အင်ဂျင်နီယာဘာသာရပ်အရ မဟာဓာတ်အားလိုင်းကွန်ယက် (National Grid) တစ်ခု တည်ငြိမ်ဖို့ဆိုရင် ထုတ်လုပ်မှု (Generation) နဲ့ သုံးစွဲမှု (Demand) စက္ကန့်မလပ် မျှခြေ ရှိနေရပါမယ်။ အကယ်၍ ဝန်အားလိုအပ်ချက်က ထုတ်လုပ်နိုင်စွမ်းထက် လွန်ကဲလာပါက စနစ်တစ်ခုလုံး ပြိုလဲခြင်း (Total Grid Collapse) မဖြစ်စေရန် အင်ဂျင်နီယာများက ဝန်အားလျှော့ချခြင်း (Load Shedding) ကို စနစ်တကျ လုပ်ဆောင်ကြရပါတယ်။
ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာ ဝန်အားခွဲတမ်းချစနစ်ကို ကျင့်သုံးနေရတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသား ဓာတ်အားလိုင်း ကုမ္ပဏီ (Eskom) ရဲ့ နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲပုံကို လေ့လာကြည့်ပါမယ်။
Eskom ရဲ့ နည်းပညာဆိုင်ရာ ဝန်အားလျှော့ချမှုအဆင့်များ (Load Shedding Stages)
Eskom ဟာ မဟာဓာတ်အားလိုင်းကွန်ယက်အတွင်း သုံးစွဲတဲ့ ဝန်အား(Demand) အပေါ် မူတည်ပြီး Stage 1 ကနေ Stage 8 အထိ သတ်မှတ်ကာ ဓာတ်အားခွဲဝေမှု လိုင်းအသီးသီး (Feeders) တွေကို အလှည့်ကျစနစ် (Rotational Shedding Matrix) နဲ့ ထိန်းချုပ်ပါတယ်။ Stage ၁ ဆင့် တိုးလာတိုင်း Grid ပေါ်ကနေ 1,000" MW" (မဂ္ဂါဝပ်) စီ ဝန်အားကို လျှော့ချရပါတယ်။
Stage 1: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 1,000" MW" အထိ ရှိနေချိန် ဖြစ်ပါတယ်။ ထုတ်လုပ်ပေးနိုင်မှု ကုန်သွားတဲ့အခါ အလှည့်ကျစနစ်အရ ၄ ရက်တာ ကာလအတွင်းမှာ (၃) ကြိမ်ခန့်၊ တစ်ကြိမ်လျှင် ၂ နာရီခွဲခန့် ဝန်အားလျှော့ချရပါတယ်။
Stage 2: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 2,000" MW" အထိ ရှိလာချိန် ဖြစ်ပြီး၊ ၄ ရက်အတွင်း (၆) ကြိမ်ခန့် (တစ်ကြိမ်လျှင် ၂ နာရီခွဲ) ဝန်အားလျှော့ချရပါတယ်။
Stage 4: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 4,000" MW" အထိ ရောက်ရှိလာချိန် ဖြစ်ပါတယ်။ ၄ ရက်တာ ပတ်လည်အတွင်းမှာ ၁၂ ကြိမ်ခန့် (တစ်ကြိမ်လျှင် ၂ နာရီခွဲ) အထိ ခွဲတမ်းချ ဝန်အားလျှော့ချရပါတယ်။
Stage 6 & 8: Grid အတွင်း သုံစွဲမှုများလာလို့ ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် 6,000" MW" မှ 8,000" MW" အထိ အစွန်းရောက် လိုအပ်လာချိန် ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ စက်မှုဇုန်များနှင့် လူနေရပ်ကွက် လိုင်းများကို တစ်ရက်လျှင် အနည်းဆုံး ၈ နာရီမှ ၁၂ နာရီအထိ အလှည့်ကျစနစ်ဖြင့် ဝန်အားလျှော့ချရပြီး Grid ပြိုလဲမသွားအောင် ကာကွယ်ရပါတယ်။
ဒါ့အပြင် Eskom ရဲ့ အင်ဂျင်နီယာတွေ ရင်ဆိုင်ရတဲ့ အကြီးမားဆုံးပြဿနာတစ်ခုကတော့ Cold Load Pickup ဖြစ်စဉ် ဖြစ်ပါတယ်။
ဓာတ်အားလိုင်းတစ်ခုကို နာရီအတော်ကြာ ပိတ်ထားပြီးနောက် ပြန်လည်ဓာတ်အားလွှတ်တဲ့အခါ (Re-energize လုပ်တဲ့အခါ) အိမ်တွေမှာ ရှိတဲ့ ရေခဲသေတ္တာ၊ အဲယားကွန်းနဲ့ မော်တာတွေက တစ်ပြိုင်နက်တည်း အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။ အဲဒီအခါ အစောပိုင်း မော်တာနှိုးဆွဲအား (Inrush Current) ကြောင့် ပုံမှန်ရှိရမယ့် ဝန်အားထက် (၄) ဆမှ (၆) ဆအထိ ရုတ်တရက် မြင့်တက်သွားတတ်ပါတယ်။
ဒီလို မြင့်တက်မှုကို မထိန်းနိုင်ရင် Substation က Circuit Breaker တွေပါ ထပ်မံ Tripping ကျ (လိုင်းကျ) တတ်တဲ့အတွက် စနစ်ထိန်းချုပ်သူတွေဟာ လိုင်းတွေကို တစ်ပြိုင်နက်တည်း မလွှတ်ဘဲ ခွဲခြားပြီး တဖြည်းဖြည်းချင်း လွှတ်ရတဲ့ စနစ်ကို ကျင့်သုံးကြရပါတယ်။
တောင်အာဖရိကရဲ့ ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဝန်အားလျှော့ချခြင်း(Load Shedding) ဆိုတာ ဓာတ်အားသုံးချင်တဲ့ ပမာဏများပြီး ထုတ်လုပ်နိုင်မှုက တိုးမထုတ်နိုင်တော့တဲ့ အခြေအနေမှာ "ဓာတ်အားကွန်ယက်တစ်ခုလုံး ပြိုလဲမသွားစေရန် ပညာရပ်ဆိုင်ရာအရ တွက်ချက်ထိန်းညှိရတဲ့ နည်းပညာဆိုင်ရာ မလွှဲမရှောင်သာ စနစ်တစ်ခု" ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ ဒီလိုမှမလုပ်ရင် ထုတ်လုပ်နေတဲ့ပမာဏနဲ့ သုံးစွဲနေတဲ့ပမာဏက မျှမနေတော့ပဲ ဓာတ်အားကွန်ယက်တစ်ခုလုံး ပြိုလဲသွားရင် ဘယ်နေရာကိုမှ မီးပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ပြိုလဲသွားလို့ ပြန်တည်ဆောက်နေချိန်အတွင်းမှာလဲ ဓာတ်အားမရနိုင်တာရှိလာမှာဖြစ်ပါတယ်။ ထပ်ပြီး အလှည့်ကျပိတ်ရမယ့် နေရာက အချိန်ရောက်လာလို့ ဝန်အားလျော့ခံရတဲ့အခါ ဓာတ်အားကွန်ယက်ပြိုလဲတုန်းက အချိန်နဲ့ အလှည့်ကျ ပိတ်တဲ့အချိန်ပေါင်းပြီး ဓာတ်အားပြတ်တောက်နေအုံးမှာ ဖြစ်ပါတယ်။
တောင်အာဖရိကရဲ့ ဝန်အားလျော့ချရတဲ့အခြေအနေကို CSIR (Council for Scientific and Industrial Research) - South Africa က အချက်အလက်များကို ပုံပါအတိုင်းတွေ့ရပါတယ်။
ဒါတွေကို ဖြေရှင်းဖို့ သူတို့ကတော့ Demand Management Program ဆိုပြီး အမြင့်ဆုံးသုံးစွဲဝန်အားအခြေအနေကို ပြောင်းခြင်း(Peak Load Shifting) ကို ပြုလုပ်ဖို့ သက်ဆိုင်ရာ ဖြန့်ဖြူးရေးကုမ္ပဏီတွေကို အဆိုပြုချက်တွေ တောင်းတာ တွေ့ရပါတယ်။ သုံးစွဲမှုနည်းချိန်တွေမှာ ဓာတ်အားခကိုလျော့ချပေးတာမျိုးပါ။
တစ်စုံတစ်ခုအသုံးဝင်မယ်လို့ ယူဆပါတယ်။
Website Reference Link- CSIR (Council for Scientific and Industrial Research) - South Africa: https://www.csir.co.za

No comments:
Post a Comment