Sunday, November 27, 2022

လျှပ်စစ်အသုံးအနှုန်းများ

လျှပ်စစ်နဲ့ပတ်သက်ပြီး အခြေခံအသုံးအနှုန်းများကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်......

လျှပ်စီး(Current)

လျှပ်ကူးပစ္စည်းဖြစ်သော ဓာတ်ကြိုးများအပါအဝင် သတ္တုပစ္စည်းများအတွင်းရှိ အီလက်ထရွန်(Electron)အမှုန်များ ရွေ့လျားစီးဆင်းမှုဖြစ်ပေါ် ခြင်းကို လျှပ်စီးဟုခေါ်ဆိုကြပါတယ်။ လျှပ်စီးနှစ်မျိုးရှိပြီး တစ်ဘက်တည်းတိုက်ရိုက် စီးသော တိုက်ရိုက်လျှပ်စီး(Direct Current- DC) နဲ့ နှစ်ဘက်အပြန်အလှန်စီးသော အပြန်အလှန်လျှပ်စီး (Alternative Current- AC) တို့ ဖြစ်ပါတယ်။ သူ့ကိုတိုင်းတာ တာကတော့  အမ်ပီယာ(Ampere) နဲ့ တိုင်းတာပါတယ်။ လျှပ်စစ် ခုခံမှု(Resistance) တန်ဖိုး 1 ohm ရှိနဲ့ ပစ္စည်းကို လျှပ်စစ် တွန်းအား (Voltage) တန်ဖိုး 1 Volt နဲ့ ကြွေးထားရင် အဲဒီမှာ စီးမယ့်လျှပ်စီးက 1 Ampere ရှိတယ်လို့ ဆိုပါတယ်။

တွန်းအား (ခေါ်) ဗို့အား (Voltage)

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဓာတ်ကြိုးများအပါအဝင် သတ္တုပစ္စည်းများအတွင်းရှိ အီလက်ထရွန်(Electron) အမှုန်များ ရွေ့လျားစီးဆင်းဖို့ တွန်းအားကို လျှပ်စစ် တွန်းအား (ခေါ်) ဗို့အား လို့ဆိုကြပါတယ်။ တိုင်းတာတဲ့ ယူနစ်ကတော့ ဗို့ (Volt) ဖြစ်ပါတယ်။ တိုက်ရိုက်လျှပ်စီးအတွက် DC Voltage(ဥပမာ- ဘတ္ထရီဗိုအား၊ DC Generator) ကို သုံးပြီး၊ ပြန်လှန်လျှပ်စီးအတွက် AC Voltage(ဥပမာ- AC Generator) ကို သုံးပါတယ်။ လျှပ်စစ်ပစ္စည်းတွေများလဲ DC သုံးတာနဲ့ AC သုံးတဲ့ ပစ္စည်းများ အမျိုးမျိုးရှိကြပါတယ်။ အိမ်တွေမှာ မီးလိုင်းက လာတာကတော့ AC လျှပ်စစ် ဖြစ်ပါတယ်။

စွမ်းအား (ခေါ်) ပါဝါ (Power)

စွမ်းအားဆိုတာကတော့ အထက်က ဗို့အားနဲ့ လျှပ်စီး ထပ်တူကျပြီး ပို့လွှတ်သုံးစွဲနေမှုလို့ ဆိုကြပါတယ်။ တိုင်းတာတဲ့ယူနစ်ကတော့ ဝပ်(Watt) ဖြစ်ပါတယ်။

စွမ်းအားယောင် (Reactive Power)

စွမ်းအားယောင်ဆိုတာကတော့ လျှပ်ညှို့မှု၊ လျှပ်သိုမှုတွေကြောင့် ဗို့အားနဲ့ လျှပ်စီး ထပ်တူမကျနိုင်ပဲ ပို့လွှတ်သုံးစွဲနေရမှုလို့ ဆိုကြပါတယ်။ တိုင်းတာတဲ့ယူနစ်ကတော့ ဗား(Var) ဖြစ်ပါတယ်။ ဒီတန်ဖိုးကတော့ အပြင်မှာ မရင်းနှီးတဲ့အခေါ်အဝေါ်ဖြစ်ပေမယ့် ကျွန်တော်တို့ AC လျှပ်စစ်ကို သုံးမယ်ဆိုရင် မဖြစ်မနေ စဉ်းစားရမယ့်အရာပါ။

တပ်ဆင်အင်အား (Apparent Power)

တပ်ဆင်အင်အားဆိုတာကတော့ ကျွန်တောတို့သုံးမယ့် ဝန်အားကို တွက်ရာမှာ စဉ်းစားရတဲ့ပမာဏ ဖြစ်ပါတယ်။ ဗို့အားနဲ့ လျှပ်စီး ထပ်တူကျတာရော၊ မကျတာရော ပေါင်းစပ်ထားတဲ့ပမာဏ ဖြစ်ပါတယ်။ တိုင်းတာတဲ့ယူနစ် ကတော့ ဗို့အမ်ပီယာ(VA) ဖြစ်ပါတယ်။ လမ်းပေါ်ကထရန်စဖော်မာအိုးနဲ့ အိမ်ကသုံးတဲ့ပစ္စည်းတွေရဲ့ တပ်ဆင်အင်အားကို ဒီယူနစ်နဲ့ဖော်ပြကြတာတွေ့ကြမှာပါ။ လျှပ်စစ်ပစ္စည်းများကို သုံးစွဲဖို့၊ အသုံးချဖို့လုပ်တဲ့အခါ ဒီတပ်ဆင်အင်အားကို ဒီဇိုင်းပြုလုပ်တွက်ချက်ရတာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားကိန်း (Power Factor)

ဒါကတော့ AC လျှပ်စစ်မှာ လျှပ်စီးကို ညှို့တဲ့အရာ လျှပ်ညှို့မှု (Inductance) နဲ့ ဗို့အားကိုသိုလှောင်တတ်တဲ့အရာ လျှပ်သိုမှု (Capacitance) တွေကြောင့် လျှပ်စီးနဲ့ ဗို့အားတို့ တစ်ထပ်တည်းမကျနိုင်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကွာဟမှုလို့ ဆိုကြပါတယ်။ လျှပ်ညှို့မှုကြောင့် ဗို့အားတွန်းသလောက်လျှပ်စီးကမစီးနိုင်တာ လျှပ်သိုမှုက ပြန်ထွက်တဲ့ ဗို့အားကြောင့် ဗို့အားထပ်ပေါင်းတာတွေ ဖြစ်ပေါ်တဲ့အခါ တွန်းသလောက်စီးနေခြင်းမဖြစ်တာကို ဆိုလိုတာပါ။ Power Factor ရဲ့ အကောင်းဆုံးအချိန်ကတော့ 1 ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်တွေကို ရောက်လာတာကတော့ တစ်ခါတစ်လေ 1 ဖြစ်ချင်မှ ဖြစ်တာပါ။

လိုင်းခွဲအသွင် (ခေါ်) ဖေ့စ်(Phase)

လျှပ်စစ်လိုင်းတွေကို တစ်လိုင်းခွဲအသွင်(Single Phase) နဲ့ သုံးလိုင်းခွဲအသွင် (Three Phase) ဆိုပြီး ကြားဖူးကြမှာပါ။ လျှပ်စစ်ဓာတ်အားထုတ်တဲ့နေရာကနေ သုံးချင်တဲ့ဒေသ၊ နေရာတွေကိုပို့ဖို့ ကျွန်တော်တို့ဟာ တစ်လိုင်းခွဲအသွင်(Single Phase) နဲ့ချည်း ပို့မယ်ဆိုရင် တပ်ဆင်ရတဲ့ ကြိုး၊ တိုင်နဲ့ ဆက်စပ်ပစ္စည်းတွေ များစွာ လိုအပ်မယ်ဆိုတာ စဉ်းစားကြည့်ယုံနဲ့ သိနိုင်မှာပါ။ အဲဒီတော့ Neutral ကြိုးကို ပေါင်းပြီး တစ်လိုင်းတည်းနဲ့ ကျန်လိုင်းခွဲအသွင်လိုင်းတွေရောပြီး ပို့လွှတ်ဖို့ စမ်းသပ်ကြတဲ့အခါ သုံးလိုင်းခွဲအသွင် (Three Phase) နဲ့ Neutral တစ်လိုင်း ပို့လွှတ်ရင် ပါဝါများများသယ်နိုင်သလို ရှုပ်ထွေးမှုလည်းနည်းသွားတာကို တွေ့ရှိကြပါတယ်။ ဒီနေရာမှာ Neutral လိုင်းလို့ခေါ်ကြတာက သဘာဝမြေကြီးဓာတ်လျှပ်စစ်အခြေ 0 Volt နဲ့ အတူတူမို့ Neutral လို့ ခေါ်ဆိုကြတယ်လို့ သိရပါတယ်။ အဲဒီ Neutral တစ်လိုင်းကိုလည်း ထပ်ပြီး လျော့ချဖို့စဉ်းစားတဲ့အခါ ကျွန်တော်သို့ သဘာဝ Neutral ဖြစ်တဲ့ မြေကြီးဓာတ်ကို တွေ့ရှိပြီး မြေစိုက်ကြိုးလုပ်၍ သဘာဝမြေကြီးကို Neutral တစ်လိုင်း အဖြစ်ပြုလုပ်ပြီး သုံးလိုင်းခွဲအသွင် (Three Phase) သုံးကြိုးတည်းနဲ့ ပို့လွှတ်ကြပါတယ်။ ဒါပေမယ့် အိမ်တွေကို ပို့လွှတ်တဲ့နေရာမှာတော့ မြေဓာတ်စမ်းသပ်မှု၊ မြေဓာတ်ချမှုစရိတ်တွေကို လျော့ချနိုင်ဖို့ သုံးလိုင်းခွဲအသွင် (Three Phase) နဲ့ Neutral တစ်လိုင်း ပို့လွှတ်ပေးပါတယ်။ တချို့ကတော့ ပိုစိတ်ချရအောင် အိမ်ရောက်လာတဲ့ Neutral တစ်လိုင်းကို မြေဓာတ်ချကြပါတယ်။ စိတ်မချရဘူးဆိုတာက မိမိသုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေ ပတ်လမ်းတို (Short Circuit) ဖြစ်တဲ့အချိန်၊ မှားချိတ်မိတဲ့အချိန်နဲ့၊ ကြိုးပေါက်နေတဲ့အချိန် စတဲ့ Neutral လိုင်း‌ပေါ်ကို လျှပ်စီးစီးပြီး ဗို့အားဖြစ်ပေါ်နေတဲ့အခါ သဘာဝ 0 Volt အခြေမှာ မဟုတ်တာကို ပြောတာပါ။

ခုခံမှု(Resistance)

လျှပ်စစ်ထုတ်တဲ့စက်ကနေ မိမိသုံးတဲ့ပစ္စည်းတွေအထိ လျှပ်စစ်စီးတဲ့တစ်လျှောက်မှာ လျှပ်စီးကို ခုခံမှုတွေ ရှိပါ တယ်။ အခုနောက်ပိုင်းတော့ မြေရှားသတ္တူကနေ ခုခံမှု 0 နီးပါးရှိတဲ့ SuperConductor တွေကို တီထွင်လာကြပြီမို့ နေရာတော်တော်များများမှာ ခုခံမှုကို ရှောင်ရှားနိုင်ကြတော့မှာပါ။ ခုခံမှုကို တိုင်းတာတဲ့ယူနစ်ကတော့ အုမ်း (Ohm- ) ဖြစ်ပါတယ်။ လျှပ်စစ်ကြိုးမှာဖြစ်တဲ့ ခုခံမှုကို တွက်ပြပြီးဖြစ်ပါတယ်။ အခြားနေရာတိုင်းမှာလဲ ခုခံမှုတွေရှိနေပါတယ်။ အိမ်တွေမှာသုံးတဲ့ ပစ္စည်းတော်တော်များများကို ခုခံမှုဝန်အားပစ္စည်းများ (Resistive Loads) လို့ ခေါ်ကြပါတယ်။ ခုခံမှုကြောင့် ဆုံးရှုံးသွားတဲ့ပါဝါရှိသလို သုံးလိုက်ရတဲ့ပါဝါလဲရှိပြီး အဲဒါကို ဝပ် (Watt) လို့ ခေါ်ပါတယ်။

လျှပ်ညှို့မှု(Inductance)

ဒါလဲအလားတူပါပဲ။ လျှပ်စစ်ထုတ်တဲ့စက်ကနေ မိမိသုံးတဲ့ပစ္စည်းတွေအထိ လျှပ်စစ်စီးတဲ့တစ်လျှောက်မှာ လျှပ်စီးကို လျှပ်ညှို့မှုတွေ ရှိပါ တယ်။ များသောအားဖြင့် သိလွယ်တာကတော့ ကွိုင်(Coil) တွေ မှာ သိသိသာသာ တွေ့ရပါတယ်။ ထရန်စဖော်မာအိုးလို ဟာမျိုးကိုပြောတာပါ။ တိုင်းတာတဲ့ယူနစ်ကတော့ ဟင်နရီ(Henery- H) ဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့ တစ်လိုင်းခွဲအသွင်(Single Phase) ကို လိုင်းများစွာ ဆွဲပြီးသုံးတာနဲ့ သုံးလိုင်းခွဲအသွင် (Three Phase) လိုင်းတွေမှာလဲ လျှပ်ညှို့မှု ဖြစ်ပေါ်တာပါပဲ။ အိမ်က Extension Coil တွေကို ခွေထားရင်တောင် လျှပ်ညှို့မှု ဖြစ်ပါတယ်။ လျှပ်ညှို့မှုကြောင် ပါဝါတစ်မျိုးဖြစ်တဲ့ စွမ်းအားယောင် (Var) တွေ ဖြစ်နိုင်ပါတယ်။ ဒီလျှပ်ညှို့မှုကို ဖြစ်စေတဲ့ ပစ္စည်းတွေက သူတို့ပုံမှန် အလုပ်လုပ်နိုင်ဖို့ အတွက် ပမာဏတစ်ခုကို လျှပ်ညှို့ရယူပြီးမှ လုပ်နိုင်တာဖြစ်လို့ သူတို့အတွက် ပါဝါတစ်ခုက အမြဲတမ်း ပေးထားရသလို ဖြစ်နေပါတယ်။

လျှပ်သိုမှု(Capacitance)

ဒါလဲလျှပ်ညှို့မှုနဲ့အတူတူပါပဲ။ AC စနစ်ကို သုံးပြီးဆိုရင် နေရာတိုင်းမှာ ရှိပါတယ်။ မီးလိုင်းတွေအချင်းချင်းနဲ့ မြေကြီးကြား၊ Capacitor Bank စတာတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ တိုင်းတာတဲ့ယူနစ်ကတော့ ဖာရဒ်(Farad-F) ဖြစ်ပါတယ်။ လျှပ်သိုမှုကြောင့်လဲ စွမ်းအားယောင် (Var) တွေ ဖြစ်စေနိုင်တာပါပဲ။

အချုပ်ပြောရရင်တော့ လျှပ်ညှို့မှု၊ လျှပ်သိုမှုတွေကြောင့် ဖြစ်တဲ့ စွမ်းအားယောင် (Var) တွေဟာ ကျွန်တော်တို့သုံးစွဲလိုတဲ့ တပ်ဆင်အင်အားမှာ သင့်တော်တဲ့ပမာဏထက် ပိုပါလာရင် မကောင်းပါဘူး။ သူတို့ကြောင့် သက်ရောက်မှုရှိနိုင်တာတွေ အများကြီးပါ။ သိသာတာကိုပြောရရင် ဗို့အားကျဆင်းတာ၊ မြင့်တက်တာ၊ လိုင်းမငြိမ်တာ၊ Electronic ပစ္စည်းတွေကို ထိခိုက်စေနိုင်တာ၊ ဓာတ်အားဆုံးရှုံးမှုများတာ စတာတွေအပြင် နည်းပညာပိုင်းဆိုင်ရာ သက်ရောက်မှုတွေလဲရှိပါတယ်။ ဒါကြောင့် လျှပ်စစ်နဲ့ပတ်သက်လို့ တပ်ဆင်အင်အားကို တွက်တဲ့နေရာမှာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။

ထပ်ပြီးပြောပြပေးလိုတာကတော့ ယူနစ်တွေအကြောင်းပါ။ 1 ထက်နည်းတဲ့ တန်ဖိုးတွေကို ကျွန်တော်တို့ ဖတ်တဲ့အခါ လွယ်ကူအောင် တစ်ထောင်ပုံတစ်ပုံနည်းရင် မီလီ (Mili)၊ တစ်သန်းပုံတစ်ပုံနည်းရင် မိုက်ခရို(Micro) နဲ့ သန်းတစ်ထောင်ပုံ တစ်ပုံနည်းရင် ပီကို (Pico) လို့ရှေ့ကထည့်ပြောကြပါတယ်။ ၁ ထက်များတဲ့ တန်ဖိုးတွေကတော့ တစ်ထောင်ပုံတစ်ပုံများရင် ကီလို(Kilo)၊ တစ်သန်းပုံတစ်ပုံများရင် မဂ္ဂါ (Mega) နဲ့ သန်းတစ်ထောင်ပုံ တစ်ပုံများရင် ဂီဂါ(Giga)၊ တစ်ထောင်ဂီဂါဆိုရင် တာရာ(Tera) လို့ ရှေ့ကထည့်ပြောပါတယ်။ (ဥပမာ- မီလီအုမ်း၊ မိုက်ခရိုဟင်နရီ၊ ပီကိုဖာရဒ်၊ ကီလိုအမ်ပီယာ၊ ကီလိုဗို့၊ မဂ္ဂါဝပ်၊ ဂဂ္ဂါဝပ် စသည်ဖြင့် အပေါ်က ယူနစ်တွေရှေ့မှာ ထည့်သုံးပြီး ခေါ်ဝေါ်သုံးစွဲကြပါတယ်)

ဆိုလာစနစ် လက်တွေ့တပ်ဆင်ရန်ဒီဇိုင်းပြုလုပ်ခြင်း

 နေရောင်ခြည်ကနေ ဆိုလာပြားတွေနဲ့ လျှပ်စစ်ထုတ်ဖို့ ပထမဦဆုံး ဆိုလာပြားတပ်ဆင်မယ့် နေရာမှာ နေရောင်ခြည်ကျရောက်မှုကို စပြီး ဆာဗေးပြုလုပ်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအချက်က မခက်ပါဘူး။ NASA ရဲ့ ဒီ Link https://power.larc.nasa.gov/data-access-viewer/ မှာ ကျွန်တော်တို့ အလွယ်တကူ ရနိုင်ပါတယ်။ Link ကနေ ဖော်ပြပါပုံအတိုင်း ရှာလိုက်ရင် လွန်ခဲ့သော ၂၂ နှစ်အတွင်း ပျမ်းမျှ နေရောင်ခြည်ရရှိမှုအရ ဆိုလာနဲ့လျှပ်စစ်စွမ်းအင်ထုတ်ရင် ရနိုင်မယ့် တန်ဖိုးကို ရရှိမှာဖြစ်ပါတယ်။ ဒီတန်ဖိုးက စျေးကွက်အတွင်းမှာ ဝယ်ယူရရှိနိုင်တဲ့ အသင့်တင့်ဆုံး ဆိုလာပြားတွေနဲ့ ရရှိနိုင်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။


ဥပမာအနေနဲ့ အောက်ကပုံမှာ Alibaba Website ကနေ ဝယ်ရနိုင်တဲ့ ဆိုလာပြားရဲ့ အချက်အလက်လေးတွေ ဖြစ်ပါတယ်။

 


အဲဒီမှာ Mono 156x 156 Cell လို့ဖော်ပြထားပြီး ထုတ်လုပ်နိုင်တဲ့ပမာဏက 280 W ဖြစ်ပါတယ်။ Monocrystalline Solar Cell အမျိုးအစားဖြစ်ပြီး အရွယ်အစားက 156x 156 = 24336 mm2 လို့ ဖော်ပြထား တာ ဖြစ်ပါတယ်။ Cell အရေအတွက်ကတော့ (၆၀) ပါ ပါတယ်။ အဲဒါကို အ‌ပေါ်က နာဆာရဲ့Web Site မှာ ဖော်ပြတဲ့ kWh/m2/day ယူနစ်နဲ့ဆို ဘယ်လောက်ရမလဲ တွက်ကြည့်ပါမယ်။

Panel Area(m2)= (24336/ (1000x1000)) x 60= 1.460 m2

Power Output(kW)= 280/1000= 0.28 kW

တစ်နေ့ကို နေရောင်ခြည် (၁၀) နာရီရတယ်လို့စဉ်းစားရင်

kWh/m2/day = (0.28x 10)/ 1.460  = 1.92 kWh/m2/day

ဒီတန်ဖိုးက တစ်ရက်စာ (၁၀) နာရီ အလင်းရောင်ရပြီး ပတ်ဝန်းကျင်အပူချိန် (၂၅) ဒီဂရီစင်တီဂရိတ်၊ Radiation 1000W/ m2 ရတဲ့ အခြေအနေမှာရှိတဲ့ အဲဒီ Solar Cell စံတန်ဖိုးဖြစ်ပေမယ့် တကယ်လက်တွေ့မှာတော့ နေရောင်ခြည်ရရှိနိုင်မှု(Radiation)၊ ပတ်ဝန်းကျင်အပူချိန်၊ ဆိုလာပြား၊ အင်ဗာတာ၊ Cable နဲ့ တိမ်ဖြစ်ထွန်းမှု၊ အရိပ်ကျမှု စတာတွေကြောင့် ၎င်းပမာဏလဲ အပြောင်းအလဲရှိနိုင်ပါတယ်။

Energy (kWh) ပျမ်းမျတန်ဖိုးက အထက်က NASA Website မှာဖေါ်ပြသလို မြန်မာနိုင်ငံမှာ 4 kWh/m2/day နဲ့ 6.5 kWh/m2/day ကြားမှာပဲ ရရှိနိုင်ပါတယ်။


ဆိုလာစနစ်ကို အိမ်မှာသုံးဖို့တွက်တဲ့ ဥပမာလေးတစ်ခု အောက်မှာ တွက်ကြည့်ပါမယ်။ အဆင့် (၄) ဆင့် ရှိပြီး ပထမအနေနဲ့ မိမိသုံးစွဲမည့် ဝန်အားကိုတွက်ချက်ရမှာဖြစ်ပါတယ်။ အိမ်မှာ အောက်ပါအတိုင်းသုံးစွဲမည်ဟု ယူဆကြည့်ပါမယ်။

(၁) LED မီးလုံး (၅) လုံး= 5 x 20  = 100 W

(၂) မီးချောင်း (၂) ချောင်း= 2 x 40 = 80 W

(၃) Television(TV) (၁) လုံး = 1 x 50 = 50 W

(၄) Air Con 1HP (၁) လုံး = 1x 746 = 746 W

(၅) Wifi စက် (၁) လုံး= 1 x 15 = 15 W

(၆) ဖုန်းအားသွင်း (၂) လုံး= 2 x 15 = 30 W

စုစုပေါင်းဆိုရင် 1021 W  ဖြစ်ပါတယ်။ တကယ်ဆို ဒါက တည်ငြိမ်နေတဲ့အချိန်မှာရှိတဲ့ ဝန်အားကို ပြောတာပါ။ ပစ္စည်းတွေက ဖွင့်/ ပိတ် လုပ်တဲ့အချိန်မှာ သက်‌ရောက်မယ့်ဝန်အား၊ မီးကြိုးတွေမှာရှိတဲ့ ခုခံမှု တန်ဖိုးအရ လျော့ကျနိုင်တဲ့ဝန်အား၊ စတဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်ကို စဉ်စားလိုက်ရင် ကျွန်တော်တို့ အနေနဲ့ ၎င်းသုံးစွဲ ဝန်အားကို 1500 W လောက်ယူမှ တော်ကာကျပါမယ်။

ဒုတိယအဆင့်အနေနဲ့ အင်ဗာတာ တပ်ဆင်အင်အားကို တွက်ရာမှာတော့ ဝန်အား 1500 W အတွက် 1500 W အင်ဗာတာကို သုံးစွဲလို့ မဖြစ်ပါဘူး။ အဲဒါဆို ဝန်အားပြည့် ဖြစ်နေတာမို့ အင်ဗာတာက စွမ်းအားပြည့် အလုပ်လုပ် ရတာကြောင့် သက်တမ်းတိုပြီး ပျက်စီးလွယ်နိုင်ပါတယ်။ ဒါကြောင့် ကွာဟချက် 70% လောက်ထားပြီး 2000 W အင်ဗာတာကို သုံးတာ အသင့်တော်ဆုံးပါ။ အင်ဗာတာ အဝင်ဗို့အားကိုတော့ ဘတ္ထရီဗို့အားအတိုင်းသုံးရင် အင်ဗာတာ အဝင်ဗို့အားနှစ်မျိုးသုံးစရာမလိုတော့ပါဘူး။

တတိယအဆင့်ကတော့ ဘတ္ထရီ တပ်ဆင်အင်အားတွက်ကြည့်ပါမယ်။ ဘတ္ထရီတွေက စျေးကွက်မှာ လက်တင်သုံး သုံးနိုင်တာကတော့ 12 V ဘတ္ထရီ တွေပဲဖြစ်ပါတယ်။ ဘတ္ထရီရဲ့တပ်ဆင်အင်အားကို Ah နဲ့ဖော်ပြကြတာမို့ ပထမဦးဆုံး လျှပ်စီးအမ်ပီယာ (A) ကို တွက်ကြည့်ပါမယ်။

လျှပ်စီးအမ်ပီယာ (A)= 1500 / 12 = 125 A

ဘတ္ထရီနဲ့ ဘယ်နှစ်နာရီ သုံးမလဲစဉ်းစားရမှာဖြစ်ပါတယ်။  ညနေ(၆) နာရီကနေ ည (၁၂) နာရီအထိ သုံးမယ်ဆိုရင် (၆) နာရီစာ စဉ်းစားရမှာ ဖြစ်ပါတယ်။        

ဘတ္ထရီရဲ့တပ်ဆင်အင်အား (Ah)= 125 x 6 = 750 Ah

စျေးကွက်ထဲမှာ ဘတ္ထရီအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဒီမှာတော့ 200 Ah နဲ့တွက်ကြည့်ရင် ဘတ္ထရီ (၄) လုံးကို Parallel သုံးဖို့ လိုမှာဖြစ်ပါတယ်။

ဘတ္ထရီကို အားသွင်းဖို့ Charging Current ကို တွက်ရင် ဘတ္ထရီတပ်ဆင်အင်အားရဲ့ 10 %  ကို ယူကြပါတယ်။

Charging Current = 750 x 10 % = 75 A

စတုတ္ထအဆင့်အနေနဲ့ ဆိုလာပြား တပ်ဆင်အင်အားကို တွက်ကြည့်ပါမယ်။ သုံးစွဲမယ့်ဝန်အားနဲ့ ဘတ္ထရီကို အားသွင်းမယ့် ဝန်အားအရ ဆိုလာပြားက ထုတ်ပေးရမယ့် လျှပ်စီး အမ်ပီယာက (125 A + 75 A = 200 A)  ဖြစ်ပါတယ်။ ဆိုလာပြားရဲ့တပ်ဆင်အင်အားကို တွက်ရင် ဆိုလာပြားထုတ်ပေးရမယ့် ဝန်အားနဲ့ အင်ဗာတာ အဝင်ဗို့အားအဖြစ်သုံးမယ့် ဘတ္ထရီရဲ့ ဗို့အား 12 V ကိုပဲယူတွက်ပါမယ်။

ဆိုလာပြားတပ်ဆင်အင်အား= 12 x 200 = 2400 W

အပေါ်က ပြခဲ့တဲ့ ဆိုလာပြားအမျိုးအစားနဲ့ဆိုရင် လိုအပ်တဲ့ ဆိုလာပြားအရေအတွက်က (2400/ 280= 8.57) ဆိုတော့ (၉) ပြားလိုမှာဖြစ်ပါတယ်။

အချုပ်ဆိုရရင် အင်ဗာတာက 2000 W၊ ဘတ္ထရီက 12 V, 200 Ah (၄) လုံး နဲ့ 280 W ဆိုလာပြား (၉) ပြား လိုအပ်မှာပဲဖြစ်ပါတယ်။ ဘတ္ထရီများလို့ အကုန်အကျများမှာစိုးရင် မီးလိုင်းတဲ့တွဲသုံးတဲ့ စနစ်ကို သုံးနိုင်ပါတယ်။ ညဘက်တော့ မသုံးရတော့ဘူးပေါ့။

ဒါပေမယ့်လည်း လျှပ်စစ်ဆိုင်ရာပစ္စည်းများက ရှော့(Short Circuit) ဖြစ်တာတွေ၊ ဓာတ်လိုက်မှုအန္တရာယ်နဲ့ အသက်အန္တရာယ်အထိ ထိခိုက်မှုရှိနိုင်တာကြောင့် ကျွမ်းကျင်တဲ့သူတွေနဲ့သာ တိုင်ပင် တပ်ဆင်သင့် ပါကြောင်း အကြံပြုလိုက်ရပါတယ်။


ဗိုအားကျဆင်းမှုတွက်ချက်ခြင်း

 

ကျွန်တော်တို့ အိမ်တွေကိုသွယ်ထားတဲ့ ၂၃၀ ဗို့ မီးလိုင်းရဲ့ ဗို့အားကျဆင်းမှုကိုတွက်ကြည့်ရအောင်။ အိမ်ထဲကအသုံး 5 ကီလိုဝပ်(kW) ရှိပြီး လိုင်းအရှည်ကို 100 ပေ ထားပါစို့။ သုံးမယ့်ကြိုးကို အပြင်မှာပြောနေတဲ့ (7/ .044) ကြေးကြိုး ကို သုံးကြည့်မယ်။ ဗို့အားကျဆင်မှုကိုတွက်ချင်ရင် အုမ်းနိယာမအရ V=IR မို့ I နဲ့ R ကို ရှာရမှာဖြစ်ပါတယ်။

ကြေးကြိုးပေါ်မှာစီးမယ့် လျှပ်စီး(Current-I) = 5000/ 230 = 21.74 အမ်ပီယာ(Ampere)

R ကိုတော့အောက်ပါအတိုင်းရှာပါတယ်။

ဓာတ်အားလိုင်းကြိုးရဲ့ခုခံမှု(Resistance- R) ကို တွက်ချင်ရင် R= (ρ x L)/ A ဆိုတဲ့ ဖေါ်မြူလာနဲ့ တွက်ကြတာ သိမှာပါ။ ကြေးကြိုးတွေရဲ့ ခုခံမှုကိန်းသေ(ρ) က အပူချိန် 20·C မှာ 17.2 mm2/ km ဖြစ်ပါတယ်။ (7/ .044) ကြေးကြိုးရဲ့ ထောင့်ဖြတ် ဧရိယာ(A) ကတော့ 6.751 mm2 ရှိပါတယ်။

တစ်ကီလိုမီတာ ကြေးကြိုးရဲ့ ခုခံမှု(R) = (17.2 x 1)/ 6.751 = 2.55 / km

ပေ (၁၀၀) ကြေးကြိုးရဲ့ ခုခံမှု(R) = {2.55/ (1000*3.281)} x 100 = 0.0777 (ဒီတန်ဖိုးက အပူချိန် 20·C မှာဖြစ်ပါတယ်)

တကယ်ပြင်ပမှာ ဖြစ်တဲ့အပူချိန်၊ ကြိုးပေါ်မှာ လျှပ်စစ်စီးလို့ဖြစ်လာမယ့် အပူချိန်တွေထည့်စဉ်းစားမယ်။ အများဆုံး 60·C အထိထားကြည့်ရအောင်။ အဲဒီအချိန်မှာ ဖြစ်လာမယ့် ကြိုးရဲ့ ခုခံမှု (R) ကို တွက်ကြည့်ရင်

R2=[(T+t2)/(T+t1)]*R1

(R2= 60·C တွင်ရှိသော ခုခံမှုတန်ဖိုး၊ T= ကြေးကြိုး၏ အပူချိန်ကိန်းသေ= 234.5 ·Ct1= 20·Ct2= 60·CR1= 60·C တွင်ရှိသော ခုခံမှုတန်ဖိုး)

R2= [(234.5+60)/(234.5+20) x 0.0777 = 0.0899

ယခုထိရခဲ့တဲ့တန်ဖိုးတွေဟာ Direct Current(DC) ဖြင့် စမ်းသပ်ထားတဲ့ ခုခံမှုကိန်းသေ(ρ) နဲ့ တွက်ထားတာမို့ DC Resistance (Rdc) လို့ ခေါ်ကြပါတယ်။ တကယ်အိမ်တွေမှာသုံးတာက Alternating Current(AC) စနစ်မို့ AC Resistance(Rac) ကို ရှာရအုံးပါမယ်။ AC Resistance(Rac) ပြောင်းဖို့ သက်ရောက်မှုတွေထဲက အဓိက ကတော့ မျက်နှာပြင်သက်ရောက်မှု (Skin Effect) ကို ထည့်စဉ်းစားရမှာဖြစ်ပြီး တွက်ချက်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

X= 0.063598 sqrt( µf/Rdc)

µ= စိမ့်ဝင်နိုင်မှု (Permeability, µ0= 4πx10-7, µr=1 လို့ပါဝင်ပြီး 1 လို့ပဲ ယူကြပါတယ်)

f= ကြိမ်နှုန်း (Frequency)

X= 0.063598 sqrt ( 1x 50/ 0.0899)= 1.4998

X တန်ဖိုး 1.4998 မှာရှိတဲ့ Skin Effect ဆက်သွယ်ချက်တန်ဖိုးကို အောက်ဖော်ပြပါဇယားကနေ တွက်ချက်ပါတယ်


K= {(K2-K1)/(X2-X1)} (X-X1) + K1 = {(1.0258-1.0197)/ (1.5-14)}(1.4998-1.4)+1.0197= 1.0258

Rac= K x Rdc = 1.0258 x 0.0899 = 0.0922

ကြေးကြိုးပေါ်မှာ လျော့သွားမယ့်ဗို့အားကျဆင်းမှု(Voltage Drop)= IR= 21.74 x 0.0922= 2 V

အဲဒီတော့ အိမ်ထဲအဝင်ထိပ်မှာ ‌ရောက်လာမယ့်ဗို့အား= V(supply)- V(drop)= 230- 2= 228 V

ဒါကတော့ပေ (၁၀၀) နဲ့တွက်တာပါ။ ပေ (၃၀၀) ဆို R တန်ဖိုးက (0.2706) ရှိပါတယ်။ Voltage Drop က (5.88)V လောက်ရှိပါတယ်။ အဲဒီတော့ အိမ်ထဲအဝင်ထိပ်မှာ (224) V ပဲရမှာပါ။ ဆိုလိုတာက မီးရပြီးရော အဝင်လိုင်း အရှည်ကြီးဆွဲရင် ကိုယ့်အိမ် ဗို့အားနည်းမှာဖြစ်ပါတယ်။

ဒီတွက်ချက်မှုက Single Phase ကို line နဲ့ Neutral နှစ်ချောင်းထဲ 1 Circuit ဆွဲတဲ့အခြေအနေကို တွက်ပြထား တာပါ။ တချို့မီးလိုင်းတွေမှာ 2 Circuit နဲ့အထက်ဆွဲတာမျိုးတွေမှာတော့ လျှပ်ညှို့မှု(Inductance- L) ကိုလည်း ထည့်တွက်ရတော့မှာပါ။ အဲဒီမှာ လျှပ်စီးက ပိုလာမှာမို့ ပိုပြီး ဗို့အားကျဆင်းမှု ဖြစ်ပါတယ်။

Wednesday, October 12, 2022

လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေး(Electrical Clearence)

မော်တော်ယာဉ်၊ ရထား၊ အိမ်၊ မီးလိုင်း၊ ဖုန်းလိုင်း စတာတွေ တည်ဆောက်တဲ့အခါနဲ့ ကိုယ့်မီးလိုင်းက အဲဒီနေရာတွေကို ဖြတ်သန်းတည်ဆောက်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့လျှပ်စစ်အန္တရာယ်ကင်းလွတ်အကွာအဝေးတွေ ဖြစ်ပါတယ်။ ဒီအကွာအဝေးတွေအတွင်း ရှိနေတဲ့ မည်သည့်အရာမဆို လျှပ်စစ်လှိုင်းသက်ရောက်မှု၊ လျှပ်ကူးမှုနဲ့ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားလိုင်းများ ပြိုလဲမှု ဖြစ်ပါက ထိခိုက်မှုများ ရှိလာနိုင်သဖြင့် အဆိုပါ သတ်မှတ်အကွာ အဝေးအပြင်ဘက်တွင်သာ ရှောင်ရှား တည်ဆောက်၊ နေထိုင်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်...........
















Saturday, September 10, 2022

ဆိုလာစနစ်တပ်ဆင်ခြင်း

ယခုနောက်ပိုင်း ဆိုလာစနစ်ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့ မီးတွေပျက်နေတာတွေကြောင့် အိမ်တွေ၊ ရုံးတွေ၊ စက်ရုံတွေမှာ ဆိုလာစနစ်တပ်ဆင်ဖို့ စိတ်ကူးလာကြတာတွေ့ရပါတယ်။ အခြားနိုင်ငံတွေမှာတော့ စွမ်းအင်စျေးနှုန်းကြီးမြင့်လာမှုနဲ့အတူ ဆိုလာစနစ်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်အသုံးချလာနေပြီဖြစ်ပါတယ်။ IEA ရဲ့ အချက်အလက်များအရဆို ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးစွမ်းအင်ရဲ့ (၂၃.၂%) အထိ ရောက်ရှိပါပြီဖြစ်ပါတယ်။

မီးအတွက် ဆိုလာစနစ်ကို အသုံးချနေကြရာမှာ မီးလိုင်းစနစ်(Grid) နဲ့ချိတ်ဆက်ပြီးသုံးတာနဲ့ မီးလိုင်းနဲ့မချိတ်တဲ့စနစ် (Off Grid) တွေကို အသုံးချကြပါတယ်။ မီးလိုင်းစနစ်နဲ့ချိတ်တဲ့စနစ်မှာ တပ်ဆင်အင်အားများများနဲ့ ဓာတ်အားထုတ်လုပ်၊ ဖြန့်ချီသူများကို ရောင်းချကြတာရှိသလို အိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွေမှာ တပိုင်တနိုင် တပ်ဆင်အသုံးပြုကြတာလဲရှိပါတယ်။ မီးလိုင်းမချိတ်တဲ့စနစ်ကတော့ များသောအားဖြင့် မီးလိုင်းမရောက်သေးတဲ့ နေရာဒေသတွေ၊ လုပ်ငန်းခွင်တွေမှာ တပ်ဆင်အသုံးပြုကြတာပါ။

ဒီမှာတော့ တစ်ကိုယ်ရေ အိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွေမှာ သုံးတဲ့အကြောင်းလေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေမှာသုံးတဲ့ ဆိုလာစနစ်မှာ အဓိကပါဝင်တာတွေကတော့ ဆိုလာပြား၊ ဆိုလာပြားတပ်မဲ့ဖရိမ်၊ အင်ဗာတာ၊ Panel ပုံး၊ AC/ DC မီးကြိုးစနစ်၊ ယူနစ်မီတာနဲ့ ဘတ္ထရီတို့ပဲဖြစ်ပါတယ်။

စျေးကွက်ထဲမှာ ဆိုလာပြားတွေကို silicon နဲ့လုပ်ထားတဲ့ Monocrystalline, Polycrystalline, thin film နဲ့ Quantum Cell ဆိုပြီး ထုတ်လုပ်ရောင်းချနေကြပါတယ်။ Monocrystalline နဲ့ Polycrystalline ကတော့အသုံးများကြပါတယ်။ Monocrystalline က စွမ်းရည်ပိုကောင်းပေမယ့် စျေးနည်းနည်းများပါတယ်။ Polycrystalline ကတော့ စွမ်းရည်နည်းနည်းလျော့ပေမယ့် စျေးနည်းနည်းသက်သာပါတယ်။ လိုချင်တဲ့ ပါဝါချင်းတူရင် သူကနေရာပိုယူပါတယ်။ ခြုံကြည့်ရင်တော့ နေရာတတ်နိုင်ရင် အတူတူပဲလို့ ပြောလို့ရပါတယ်။ Thin Film ကတော့စျေးပေါ၊ သယ်ရလွယ်ပေမယ့် စွမ်းရည်ကတော့ အပေါ်ကနှစ်ခုထက်နည်းပါတယ်။ Quantum Cell ကတော့ စွမ်းရည်အကောင်းဆုံးနောက်ဆုံးနည်းပညာဖြစ်ပြီး စျေးလည်းကြီးပါတယ်။

ဆိုလာပြားတပ်မယ့်ဖရိမ်ကတော့ ခေါင်မိုးတွေ၊ နံရံတွေမှာတပ်ရင် အလူမီနီယမ်က အသင့်တော်ဆုံးဖြစ်ပြီး မြေပြင်မှာတော့ သံဖရိမ်တပ်တာ သင့်တော်ပါတယ်။

အင်ဗာတာ(Inverter) ကိုတော့ MPPT(Maximum Power Point Tracking) Inverter ကိုပဲအသုံးများကြပါတယ်။ တခုရှိတာက အင်ဗာတာကို ဆိုလာပြားအားလုံးအတွက် တစ်ခုတည်း (သို့) နှစ်ခုထားမလား၊ ဆိုလာပြားအရေအတွက်တစ်စုစီအတွက် အင်ဗာတာတစ်ခုစီထားမလား၊ ဆိုလာတစ်ပြားချင်းစီအလိုက် တစ်ခုထားမလား ဆိုတာကိုပဲစဉ်းစားရမှာပါ။ ဆိုလာပြားပေါ်အရိပ်ကျတဲ့အခါ ကျန် အရိပ်မကျတဲ့ ဆိုလားပြားတွေက ဆက်ပြီး ဓာတ်အားရသလောက် ထုတ်ယူရရှိနိုင်ဖို့ဆိုတဲ့ အချက်ကို စဉ်းစားတာပါ။ ဆိုလာပြားအားလုံးအတွက် တစ်ခုတည်း (သို့) နှစ်ခု ဆိုတာကိုတော့ အရွယ်အစားကြီးတဲ့ ဆိုလာဓာတ်အားပေးစက်ရုံလိုမျိုးမှာ သင့်တော်ပါတယ်။  ဆိုလာတစ်ပြားချင်းစီအလိုက် တစ်ခုထားတာကတော့ အရွယ်အစားအသေးရော အလတ်ရောမှာသုံးနိုင်ပြီး ဆိုလာပြားအရေအတွက် တစ်စုစီအတွက် အင်ဗာတာတစ်ခုစီထားတာကတော့ အရွယ်အစားသေးတဲ့နေရာတွေမှာသုံးပါတယ်။ အိမ်တွေ၊ ရုံးတွေ အတွက်သင့်လျော်ပါတယ်။ မီးလိုင်း(Grid) နဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့ အင်ဗာတာကို မီးလိုင်းတွဲချိတ်သည့်အရာ (AC synchronization Function) ပါတဲ့ အင်ဗာတာမျိုး တပ်ဆင်ရမှာဖြစ်ပါတယ်။

Panel ပုံးကတော့ အင်ဗာတာတွေကထွက်လာတဲ့ ဓာတ်အားတွေကို ဘတ္ထရီ၊ မီးလိုင်းနဲ့ အိမ်တွင်း၊ ရုံးတွင်း ချိတ်မယ့် လိုင်းတွေအတွက် ဖြစ်ပါတယ်။ ဒါကိုတော့ သီးသန့်ပြောစရာမရှိပါဘူး။ အရည်အသွေးကောင်းတဲ့ပစ္စည်းကို ရွေးချယ်အသုံးပြုရမှာဖြစ်ပြီး မီးကြိုးအဝင်အထွက် မှန်ကန် သပ်ရပ်လှပနေအောင်လုပ်ဖို့ပဲရှိပါတယ်။

ယူနစ်မီတာကိုတော့ Two Way Energy Meter တပ်တာအကောင်းဆုံးပါ။ Grid က ဝင်လာတဲ့ယူနစ်၊ ဆိုလာပြားက ထုတ်ပေးတဲ့ယူနစ်ကို သဲသဲကွဲကွဲသိရအောင်ပါ။ တခြားနိုင်ငံတွေမှာတော့ Feed- In Tarrif ဆိုပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စနစ်သုံးစွဲမှု မြင့်တက်လာအောင်လို့ မီးကုမ္ပဏီတွေက Grid ထဲ ပြန်ဝင်တဲ့ဓာတ်အားကို စျေးနှုန်းတစ်မျိုးနဲ့ ဝယ်ယူပေးတာပါ။ ဒီမှာလဲ ဖြစ်မလာနိုင်ဘူးလို့ ပြောမရပါဘူး။ ကြိုတင်စဉ်းစားတပ်ထားတာ အကောင်းဆုံးပါ။ ကုန်ကျစရိတ်အားလုံးစုစုပေါင်းနဲ့တွက်ရင် သိပ်မသိသာပါဘူး။

ဘတ္ထရီကတော့ Lead Acid Battery နဲ့ Lithium- Ion Battery တို့က အသုံးများပါတယ်။ Lithium- Ion Battery ကတော့ စျေးသုံးဆလောက်များပြီး သက်တမ်းပိုရပါတယ်။ အက်ဆစ်လဲရတာမျိုးလဲမရှိပါဘူး။ ဆိုလားစနစ်သုံးရင် ဘတ္ထရီစျေးနှုန်းက များတာကြောင့် များသောအားဖြင့် မီးလိုင်းနဲ့ချိတ်သုံးတဲ့နေရာတွေမှာ တပ်ဆင်လေ့မရှိပါဘူး။ မီးလိုင်းမရောက်နိုင်တဲ့ဒေသတွေမှာပဲ သုံးကြပါတယ်။

ဒါပေမယ့်လည်း မီးမှန်နေရင် ပြဿနာမဟုတ်ပေမယ့် မီးပျက်တဲ့အခါ ကိုယ့်အိမ်၊ ရုံးက ဆိုလာမီးက မီးလိုင်းထဲကို ဝင်သွားနိုင်ပါတယ်။ နည်းပညာပိုင်းအရ မီးလိုင်းကို ဆိုလာမီးက ပို့လွှတ်နိုင်စွမ်းမရှိတာမို့ ဝန်ပိုစီးဆင်းမှု(Overload) ဖြစ်ပြီး ဆိုလာစနစ် ပျက်စီးနိုင်တာနဲ့ မီးရောက်သွားနဲ့နေရာတွေမှာ ဓာတ်လိုက်နိုင်တဲ့ အန္တရာယ်တွေရှိပါတယ်။ ဒါကြောင့် မီးပျက်နေချိန် ဆိုလာက မီးထွက်နေသေးရင် အထက်က Panel ပုံးမှာ ဖြတ်တောက်တဲ့စနစ်တွေ တပ်ဖို့လိုသလို တချို့ ပညာရှင်တွေကတော့ မီးတွေ အလဟဿ မဖြစ်အောင် ဘတ္ထရီကိုပါ တပ်သင့်ကြောင်း အကြံပြုကြပါတယ်။

အားလုံးပဲ တစ်စုံတစ်ခု အကျိုးရပါစေဗျာ............


Thursday, September 1, 2022

လျှပ်စစ်ဌာန(EPC)

ပြင်ပမှာ နေအိမ်တွေကိုလျှပ်စစ်ဓာတ်ဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ဌာနကို အလွယ် “EPC” ဟု ခေါ်ဝေါ်နေကြတာ တွေ့ရပါတယ်။ လျှပ်စစ်ဌာနရဲ့ Web Site ကို ဝင်ကြည့်ရာမှာတော့ အောက်ပါအတိုင်းတွေ့ရှိရပြီး “EPC” ဟု ခေါ်ဆိုနေကြခြင်းမှာ ၁၉၇၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိရှိခဲ့တဲ့ Electric Power Corporation (EPC)  ဟူသော အမည်နာမကို ဆက်လက်သုံးစွဲနေကြတယ်လို့ ယူဆပါကြောင်း အများသိရှိနိုင်ရန် ရှာဖွေတင်ပြလိုက်ပါ တယ်........

လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (Electricity Supply Board- ESB)၊ စက်မှုလက်မှုဝန်ကြီး ဌာန

၁.၁၀.၁၉၅၁  

 

လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ၊ စက်မှုလက်မှု ဝန်ကြီးဌာန

၁၆.၃.၁၉၇၂

လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန

၁.၄.၁၉၇၅

လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ၊ စွမ်းအင်ဝန်ကြီး ဌာန

၁၂.၄.၁၉၈၅

မြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်း Myanma Electric Power Enterprise(MEPE)၊ စွမ်းအင်ဝန်ကြီးဌာန

၁.၄.၁၉၈၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (Ministry of Electric Power- MOEP)

၁၅.၁၁.၁၉၉၇

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(Ministry of Electric Power(1)- MOEP(1) )နှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (Ministry of Electric Power(2)- MOEP(2) )

၁၅.၃.၂၀၀၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန 

(Ministry of Electric Power- MOEP)

၅.၉.၂၀၁၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Electricity and Energy)

၁.၄.၂၀၁၆

Monday, August 29, 2022

မီးအားနည်းခြင်း (သို့) ဗို့အားနည်းခြင်း

 

လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် စျေးကွက်အတွင်းဝယ်ယူရရှိသော လျှပ်စစ်ပစ္စည်းများ၏ မီးအား(ဗို့အား) ပမာဏ လိုအပ်ချက်ကို ပြင်ပဓာတ်အားလိုင်းအဝင်က ရောက်ရှိလာသည့် မီးအား(ဗို့အား) ပမာဏက ပြည့်မီခြင်း မရှိပါက မီးအားနည်းခြင်း (သို့) ဗို့အားနည်းခြင်းဖြစ်သည်ဟု ဆိုကြပါတယ်။

အကြမ်းအားဖြင့် ထိုသို့ဆိုနိုင်သော်လည်း နည်းပညာပိုင်းသတ်မှတ်ချက် စံချိန်စံညွှန်းများအရ မီးအား(ဗို့အား) အတိုး/ အလျော့ ခွင့်ပြုတန်ဖိုးမှာ (၈% မှ ၁၀%) ရှိသဖြင့် ၎င်းပမာဏအတွင်းရှိပါက မီးအား(ဗို့အား)နည်းသည်ဟု မဆိုနိုင်ပါ။ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများသည် ၎င်းပမာဏအတွင်းတွင် အလုပ် လုပ်နိုင်ရမည်ဖြစ်ပါတယ်။ ထို့ကြောင့် ပစ္စည်းများဝယ်ယူသည့်အခါ ၎င်းတန်ဖိုးကို စိစစ်ဝယ်ယူရန် လိုအပ် ပါတယ်။

၎င်းအပြင် အချို့သော လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများဆိုလျှင် ဖော်ပြပါ အတိုးအလျော့ ပမာဏ ထက်ပင် ခွင့်ပြုတန်ဖိုး ပိုမိုများပြား သည်ကို တွေ့ရရာ အဆိုပါပစ္စည်းများအတွက်လည်း မီးအား(ဗို့အား) လျော့သည် ဟု မဆိုနိုင်ပါ။ နည်းပညာပိုင်းနှင့် ပစ္စည်းများ၏ စွမ်းဆောင်နိုင်ရည်အရ တင်ပြခြင်းဖြစ်ပါတယ်။

သို့ရာတွင် စံသတ်မှတ်ချက်တစ်ခုအနေဖြင့်ဆိုပါက အတိုး/ အလျော့ ခွင့်ပြုတန်ဖိုး (၈% မှ ၁၀%) အတွင်းရှိပါက မီးအား(ဗို့အား) လျော့ကျခြင်းမရှိဟု သတ်မှတ်နိုင်ပါသည်။ ဥပမာ-

ဗို့အား

%

၁၀%

၂၃၀ ဗို့

၂၄၈~ ၂၁၂

၂၅၃ ~ ၂၀၇

၄၀၀ ဗို့

၄၃၂ ~ ၃၆၈

၄၄၀ ~ ၃၆၀

ဒီလို အတိုး/ အလျော့တန်ဖိုးတွေ ထားရတာလဲဆိုတော့ ဓာတ်အားသုံးစွဲတဲ့သူတွေဆီကို ဓာတ်အားပေးစက်ရုံ များက ဓာတ်အားတွေရောက်ရှိအောင် ပို့ဆောင်ပေးတဲ့နေရာမှာ ဓာတ်အားပေးစက်ရုံများကနေ ဓာတ်အား ကွန်ယက်ကို ဦးစွာပို့ဆောင်ပြီး အဲဒီကမှတဆင့် ဗို့အားမြှင့်၊ ဗို့အားလတ်၊ ဗို့အားနိမ့် ဓာတ်အားလိုင်းတွေနဲ့ ဓာတ်အားခွဲရုံတွေကို အဆင့်ဆင့်ဖြတ်သန်းသယ်ဆောင်လာပြီးမှ ဓာတ်အားသုံးစွဲသူများရှိတဲ့နေရာက ထရန် စဖော်မာလေးဆီကို ရောက်ရှိလာပြီး အဲဒီကမှ ၄၀၀ ဗို့နဲ့ ၂၃၀ ဗို့ ဓာတ်အားလိုင်းလေးတွေနဲ့ ပို့လွှတ် ဖြန့်ဖြူးပေး ကြတာ ဖြစ်ပါတယ်။

ဗို့အားမြှင့်၊ ဗို့အားလတ်ဓာတ်အားလိုင်းတွေကိုအသားထားပြီး မိမိထရန်စဖော်မာလေးအထိ ဓာတ်အားက မီးအား(ဗို့အား) အပြည့်ရောက်တယ် ဆိုရင်တောင်မှ အဲဒီက ဆက်သွယ်တန်းတဲ့ ဓာတ်အားလိုင်းလေးတွေမှာ ဆိုရင် လည်း သူက သွယ်တန်းပို့လွှတ်ရတဲ့ အကွာအဝေးနဲ့ ဓာတ်အားလိုင်းကြိုးအရွယ်အစားပေါ်မူတည်ပြီး မီးအား (ဗို့အား)နည်းခြင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်အားလိုင်းလေးတွေ သွယ်တန်းတဲ့အခါ သုံးမည့်ဝန်အား ပမာဏနဲ့ ဝန်အားအမျိုးအစားတွေကို သေချာစိစစ်တွက်ချက်ပြီးမှ သွယ်တန်းဖို့လိုအပ်ပါတယ်။

အကောင်းဆုံးကတော့ သေချာတတ်ကျွမ်းတဲ့သူတွေနဲ့တိုင်ပင်ပြီး သက်ဆိုင်ရာက သတ်မှတ်ချက်တွေအတိုင်း တပ်ဆင်မယ်ဆိုရင်တော့ မီးအားနည်းခြင်း (သို့) ဗို့အားနည်းခြင်းကို ရှောင်ရှားနိုင်မယ်လို့ တင်ပြလိုပါတယ်။ အချိန်ရရင် ရသလို ချင့်ချိန်စဉ်းစားလို့ရအောင် သိသမျှနည်းပညာပိုင်းအနည်းငယ်နဲ့ ဆက်လက်တင်ပြပေး ပါအုံးမယ်။

အားလုံးပဲ ကျန်းမာ ချမ်းသာပြီး ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေဗျာ……….