ဓာတ်အားခွဲရုံနဲ့ပတ်သက်တဲ့အကြောင်းက တင်ပေးထားပြီးပါပြီ။
ဒါပေမယ့် ညီငယ်တစ်ယောက်က Comment မှာ ဒီအကြောင်းရေးတင်ပေးပါပြောလို့ သူ့အကြောင်းချည်းပဲ
သပ်သပ်ရေးတင်ပေးလိုက်ပါတယ်။
66/11 kV Substation က ဓာတ်အားဖြန့်ဖြူးရေးစနစ်သုံး
ဓာတ်အားခွဲရုံတစ်မျိုးဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံ တွေက ဓာတ်အားလိုင်းကြီးတွေနဲ့ပို့လာတဲ့
ဓာတ်အားတွေကို ၅၀၀ ကေဗွီ၊ ၃၇၅ ကေဗွီ၊ ၂၇၅ ကေဗွီ ၁၃၂ ကေဗွီ၊ ၁၁၀ ကေဗွီ စသဖြင့် ဓာတ်အားခွဲရုံတွေအဆင့်ဆင့်ခံ
ပို့လွှတ်လာပြီး အဲဒီကမှတဆင့် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၂၂ ကေဗွီ စတဲ့လိုင်းတွေနဲ့ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံတွေကို
ချိတ်ဆက်ပြီး ဓာတ်အားသုံးစွဲသူတွေ အိမ်၊ ရပ်ကွက်၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ စက်ရုံ စတာတွေကို
ဖြန့်ခွဲပို့ဖို့ ၁၁ ကေဗွီ ၊ ၁၀ ကေဗွီ၊ ၆.၆ ကေဗွီ အစရှိတဲ့ ဓာတ်အားလိုင်းတွေနဲ့ ပြန်ဖြန့်ဖြူး
ပေးတာဖြစ်ပါတယ်။ ဖော်ပြပါဗို့အားတွေမှာ တချို့ဗို့အားစနစ်တွေက မြန်မာပြည်မှာတော့ မသုံးပါဘူး။
မြန်မာနိုင်ငံ မှာတော့ 66/11 kV Substation ကို အသုံးပြုပါတယ်။ ဒါကြောင့်လဲ ရေးတင်စေချင်တယ်လို့
ထင်ပါတယ်။
Source: https://www.groupnish.com/solution/switch-yard
ဓာတ်အားခွဲရုံ (၁) ရုံတည်ဆောက်ဖို့အတွက်
တကယ်ကတော့ အရင်ဆုံးမြေနေရာရွေးချယ်ဖို့ ဆာဗေးပြုလုပ်ရပါတယ်။ စဉ်းစားရမယ့် အဓိကအချက်တွေကတော့
လက်ရှိနဲ့ အနာဂါတ်မှာ ဓာတ်အား သုံးစွဲလိုသည့်နေရာကို ပို့လွှတ်နိုင်မည့် အကွာအဝေး အချက်အချာဗဟို
ဖြစ်ခြင်း၊ ဓာတ်အားလိုင်းများ အဝင်အထွက် ပြုလုပ်ရန်အဆင်ပြေခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်မှု
အနည်းဆုံးဖြစ်စေမည့်နေရာ ဖြစ်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု ပြုလုပ်ရန်လွယ်ကူခြင်း၊ တည်ဆောက်ရေးပစ္စည်းများရရှိနိုင်ခြင်း၊
စတာတွေကို စိစစ် ရွေးချယ်ရတာဖြစ်ပါတယ်။
ရွေးချယ်သည့်နေရာရရှိပါက မြေသားစမ်းသပ်မှုကို
ပြုလုပ်ရပါတယ်။ မြေသားအမျိုးအစား နှင့်အလွှာအခြေအနေ၊ ရူပဗေဒနှင့် မက္ကင်းနစ်ဆိုင်ရာ
ဂုဏ်သတ္တိ(Physical and Mechanical Properties) များနှင့် တည်ဆောက်ရေးဒီဇိုင်းအတွက်
မြေသားဒီဇိုင်းအချက်အလက်များ စသည်တို့ကို ရရှိနိုင်ရန် အတွက် ပြုလုပ်ရတာ ဖြစ်ပါ တယ်။
မြေအနက် ၃ မီတာမှ ၄၀ မီတာ အထိ လိုအပ်သလို မြေသားနမူနာများရယူပြီး လုပ်ငန်းခွင်ထဲမှာရော၊
စမ်းသပ်ခန်းထဲမှာရော စမ်းသပ်မှု ပြုလုပ်ရတာဖြစ်ပါတယ်။ အဓိကကတော့ ဓာတ်အားခွဲရုံထဲမှာ
တည်ဆောက်မယ့် မြို့ပြပိုင်းဆိုင်ရာအားလုံးအတွက် ပုံမှန်နဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေ(Static
and Dynamic Condition) တွေမှာ အပူချိန်၊ လေ၊ မြေငလျှင် စတဲ့ ရာသီဥတုဒဏ်များ၊ သုံးစွဲမယ့်အဆောက်အဦ၊
လမ်း၊ အုတ်မြစ်များ၏ အတွင်း၊ အပြင်နှင့် ၎င်းတို့၏ ကိုယ်တိုင် ဝန်အားသက်ရောက်မှုများ
စသည်တို့ကို တွက်ချက်ချိန်ဆပြီး မြေသားခံနိုင်ရည်နဲ့ ဆက်စပ်စဉ်းစား တွက်ချက် ဆောင်ရွက်ရတာဖြစ်ပါတယ်။
မြေသားအမျိုးအစားအလိုက် မြေသားခံနိုင်ရည်ကို အရင်ပို့စ်တွေမှာ ဖော်ပြဖူးပါတယ်။
တည်ဆောက်မယ့်နေရာရဲ့ မြေမျက်နှာသွင်ပြင်အနေအထား၊ မြေသားမာကျောမှု စတာတွေအပေါ်အခြေခံပြီး လိုအပ်တဲ့ မြေအကျယ်နဲ့အမြင့်ရအောင် ရှင်းလင်းခြင်း၊ ဖြတ်ရန်လိုက ဖြတ်ခြင်း၊ မြေသားလဲရန်လိုက လဲခြင်း စတာတွေကိုလည်း လုပ်ဆောင်ရတာဖြစ်ပါတယ်။
Source: httpselectrical-engineering-portal.comdownload-centerbooks-and-guidespower-substations66-11-kv-grid-substation
66/11 kV Substation တစ်ခုမှာ အောက်ပါအပိုင်းများ
ပါဝင်ပါတယ်-
(၁) အဆောက်အဦးများ(ထိန်းချုပ်မောင်းနှင်ခန်း၊
ရုံး၊ ထိန်းသိမ်းပြုပြင်ခန်း၊ စတို၊ မီးစက်၊ လုံခြုံရေး စသည်)
(၂) လမ်းများ(အဝင်လမ်း၊ ခွဲရုံအတွင်းပတ်လမ်းစသည်)
(၃) ဓာတ်အားလွှတ်ပစ္စည်းများ(ထရန်စဖော်မာ၊
Gantry and Beam, Conductor, Switchgear စသည်)
(၄) Panel များ(Control Panel,
Switchgear, Battery and Charger, Communication စသည်)
(၅) မြောင်းများ(ကေဘယ်မြောင်း၊
ရေမြောင်း စသည်)
(၆) ခြံစည်းရိုး(Switchyard ဝန်း ၊ ခွဲရုံဝန်း
စသည်)
အထက်ပါ ပါဝင်သော အပိုင်းများကို ခေါင်းစဉ်တစ်ခုခြင်းအလိုက်
ဖော်ပြလိုက်ပါတယ်-
(၁) အဆောက်အဦးများ
ထိန်းချုပ်မောင်းနှင်ခန်း၊ ရုံးခန်း၊
ထိန်းသိမ်းပြုပြင်ခန်း၊ စတိုခန်း၊ မီးစက်ခန်း၊ လုံခြုံရေးခန်း စသည်ဖြင့် ဖော်ပြထား
ပေမယ့် ဒီဇိုင်းအပေါ်မူတည်ပြီး ပေါင်းတဲ့အခန်းတွေရှိသလို သီးခြားခွဲထားတဲ့ အဆောက်အဦးတွေလဲရှိပါတယ်။
ဓာတ်အားထိန်းချုပ်ခန်း၊ ရုံး၊ လုံခြံရေး၊
မီးစက် စသည်တို့အတွက် အဆောက်အဦးများတည်ဆောက်ခြင်း ဖြစ်ပါတယ်။ မြို့ပြဆိုင်ရာလုပ်ငန်းတွေမှာ
မဖြစ်မနေလုပ်ရတာကတော့ အထက်ကပြောသလို ခံနိုင်ရည်တွေ တောက်လျှောက် စဉ်းစား တွက်ချက်ရတာဖြစ်ပါတယ်။
ဓာတ်အားထိန်းချုပ်ခန်းဆိုရင် အဲဒီအထဲမှာထည့်မယ့်
လူ၊ ပရိဘောဂ၊ ဓာတ်အား ထိန်းချုပ်ပစ္စည်းများ၊ GIS, AIS Swithchgear Panel များ၊ Batterry
and Charger များစသည့် Equipment များနှင့် Panel များ၊ အကျယ်လိုအပ်ချက်၊ လေအေးပေးစက်လို
အခြားထပ်မံ ထည့်သွင်းသည့် ပစ္စည်းများ စသည်ဖြင့် အားလုံးရဲ့ဝန်အားသက်ရောက်မှု၊ အဆောက်အဦးကိုယ်တိုင်ရဲ့ဝန်အားသက်ရောက်မှု၊
အထက်ကဖော်ပြထားသလို ပြင်ပသက်ရောက်မှု စတာတွေကို တွက်ချက်ပြီး တွက်ချက်ရပါတယ်။ ဆက်လက်ပြီး
အုတ်မြစ်အတွက် အဲဒီဝန်အားသက်ရောက်မှုများနဲ့ မြေသားခံနိုင်ရည် ပေါ် တွက်ချက်သုံးသပ်ပြီး
အုတ်မြစ်အမျိုးအစားတွေ ရွေးချယ်ရတာ ဖြစ်ပါတယ်။ မြေသားအလိုက် အုတ်မြစ်ရွေးချယ်ပုံ တွေတော့
အရင်ပို့စ်တွေမှာ ဖော်ပြဖူးပါတယ်။
အဆောက်အဦးတွေကို သံကူကွန်ကရစ်ဒီဇိုင်းနဲ့ပဲ
တည်ဆောက်ရတာများပါတယ်။ နံရံကိုတော့ အဆောက်အဦး အမျိုးအစားပေါ်မူတည်ပြီး ကွန်ကရစ်လောင်းတာဖြစ်ဖြစ်၊
အုတ်နဲ့ဘိလပ်မြေဖြစ်ဖြစ် အသုံးပြုပါတယ်။ ပလာစတာ မံပေးရပါမယ်။ အမိုးများဆိုရင် ရေခိုးရေငွေ့အစိုဓာတ်နဲ့
အပူဒဏ် ကာကွယ်သည့် ကြားခံများ Bituminous Barriers လိုအရာမျိုးတွေကို ထည့်သွင်းရပါတယ်။
Batterry and Charger ထားတဲ့အခန်းဆိုရင်
အထူးသဖြင့် လေဝင်လေထွက်ကောင်းအောင်စီမံပေးရပါတယ်။ Lead Acid Battery Type လို အက်စစ်သုံးတဲ့
ဘတ္ထရီများဆိုရင် အက်ဆစ်ဒက်ခံကြမ်းခင်းများ၊ လက်ဆေးဘေစင်များ စသည်တို့ကိုပါ ထည့်ပေးရပါတယ်။
တံခါးများကိုလည်း ပတ်ဝန်းကျင်အပူချိန်ပေါ်မူတည်ပြီး လှောင်နေတာမျိုး မဖြစ်အောင် လေဝင်လေထွက်ကောင်းမွန်သည့်
ပုံစံ ရွေးချယ်ထားရှိရပါတယ်။
(၂) လမ်းများ
ဓာတ်အားခွဲရုံတွေမှာ လမ်းကိုတော့ ကွန်ကရစ်နဲ့ပဲခင်းတာများပါတယ်။
အဝင်လမ်းကို ၈ မီတာလောက်ကျယ်သင့်ပြီး၊ ခွဲရုံအတွင်းပတ်လမ်းများကိုတော့ ၅ မီတာလောက်ကျယ်သင့်ပါတယ်။
ထရန်စဖော်မာကအစ အခြားဓာတ်အားလွှတ် ပစ္စည်းတွေ လိုအပ်သလို ထုတ်/ သွင်း ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။
လမ်းခံနိုင်ရည်အနေနဲ့တော့ ဘီးတစ်ဘီးစာလျှင် ခံနိုင်အား ၅ တန်လောက်ခံနိုင်အောင် ပြုလုပ်သင့်ပါတယ်။
(၃) ဓာတ်အားလွှတ်ပစ္စည်းများ (ထရန်စဖော်မာ၊ Gantry and Beam,
Conductor, Switchgear စသည်)
ထရန်စဖော်မာကတော့ ၆၆/၁၁ ကေဗွီ ထရန်စဖော်မာကို နှစ်ဘက်စလုံး Star- Star Connected Transformer ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Star- Delta Connected Transformer ကိုလည်းသုံးကြပေမယ့် အဲဒါတွေက Ground Fault Protection အတွက် အခက်အခဲရှိနိုင်ပါတယ်။ Downstream မှာ အပြစ်ဖြစ်ရင် ၆၆ ကေဗွီ ဘက်အခြမ်းအထိ တက်ပြုတ်နိုင်ပါတယ်။ ၆၆ ကေဗွီ စနစ်တွေက ဓာတ်အားလိုင်းဒီဇိုင်းကန့်သတ်ချက် အပေါ်မူတည်ပြီး အဝင်တစ်လိုင်းတည်းဆို ဝန်အားမဂ္ဂါဝပ်အနေနဲ့ အများဆုံး ၄၀ မဂ္ဂါဝပ်အထိ ရှိတာမို့ (၂) လိုင်းသုံးရင် ၈၀ မဂ္ဂါဝပ်အထိ အသုံးပြုနိုင်ပါတယ်။ အဲဒီအပေါ် အသုံးပြုလို့တဲ့ ဝန်အားအပေါ်အခြေခံပြီး တပ်ဆင်အင်အားကို ရွေးချယ် အသုံးပြုရမှာ ဖြစ်ပါတယ်။ မီးလောင်ရင် တစ်လုံးနဲ့တစ်လုံးကာကွယ်နိုင်ဖို့ Firewall ကွန်ကရစ်နံရံတွေကိုတပ်ဆင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ဆီယိုလာရင် ပြန်စုနိုင်ဖို့ ဆီစုကန်ကို ထည့်သွင်း တပ်ဆင်ကြတာရှိပါတယ်။ ဓာတ်အားခွဲရုံ အတွင်း AC ဓာတ်အားသုံးစွဲနိုင်ရန်အတွက် Station ထရန်စဖော်မာကို တပ်ဆင်ရပြီး ပုံမှန် Distribution ထရန်စဖော်မာ များနဲ့အတူတူပဲဖြစ်ပါတယ်။ 100 kVA လောက်တပ်ဆင်လေ့ရှိပြီး တကယ်ကတော့ သုံးစွဲမယ့်ဝန်အားကို တွက်ချက်ပြီး တပ်ဆင်တာဖြစ်ပါတယ်။
Gantry and Beam တွေကတော့ တစ်လိုင်းစာ
အကျယ်ကို ၈ မီတာ၊ အမြင့်ကို ၁၀ မီတာ ထားရမှာဖြစ်ပါတယ်။ မိုးကြိုးလွှဲအတွက် ၂ မီတာ ထားရမှာ
ဖြစ်ပါတယ်။ ကြံ့ခိုင်မှုနဲ့ အုတ်မြစ်အတွက်ကတော့ ၎င်းတို့ကိုယ်တိုင်ရဲ့အလေးချိန်၊ သူ့ကိုချိတ်မယ့်ကြိုး၊
လျှပ်ကာနှင့်ဆက်စပ်ပစ္စည်းများ၊ တပ်ဆင်မယ့်လူ၊ လေတိုက်နှုန်း၊ မြေငလျှင်၊ မြေအမျိုးအစား
စတာတွေကို ထည့်သွင်းစဉ်းစားတွက်ချက် ရမှာဖြစ်ပါတယ်။ အပေါ်က ထရန်စဖော်မာရော အခြားပစ္စည်းတွေရဲ့
Structure များရော အဲဒီလိုပဲ စဉ်းစားရတာဖြစ်ပါတယ်။
Conductor ကတော့ AAC(All Aluminum
Conductor) ကို အသုံးပြုပါတယ်။ လက်ခံပြီး ပြန်ဖြန့်ဖြူးလိုတဲ့ ဓာတ်အားပမာဏကိုတွက်ချက်ပြီး
လျှပ်စီးတန်ဖိုးနဲ့ ကြိုးရွေးချယ်တာဖြစ်ပါတယ်။ တစ်ချို့ကတော့ Aluminum Pipe တွေကို
အသုံးပြုကြပါတယ်။
Switchgear များကတော့ Bus
Disconnecting Switch, Circuit Breaker, Current Transformer, Line Disconnecting
Switch, Potential Transformer, Lightning Arrester, Bus Coupler, Bus Sectionalizer
စသည်တို့ပဲဖြစ်ပါတယ်။ Disconnection Switch များကတော့ ထိန်းသိမ်းပြုပြင်ရေးလုပ်တဲ့အခါ၊
၎င်းဖီဒါကို ခွဲထုတ်လိုတဲ့အခါတွေမှာ အကြောင်းအမျိုးမျိုးကြောင့်ဆက်သွယ်မှုမရှိအောင်
ပိုင်းခြားထားတာဖြစ်ပါတယ်။ Circuit Breaker ကတော့ ပုံမှန် အဖွင့်အပိတ်လုပ်တဲ့အချိန်နဲ့
အပြစ်ဖြစ်ပေါ်တဲ့အချိန်တွေမှာ ဖီဒါကို ပိတ်ချလို့ရအောင် တပ်ဆင်တာဖြစ်ပါတယ်။ Current
Transformer ကတော့ ဖီဒါပေါ်မှာ စီးဆင်းနေတဲ့ လျှပ်စီးပမာဏကို သိရှိရအောင်တပ်ဆင်ထားတာဖြစ်ပါတယ်။
Potential Transformer ကတော့ လိုင်းကဝင်လာတဲ့ အဝင်ဗို့အားကို သိချင်လို့တပ်ထားတာပဲ
ဖြစ်ပါတယ်။ Lightning Arrester ကတော့ မိုးကြိုးရော၊ လိုင်းပေါ်မှာအပြစ်ဖြစ်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့
ရုတ်တရက်ဆောင့်တက်လာတဲ့ ဓာတ်အားများကို မြေဓာတ်ချပစ်ဖို့သုံးတာဖြစ်ပါတယ်။ Bus
Coupler, Bus Sectionalizer တွေကတော့ ထရန်စဖော်မာ (၂) လုံးထက်ပိုသုံးရင်၊ ဖီဒါတွေများရင်၊
Busbar (၂) ခုသုံးရင် စတဲ့အခြေအနေတွေမှာ ပိုင်းခြားဖြန့်ဖြူးနိုင်ဖို့သုံးတာဖြစ်ပါတယ်။
Switchgear တွေအားလုံးမှာ ရှိရမယ့် စံချိန်စံညွှန်းအနေနဲ့ကတော့
သတ်မှတ်ဗို့အားကို 72.5 kV ဖြင့် အသုံးပြုပါတယ်။ Lightning Arrester တစ်ခုကပဲ 60kV
ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ လျှပ်စီး ခံနိုင်ရည်အတွက် ဖီဒါက လက်ခံပို့လွှတ်လိုတဲ့ပမာဏကို
မူတည်ပြီး ရွေးချယ်အသုံးပြု ပါတယ်။ အပြစ်ဖြစ်ပေါ်တဲ့ အခြေအနေအတွက် 31.5 kA ကို အသုံးပြုပါတယ်။
Current Transformer ရဲ့ Secondary Current ကိုတော့ 1 A သို့မဟုတ် 5 A အသုံးပြုပါတယ်။
မီတာနဲ့ Relay များဆီ ပို့ဖို့ဖြစ်ပါတယ်။ Potential Transformer ရဲ့ Secondary
Voltage ကိုတော့ ၁၁၀ ဗို့ အသုံးပြုပါတယ်။ တပ်ဆင်အင်အား(Burden) VA အနေနဲ့ကတော့ အသုံးပြုမယ့်
Secondary အရေအတွက်၊ မီတာ၊ Relay အရေအတွက်၊ ချိတ်ဆက်သွယ်ပို့မယ့် Control Cable အရှည်
စတာတွေကို တွက်ချက်ပြီးအသုံးပြုရမှာ ဖြစ်ပါတယ်။ Power frequency withstand voltage
က 140 kV ဖြစ်ပါတယ်။ Clearance ကတော့ (၂) မီတာ ဖြစ်ပါ တယ်။
ဓာတ်အားလွှတ်ပစ္စည်းများအားလုံးကို မြေဓာတ်ချရန်လိုအပ်သည့်အတွက်
Switchyard နှင့် အခြားအဆောက်အဦး များ၏ အောက်တွင် မြေဓာတ်ချသည့် ကြေးနန်းကြိုးများနှင့်
ကြေးသတ္တုစပ် ငုတ်များကိုချိတ်ဆက် ခင်းချထားရန် လိုအပ်ပါသည်။ မြေဓာတ်ခုခံမှု (၀.၅)
အုမ်း အထိရအောင် လုပ်ဖို့လိုပါတယ်။ မြေဓာတ်ချနစ်နဲ့ပတ်သက်ပြီး အရင်ပို့စ်မှာ ဖော်ပြထားပါတယ်။
(၄) Panel များ(Control Panel,
Switchgear, Battery and Charger, Communication စသည်)
Control Panel ကတော့ ဓာတ်အားခွဲရုံအတွင်းတပ်ဆင်ထားပြီး
ဖီဒါတစ်ခုချင်းအလိုက် Panel တစ်ခုချင်းစီ တပ်ဆင်လေ့ရှိပြီး Ampere, Voltage, Power
တန်ဖိုးများ ဖတ်ရှုနိုင် သော Multimeter, Overcurrent and Earth Fault Relay၊ ထရန်စဖော်မာဖီဒါ၏
Panel တွင် Differential Relay နဲ့ Disconnecting Switch နှင့် Circuit Breaker အဖွင့်
အပိတ်ခလုတ်များ၊ မောင်းနှင်သူကို သိရှိစေလိုသော
Alarm စနစ်များ၊ ယူနစ်မီတာများနှင့် စမ်းသပ်ခလုတ်များ ပါဝင်ပါတယ်။ Switchyard ထဲမှလည်း
ထိန်းချုပ်မောင်းနှင်နိုင်ဖို့ Disconnecting Switch နှင့် Circuit Breaker တွေမှာ
သက်ဆိုင်ရာ Local Panel များပါဝင်ပါ သေးတယ်။ Smart System ခွဲရုံများမှာတော့ ဓာတ်အားခွဲရုံသုံး
အလို အလျောက်ထိန်းချုပ်စနစ်(Substation Automation System) ပါဝင်ပြီး Operator ကွန်ပြူတာဖြင့်
စောင့်ကြည့် မောင်းနှင်ထိန်းချုပ်သည့် စနစ်များ ပါဝင်လာပါတယ်။
Switchgear Panel များကတော့ ၆၆ ကေဗွီကို
GIS Switchgear များဖြင့် ထိန်းချုပ်ခန်းအဆောက်အဦးထဲတွင် တပ်ဆင်လျှင် ၎င်း GIS ဖီဒါများနှင့်
၁၁ ကေဗွီ GIS, AIS Switchgear များတွင် Panel တစ်ပါတတည်း တပ်ဆင်ထားပြီး အထက်ကအတိုင်း
မီတာ၊ Relay၊ အဖွင့်အပိတ်ခလုတ်၊ Alarmနှင့် စမ်းသပ်ခလုတ်များ ပါဝင်တာ ဖြစ်ပါတယ်။
Battery and Charger မှာ Battery ကို
၁၁၀ ဗို့ အသုံးပြုလေ့ရှိပြီး ၎င်းဒီစီဓာတ်အားများကို မီတာ၊ Relay၊ အဖွင့်အပိတ်ခလုတ်၊
Alarmနှင့် စမ်းသပ်ခလုတ်များနှင့် Switchgear များသို့ DC Distribution Panel များဖြင့်
ပို့လွှတ်ခြင်းဖြစ်ပါသည်။ AC ဓာတ်အားဖြင့် Battery များကို Charger များအသုံးပြု၍ အားသွင်းပြီး
AC ဓာတ်အားပြတ်တောက်ပါက Battery များက ဒီစီ ဓာတ်အားကို ဆက်လက်ဖြန့်ဖြူးပါတယ်။ DC
Distribution Panel လို AC Distribution Panel များလည်းရှိပြီး ခွဲရုံအတွင်း လိုအပ်သည့်
နေရာအားလုံး(Lighting, Socket, Motor စသည်) ကို ချိတ်ဆက်ဖြန့်ဖြူးရပါတယ်။
Communication Panel ကတော့ ဓာတ်အားခွဲရုံမှာ
ကိုယ်ပိုင်ဆက်သွယ်ရေးနှင့် အချက်အလက်သယ်ပို့စနစ် Power Line Carrier, Optical
Fiber, Microwave စသည့် စနစ်များအတွက် အသုံးပြုသည့် Panel များ ဖြစ်ပါတယ်။
(၅)
မြောင်းများ(ကေဘယ်မြောင်း၊ ရေမြောင်း စသည်)
ကေဘယ်မြောင်းများကတော့ Switchyard အတွင်းမှ ဓာတ်အားလွှတ်ပစ္စည်းများတစ်ခုစီမှ
ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်းရှိ Panel များနှင့် ချိတ်ဆက်နိုင်ရန် Control
Cable နှင့် Power Cable များ စနစ်တကျ စီချသွယ်တန်းနိုင်အောင် ပြုလုပ်ထားသော မြောင်းများ
ဖြစ်ပြီး သုံးစွဲမည့်ကြိုးအရေအတွက်နှင့် သွယ်တန်းမည့်ပုံစံ
အပေါ် မူတည်၍ မြောင်းအရွယ်အစားများကို တွက်ချက်ပြုလုပ်ရတာဖြစ်ပါတယ်။ ရေမြောင်းကတော့ Switchyard နဲ့ ခွဲရုံအတွင်း ရေမတင်အောင် ရေထုတ်မြောင်းစနစ်ပဲ
ဖြစ်ပါတယ်။ ကေဘယ်မြောင်း များက စီးလာနိုင်သည့်ရေကို ရေမြောင်းသို့ချိတ်ဆက်ရပြီး
ကေဘယ်မြောင်းအတွင်း ရေမတင်အောင် Level ကွာဟချက်များထားရှိရပါတယ်။
(၆) ခြံစည်းရိုး(Switchyard ဝန်း ၊ ခွဲရုံဝန်း
စသည်)
Switchyard ဝန်းခြံစည်းရိုးအနေဖြင့် သံပိုက်၊
သံနန်းစကာများဖြင့် ပြုလုပ်လေ့ရှိပြီး ဓာတ်လိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ၎င်းကို
မြေဓာတ်ချထားရပါသည်။ ခွဲရုံဝန်းခြံစည်းရိုးအနေဖြင့် အုတ်နံရံများပြုလုပ်လေ့ရှိပြီး
လျှပ်ကူနိုင်သောအရာများအားလုံးကို မြေဓာတ်ချထားရန် လိုအပ်ပါသည်။
အပေါ်ကဖော်ပြခဲ့တာတွေထဲမှာ 66/11 kV
Substation ရဲ့အရေးပါမှုအခြေအနေပေါ်မူတည်ပြီး တစ်ချိုု့အရာတွေ ထည့်ဖို့မလိုတာလည်း ရှိပါတယ်။