကျွန်တော်တို့က ဘာသိရ သိရပါဗျ။ ခေါ်ရှင်းပြတာကို ပဲ ကျေးဇူးတင်နေပါပြီ။”
ဟု ပြောလိုက်လေသည်။
“အေးကွ… ဓာတ်အားခွဲရုံနဲ့ပတ်သက်တာကို
ကျောင်းမှာသင်ရတုန်းကတော့ ဒီလိုပြောထားတယ်ကွာ….. ပထမဦးဆုံး ကိုယ်ဓာတ်အားဖြန့်မယ့်နေရာရဲ့
Center လောက်ဖြစ်မယ့်နေရာ၊ ဓာတ်အားလိုင်းတွေအဝင်/ အထွက် လုပ်ဖို့ အဆင်ပြေမယ့်နေရာနဲ့
ကိုယ်လိုအပ်တဲ့နေရာအကျယ်အဝန်း စတာတွေကို အဓိကထားရွေးမယ်။ လူနေတဲ့ နေရာတွေနဲ့ တအားနီးလို့မရသလို
ဝေးလို့လဲမရဘူး၊ Operation လုပ်မယ့်လူတွေအတွက်ရော ထည့်စဉ်းစားရတာ ပေါ့ကွာ။ နောက်တစ်ခုက
ဓာတ်အားပေးစက်ရုံ၊ ဒါမှမဟုတ် ဓာတ်အားကွန်ယက်ကနေယူမယ်ဆိုလဲ အနီးဆုံး ဓာတ်အားကွန်ယက်နေရာ
စတာတွေကနေ ဘယ်လိုဗို့အားနဲ့ ဓာတ်အားလိုင်းသွယ်ပြီး ဒီကိုရအောင်ယူမလဲ။ ဒါက ကိုဖြန့်ဖြူးမယ့်ပမာဏနဲ့
တွက်ပြီး သင်တော်တဲ့ ဗို့အားစနစ်ကို ရွေးရမယ်။ ပြီးရင်တော့ ဓာတ်အားခွဲရုံ အတွင်းပိုင်း
ကို စစဉ်းစားရမှာပေါ့” ဟု တစ်ချက်နားရင်း ကွမ်းတစ်ယာ ထုတ်ဝါးလိုက်လေသည်။
အရှည်ကြီးက “ ကိုငှက်ကြီး… ပိတ်ရက်သာပြောတယ်
ဖုန်တလုံးလုံးနဲ့ အလုပ်တွေတော့ရှိနေတာပဲနော်” ဟု မေးလိုက်ရာ ကိုငှက်ကြီးက “ဒီနေ့တော့နားတယ်ကွ…
ဒါပေမယ့် ဓာတ်အားခွဲရုံပစ္စည်းတွေက ခုမှရောက်လာလို့ ပစ္စည်းချနေကြတာပါ။” ဟု ပြန်ဖြေလိုက်လေသည်။
ကိုငှက်ကြီးမှ ဆက်၍ “အစောကဟာပြန်ပြောမယ်..
ဓာတ်အားခွဲရုံရဲ့ မြေနေရာအကျယ်အဝန်းကို တွက်လို့ရဖို့ တို့က ဒီထဲမှာတပ်ဆင်မယ့်
Equipment တွေ…Busbar, Transformer, Lightning Arrester, Wave Trap, Capacitive
Voltage Transformer, Current Transformer, Circuit breaker, Disconnecting
Switch/ Earth Switch, Station Transformer, Shunt Reactor, Shunt Capacitor စတာတွေကို
ဘယ်လိုနေရာချမလဲဆိုတာကို Layout ချရမှာပေါ့ကွာ။ အဲတာတွေကို Control လုပ်မယ့်
Control Building၊ Cable Duct၊ Store၊ မီးစက်ထားမယ့်နေရာ၊ လုံခြုံရေး အဆောက်အဦးစတာတွေ
အကုန်ထည့်စဉ်းစား Layout နေရာချပြီးမှ အကျယ်အဝန်းရတာပေါ့ကွာ။ ဓာတ်အားခွဲရုံ
Control Building ထဲမှာလဲ ကိုယ်ထည့်မယ့် Control Panel, Switchgear, Battery Bank
and Charger, Communication Panel, Store, Meeting Room, Rest Room, စတဲ့ဟာတွေကိုလဲ
Layout ချပြီး Control Building အရွယ်အစားတွက်ရတယ်။ အဲတာတွေကို စဉ်းစားပြီး ရင်တော့
ဓာတ်အားခွဲရုံ အကျယ်အဝန်းကို ကောင်းကောင်းတွက်လို့ရပြီပေါ့” ဟုပြောရင်း ခဏနားလိုက်လေသည်။
ပြီးမှ “တို့ကျောင်းမှာသင်တဲ့ Load
Flow, Short Circuit, Transient, Insulation Coordination, Earthing, Overhead
Grounding, Protection, စတာတွေကိုကို ဒီမှာ အကုန်ထည့်စဉ်းစားပြီး ဒီဇိုင်းလုပ်ရတာကွ၊
ကျောင်းစာတွေတော့ မမေ့လိုက်ကြနဲ့၊ အဲဒါတွေကိုပဲ လက်တွေ့မှာသုံးကြတာ၊ တစ်ခုတော့ရှိတာပေါ့၊
ကိစ္စရပ် တိုင်းတော့ တွက်စရာမလိုပါဘူး။ နိုင်ငံတကာမှာတော့ ကိုယ့်နေရာဒေသရဲ့ ရာသီဥတု၊
မြေအမျိုးအစား၊ မိုးကြိုးပစ် အကြိမ်ရေ၊ လေတိုက်နှုန်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့်စတဲ့
သက်ရောက်နိုင်တဲ့ Design Condition တွေကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ ဗို့အားပမာဏ၊
သယ်ယူမယ့်ပမာဏအလိုက် Standard သတ်မှတ်ထားတော့ အဲအတိုင်း Follow လုပ်ပြီး တိုက်ရိုက်အသုံးချလို့ရတယ်။
ဒီမှာလဲ အဲလိုပါပဲ။ မြန်မာ Standard အနေနဲ့တော့ မထွက်သေးပေမယ့် တို့အင်ဂျင်နီယာလောကမှာတော့
သတ်မှတ်ပြီးသုံးတာတွေ ရှိပါတယ်။ အချိန်တိုင်း Detailed Analysis လုပ်စရာမလိုတော့ဘူးပေါ့။
မင်းတို့ဒီအထိ နားလည်လားမသိဘူး” ဟုမေးလိုက်ရာ မှန်ကြောင်က “အများကြီးပဲ ကိုငှက်…. ချက်ချင်းတော့လိုက်မမှီဘူး၊
စာတွေကလဲ ဒီနှစ်အတွက်ပဲ မှတ်ထားတာ.. ဟဲ…ဟဲ…” ဟု ပြန်ဖြေလိုက်လေရာ ကိုငှက်ကြီးက “ အေး
တို့လဲအဲလိုပါပဲကွာ၊ အလုပ်ထဲရောက်မှာ စာတွေ့နဲ့လက်တွေ့ ပြန် ပေါင်းကြည့်နေရတာကွ…ဟား…ဟား…”
ဟုပြောကြရင်း ခဏမျှ တိတ်ဆိတ်သွားလေသည်။ ဓာတ်တိုင်တို့ အဖွဲ့က အတွေးတွေနဲ့ အရင်ကမှတ်မိသမျှတွေဖြင့်
ပုံဖော်နေကြသည်။
ကိုငှက်ကြီးမှ “မင်းတို့ကို ဒီနေရာမှာ
မြို့ပြအင်ဂျင်နီယာအပိုင်းကို မပြောရသေးဘူး၊ မြို့ပြအင်ဂျင်နီယာ အပိုင်းအနေနဲ့ တို့တပ်မယ့်
ပစ္စည်းတွေရဲ့အလေးချိန်၊ Busbar ကြိုးတွေရဲ့ ဆွဲအား၊ လေတိုက်နှုန်း၊ မြေငလျှင်၊ မိုးရေချိန်၊
မြေမျက်နှာပြင်အနိမ့်အမြင့်၊ မြေအမျိုးအစား စတာတွေကို အချက်အလက်ရယူပြီး မြေပြင်ခြင်း၊
Foundation ပြုလုပ်ခြင်း၊ ထရန်စဖော်မာအတွက် ဆီစုကန်ပြုလုပ်ခြင်း၊ လမ်းခင်းခြင်း၊ မြေထိန်းနံရံလိုအပ်ရင်
ထည့်သွင်းပြုလုပ်ခြင်းနဲ့ ခြံစည်းရိုး၊ ရေ/
မီး စတာတွေကို လုပ်ကြရတယ်။ သူတို့လဲ လုပ်ငန်းအားလုံးကို ဒီဇိုင်းတွေ အသေးစိတ်တွက်ချက်ပြီး
လုပ်ကြရတာပဲ……..နောက်ဆုံးကတော့ လူမှုပတ်ဝန်းကျင်နဲ့သဘာဝပတ်ၒန်းကျင် ထိခိုက်မှုမရှိဖို့ပေါ့။
ဒီလုပ်ငန်းတွေမစခင်ကတည်းက စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ငန်းပမာဏ၊ လျာထားကာလ၊ သဘာဝနှင့်
လူမှုပတ်ဝန်းကျင်ထိခိုက်နိုင်ခြေတွေ၊ လူထုနဲ့သဘာဝပတ်ဝန်းကျင်အတွက် စီမံဆောင်ရွက်ပေးနိုင်
တာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စတာတွေကို လူထုကိုချပြရှင်းလင်းပြီး ဆောင်ရွက်ရတာပေါ့။
ကမ္ဘာက ပူးနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုတွေဖြစ်နေတာဆိုတော့ ဒီအချက်ကလည်း စဉ်းစားလုပ်ဆောင်ဖို့
လိုတဲ့ အချက်ပဲကွ….အေး… ငါပြောပြခဲ့တာတွေကတော့ တို့ဓာတ်အားခွဲရုံစီမံကိန်းနဲ့ပတ်သက်ပြီး
အကြမ်းဖျဉ်းရှင်းပြ တာ။ မင်းတို့ သိချင်တာရှိရင်မေးပေါ့။” ဟုပြောလိုက်ရာ ဖက်တီးက “မေးစရာတွေတော့
ပုံလို့ပဲ၊ ကိုငှက်ကြီးအချိန်ရပါ့မလားလို့……တော်ကြာ ကျတော်တို့မေးတာတွေများလို့ စိတ်ညစ်သွားမယ်…”
ဟု ပြန်ဖြေ လိုက်ရာ “ရပါတယ်ကွ….သိတာတွေဖြေမှာပေါ့။ မေးစရာရှိရင်မေးပါ။ အချိန်ရပါတယ်ကွာ…”
ဟု ကိုငှက်ကြီးမှ ပြောလေသည်။
ဖက်တီးကဆက်၍ “Busbar ဆိုတာကနေစရမှာပဲ
ကိုငှက်ကြီး၊ ကျွန်တော်တို့သင်ရတာတော့ Single
bus, Double bus, double breaker, Main and transfer (inspection) bus, Double
bus, single breaker, Ring bus, Breaker and a half ဆိုပြီးသင်ရတယ်၊ ကိုငှက်ကြီးတို့က
ဘယ်လို Bus သုံးမှာလဲ” ဟုမေးရာ “ဟ..ဖက်တီးကဘယ်ဆိုးလို့တုန်း၊ အေး….တို့သုံးမှာက Double
bus, single breaker ကိုသုံးမှာကွ။ အကောင်းဆုံးကတော့ Double bus, double breaker ပေါ့ကွာ။
ဒါပေမယ့် ဖီဒါတိုင်းမှာ Circuit Breaker တစ်လုံးပိုတော့ ဈေးပိုကြီးတာပေါ့။ Single
bus ကတော့ ကုန်ကျစရိတ်သက်သာပေမယ့် Reliable မဖြစ်ဘူးကွ။ တစ်ခုခုဖြစ်ရင် ခွဲရုံတစ်ခုလုံးပိတ်ပြစ်ရမှာ။
အဲတော့ ဆက်ထားတဲ့လိုင်းတွေ Link မရှိတော့ဘူး။ ဓာတ်အားပြတ်ချိန်များတာပေါ့ကွာ။ Breaker
and a half ကတော့ Double bus, double breaker ထက် ကုန်ကျစရိတ်သက်သာပေမယ့် Double
bus, single breaker လောက်တော့လဲ မသက်သာပြန်ဘူး။ နှစ်ဖီဒါကို Breaker တစ်ခု အပိုပေါင်းထားတာပေါ့။
Ring bus ကတော့ တို့ Transmission မှာ သုံးခဲတယ်ကွ။ Distribution တွေ၊ ဓာတ်အားပေးစက်ရုံတွေမှာ
သုံးတယ်။ Bus Section ဖြတ်ပြီး လိုသလိုလုပ်လို့ရတော့ Maintenance အတွက်တော့ ကောင်းတယ်ကွ။
နေရာတော့ယူတာပေါ့ကွာ။ Main and transfer (inspection) bus ကတော့ သူများနိုင်ငံတွေမှာသုံးတယ်ကွ။
ဒီမှာတော့ သိပ်မသုံးကြဘူး။ ဒီကောင်ကတော့ ကုန်ကျစရိတ်က Single bus ထက် နဲနဲပဲပိုကုန်ပြီး
Maintenance အတွက်ပိုအဆင်ပြေတယ်။ Transfer Bus ပေါ် လိုင်းတွေ ခဏတင်ထား ချိန်တော့
Protection အခက်အခဲလေး နဲနဲရှိတာပေါ့ကွာ။ Double bus, single breaker လောက်တော့
Reliable မဖြစ်ပေမယ့် Grid ထဲက ခွဲရုံမဟုတ်ရင်တော့ သုံးသင့်တယ်ကွ။” ဟု ရှင်းပြ၏။
အညာသားက “ဒါဆိုရင် ကိုငှက်ကြီး ကြိုးကိုသုံးတဲ့ဟာနဲ့
ပိုက်ကိုသုံးတဲ့ဟာကရော ဘာကွာလဲကိုငှက်ကြီး။ ကိုငှက်ကြီးတို့ကရော ဘာသုံးမှာလဲ” ဟုမေးရာ
“တို့သုံးမှာကတော့ ကြိုးကွ၊AAC လို့ခေါ်တယ်။ All Aluminum Conductor ပေါ့ကွာ။ ပိုက်ကလဲ
Aluminum ပါပဲ။ အားသာချက် အားနဲချက်ကတော့ ကိုယ်စီပါပဲကွာ။ ကြိုးက တပ်ရတာ၊ လဲရတာ၊ သိမ်းဆည်းရတာ
လွယ်ကူတယ်ကွ။ ပိုက်ကတော့ သူ့လောက်မလွယ်ပေမယ့် ခက်တော့မခက်ပါဘူး။ Surface Current စီးတဲ့နေရာကျတော့
ကြိုးကသာတယ်။ သူ့ကို Bus Gantry ပေါ်မှာ ကြွေသီးနဲ့ Beam တွေကြားမှာ ချိတ်တဲ့အခါ ကြိုးက
ပေါ့တယ်၊ တင်းအား၊ အလေးချိန်သက်သာတယ်။ ပိုက်ကျတော့ ပိုလေးတာပေါ့ကွာ။ နောက်တစ်ခုက ဗို့အားမြင့်တွေသုံးတဲ့နေရာမှာ
Corona Effect ဆိုတာရှိသေးတယ်။ အဲတာကို ကြိုးမှာ Bundle(၂ ကြိုး၊ သုံးကြိုးစသည်) များများသုံးပြီး
ဖြေရှင်းလို့ရပေမယ့် ပိုက်ကို အဲလိုသုံးရင်တော့ အဆင်မပြေဘူး။ ကောင်းတာတော့ ပိုက်တွေကို
ဗို့အားလတ်၊ ဗို့အားနိမ့်တွေမှာ သုံးတာကောင်းတာပေါ့ကွာ။ အဲလိုပြောလို့ ဗို့အားမြင့်မှာ
မသုံးဘူးလားဆိုတော့လဲ မဟုတ်ပါဘူး။ အစောကပြောတဲ့ ဟာတွေကို ဖြေရှင်းနိုင်ရင် သုံးလို့ရပါတယ်။
သုံးလဲသုံးကြတယ်။” ဟု ပြန်လည် ရှင်းပြလေသည်။
No comments:
Post a Comment