Sunday, November 26, 2023

66/11 kV Substation အကြောင်း


ဓာတ်အားခွဲရုံနဲ့ပတ်သက်တဲ့အကြောင်းက တင်ပေးထားပြီးပါပြီ။ ဒါပေမယ့် ညီငယ်တစ်ယောက်က Comment မှာ ဒီအကြောင်းရေးတင်ပေးပါပြောလို့ သူ့အကြောင်းချည်းပဲ သပ်သပ်ရေးတင်ပေးလိုက်ပါတယ်။

66/11 kV Substation က ဓာတ်အားဖြန့်ဖြူးရေးစနစ်သုံး ဓာတ်အားခွဲရုံတစ်မျိုးဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံ တွေက ဓာတ်အားလိုင်းကြီးတွေနဲ့ပို့လာတဲ့ ဓာတ်အားတွေကို ၅၀၀ ကေဗွီ၊ ၃၇၅ ကေဗွီ၊ ၂၇၅ ကေဗွီ ၁၃၂ ကေဗွီ၊ ၁၁၀ ကေဗွီ စသဖြင့် ဓာတ်အားခွဲရုံတွေအဆင့်ဆင့်ခံ ပို့လွှတ်လာပြီး အဲဒီကမှတဆင့် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၂၂ ကေဗွီ စတဲ့လိုင်းတွေနဲ့ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံတွေကို ချိတ်ဆက်ပြီး ဓာတ်အားသုံးစွဲသူတွေ အိမ်၊ ရပ်ကွက်၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ စက်ရုံ စတာတွေကို ဖြန့်ခွဲပို့ဖို့ ၁၁ ကေဗွီ ၊ ၁၀ ကေဗွီ၊ ၆.၆ ကေဗွီ အစရှိတဲ့ ဓာတ်အားလိုင်းတွေနဲ့ ပြန်ဖြန့်ဖြူး ပေးတာဖြစ်ပါတယ်။ ဖော်ပြပါဗို့အားတွေမှာ တချို့ဗို့အားစနစ်တွေက မြန်မာပြည်မှာတော့ မသုံးပါဘူး။ မြန်မာနိုင်ငံ မှာတော့ 66/11 kV Substation ကို အသုံးပြုပါတယ်။ ဒါကြောင့်လဲ ရေးတင်စေချင်တယ်လို့ ထင်ပါတယ်။

Source: https://www.groupnish.com/solution/switch-yard

ဓာတ်အားခွဲရုံ (၁) ရုံတည်ဆောက်ဖို့အတွက် တကယ်ကတော့ အရင်ဆုံးမြေနေရာရွေးချယ်ဖို့ ဆာဗေးပြုလုပ်ရပါတယ်။ စဉ်းစားရမယ့် အဓိကအချက်တွေကတော့ လက်ရှိနဲ့ အနာဂါတ်မှာ ဓာတ်အား သုံးစွဲလိုသည့်နေရာကို ပို့လွှတ်နိုင်မည့် အကွာအဝေး အချက်အချာဗဟို ဖြစ်ခြင်း၊ ဓာတ်အားလိုင်းများ အဝင်အထွက် ပြုလုပ်ရန်အဆင်ပြေခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်မှု အနည်းဆုံးဖြစ်စေမည့်နေရာ ဖြစ်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု ပြုလုပ်ရန်လွယ်ကူခြင်း၊ တည်ဆောက်ရေးပစ္စည်းများရရှိနိုင်ခြင်း၊ စတာတွေကို စိစစ် ရွေးချယ်ရတာဖြစ်ပါတယ်။

ရွေးချယ်သည့်နေရာရရှိပါက မြေသားစမ်းသပ်မှုကို ပြုလုပ်ရပါတယ်။ မြေသားအမျိုးအစား နှင့်အလွှာအခြေအနေ၊ ရူပဗေဒနှင့် မက္ကင်းနစ်ဆိုင်ရာ ဂုဏ်သတ္တိ(Physical and Mechanical Properties) များနှင့် တည်ဆောက်ရေးဒီဇိုင်းအတွက် မြေသားဒီဇိုင်းအချက်အလက်များ စသည်တို့ကို ရရှိနိုင်ရန် အတွက် ပြုလုပ်ရတာ ဖြစ်ပါ တယ်။ မြေအနက် ၃ မီတာမှ ၄၀ မီတာ အထိ လိုအပ်သလို မြေသားနမူနာများရယူပြီး လုပ်ငန်းခွင်ထဲမှာရော၊ စမ်းသပ်ခန်းထဲမှာရော စမ်းသပ်မှု ပြုလုပ်ရတာဖြစ်ပါတယ်။ အဓိကကတော့ ဓာတ်အားခွဲရုံထဲမှာ တည်ဆောက်မယ့် မြို့ပြပိုင်းဆိုင်ရာအားလုံးအတွက် ပုံမှန်နဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေ(Static and Dynamic Condition) တွေမှာ အပူချိန်၊ လေ၊ မြေငလျှင် စတဲ့ ရာသီဥတုဒဏ်များ၊ သုံးစွဲမယ့်အဆောက်အဦ၊ လမ်း၊ အုတ်မြစ်များ၏ အတွင်း၊ အပြင်နှင့် ၎င်းတို့၏ ကိုယ်တိုင် ဝန်အားသက်ရောက်မှုများ စသည်တို့ကို တွက်ချက်ချိန်ဆပြီး မြေသားခံနိုင်ရည်နဲ့ ဆက်စပ်စဉ်းစား တွက်ချက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ မြေသားအမျိုးအစားအလိုက် မြေသားခံနိုင်ရည်ကို အရင်ပို့စ်တွေမှာ ဖော်ပြဖူးပါတယ်။

တည်ဆောက်မယ့်နေရာရဲ့ မြေမျက်နှာသွင်ပြင်အနေအထား၊ မြေသားမာကျောမှု စတာတွေအပေါ်အခြေခံပြီး လိုအပ်တဲ့ မြေအကျယ်နဲ့အမြင့်ရအောင် ရှင်းလင်းခြင်း၊ ဖြတ်ရန်လိုက ဖြတ်ခြင်း၊ မြေသားလဲရန်လိုက လဲခြင်း စတာတွေကိုလည်း လုပ်ဆောင်ရတာဖြစ်ပါတယ်။


Source: httpselectrical-engineering-portal.comdownload-centerbooks-and-guidespower-substations66-11-kv-grid-substation 

66/11 kV Substation တစ်ခုမှာ အောက်ပါအပိုင်းများ ပါဝင်ပါတယ်-

(၁) အဆောက်အဦးများ(ထိန်းချုပ်မောင်းနှင်ခန်း၊ ရုံး၊ ထိန်းသိမ်းပြုပြင်ခန်း၊ စတို၊ မီးစက်၊ လုံခြုံရေး စသည်)

(၂) လမ်းများ(အဝင်လမ်း၊ ခွဲရုံအတွင်းပတ်လမ်းစသည်)

(၃) ဓာတ်အားလွှတ်ပစ္စည်းများ(ထရန်စဖော်မာ၊ Gantry and Beam, Conductor, Switchgear စသည်)

(၄) Panel များ(Control Panel, Switchgear, Battery and Charger, Communication စသည်)

(၅) မြောင်းများ(ကေဘယ်မြောင်း၊ ရေမြောင်း စသည်)

(၆) ခြံစည်းရိုး(Switchyard ဝန်း ၊ ခွဲရုံဝန်း စသည်)

အထက်ပါ ပါဝင်သော အပိုင်းများကို ခေါင်းစဉ်တစ်ခုခြင်းအလိုက် ဖော်ပြလိုက်ပါတယ်-

(၁) အဆောက်အဦးများ

ထိန်းချုပ်မောင်းနှင်ခန်း၊ ရုံးခန်း၊ ထိန်းသိမ်းပြုပြင်ခန်း၊ စတိုခန်း၊ မီးစက်ခန်း၊ လုံခြုံရေးခန်း စသည်ဖြင့် ဖော်ပြထား ပေမယ့် ဒီဇိုင်းအပေါ်မူတည်ပြီး ပေါင်းတဲ့အခန်းတွေရှိသလို သီးခြားခွဲထားတဲ့ အဆောက်အဦးတွေလဲရှိပါတယ်။

ဓာတ်အားထိန်းချုပ်ခန်း၊ ရုံး၊ လုံခြံရေး၊ မီးစက် စသည်တို့အတွက် အဆောက်အဦးများတည်ဆောက်ခြင်း ဖြစ်ပါတယ်။ မြို့ပြဆိုင်ရာလုပ်ငန်းတွေမှာ မဖြစ်မနေလုပ်ရတာကတော့ အထက်ကပြောသလို ခံနိုင်ရည်တွေ တောက်လျှောက် စဉ်းစား တွက်ချက်ရတာဖြစ်ပါတယ်။

ဓာတ်အားထိန်းချုပ်ခန်းဆိုရင် အဲဒီအထဲမှာထည့်မယ့် လူ၊ ပရိဘောဂ၊ ဓာတ်အား ထိန်းချုပ်ပစ္စည်းများ၊ GIS, AIS Swithchgear Panel များ၊ Batterry and Charger များစသည့် Equipment များနှင့် Panel များ၊ အကျယ်လိုအပ်ချက်၊ လေအေးပေးစက်လို အခြားထပ်မံ ထည့်သွင်းသည့် ပစ္စည်းများ စသည်ဖြင့် အားလုံးရဲ့ဝန်အားသက်ရောက်မှု၊ အဆောက်အဦးကိုယ်တိုင်ရဲ့ဝန်အားသက်ရောက်မှု၊ အထက်ကဖော်ပြထားသလို ပြင်ပသက်ရောက်မှု စတာတွေကို တွက်ချက်ပြီး တွက်ချက်ရပါတယ်။ ဆက်လက်ပြီး အုတ်မြစ်အတွက် အဲဒီဝန်အားသက်ရောက်မှုများနဲ့ မြေသားခံနိုင်ရည် ပေါ် တွက်ချက်သုံးသပ်ပြီး အုတ်မြစ်အမျိုးအစားတွေ ရွေးချယ်ရတာ ဖြစ်ပါတယ်။ မြေသားအလိုက် အုတ်မြစ်ရွေးချယ်ပုံ တွေတော့ အရင်ပို့စ်တွေမှာ ဖော်ပြဖူးပါတယ်။

အဆောက်အဦးတွေကို သံကူကွန်ကရစ်ဒီဇိုင်းနဲ့ပဲ တည်ဆောက်ရတာများပါတယ်။ နံရံကိုတော့ အဆောက်အဦး အမျိုးအစားပေါ်မူတည်ပြီး ကွန်ကရစ်လောင်းတာဖြစ်ဖြစ်၊ အုတ်နဲ့ဘိလပ်မြေဖြစ်ဖြစ် အသုံးပြုပါတယ်။ ပလာစတာ မံပေးရပါမယ်။ အမိုးများဆိုရင် ရေခိုးရေငွေ့အစိုဓာတ်နဲ့ အပူဒဏ် ကာကွယ်သည့် ကြားခံများ Bituminous Barriers လိုအရာမျိုးတွေကို ထည့်သွင်းရပါတယ်။

Batterry and Charger ထားတဲ့အခန်းဆိုရင် အထူးသဖြင့် လေဝင်လေထွက်ကောင်းအောင်စီမံပေးရပါတယ်။ Lead Acid Battery Type လို အက်စစ်သုံးတဲ့ ဘတ္ထရီများဆိုရင် အက်ဆစ်ဒက်ခံကြမ်းခင်းများ၊ လက်ဆေးဘေစင်များ စသည်တို့ကိုပါ ထည့်ပေးရပါတယ်။ တံခါးများကိုလည်း ပတ်ဝန်းကျင်အပူချိန်ပေါ်မူတည်ပြီး လှောင်နေတာမျိုး မဖြစ်အောင် လေဝင်လေထွက်ကောင်းမွန်သည့် ပုံစံ ရွေးချယ်ထားရှိရပါတယ်။

(၂) လမ်းများ

ဓာတ်အားခွဲရုံတွေမှာ လမ်းကိုတော့ ကွန်ကရစ်နဲ့ပဲခင်းတာများပါတယ်။ အဝင်လမ်းကို ၈ မီတာလောက်ကျယ်သင့်ပြီး၊ ခွဲရုံအတွင်းပတ်လမ်းများကိုတော့ ၅ မီတာလောက်ကျယ်သင့်ပါတယ်။ ထရန်စဖော်မာကအစ အခြားဓာတ်အားလွှတ် ပစ္စည်းတွေ လိုအပ်သလို ထုတ်/ သွင်း ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ လမ်းခံနိုင်ရည်အနေနဲ့တော့ ဘီးတစ်ဘီးစာလျှင် ခံနိုင်အား ၅ တန်လောက်ခံနိုင်အောင် ပြုလုပ်သင့်ပါတယ်။

(၃) ဓာတ်အားလွှတ်ပစ္စည်းများ (ထရန်စဖော်မာ၊ Gantry and Beam, Conductor, Switchgear စသည်)

ထရန်စဖော်မာကတော့ ၆၆/၁၁ ကေဗွီ ထရန်စဖော်မာကို  နှစ်ဘက်စလုံး Star- Star Connected Transformer ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Star- Delta Connected Transformer ကိုလည်းသုံးကြပေမယ့် အဲဒါတွေက Ground Fault Protection အတွက် အခက်အခဲရှိနိုင်ပါတယ်။ Downstream မှာ အပြစ်ဖြစ်ရင် ၆၆ ကေဗွီ ဘက်အခြမ်းအထိ တက်ပြုတ်နိုင်ပါတယ်။ ၆၆ ကေဗွီ စနစ်တွေက ဓာတ်အားလိုင်းဒီဇိုင်းကန့်သတ်ချက် အပေါ်မူတည်ပြီး အဝင်တစ်လိုင်းတည်းဆို ဝန်အားမဂ္ဂါဝပ်အနေနဲ့ အများဆုံး ၄၀ မဂ္ဂါဝပ်အထိ ရှိတာမို့ (၂) လိုင်းသုံးရင် ၈၀ မဂ္ဂါဝပ်အထိ အသုံးပြုနိုင်ပါတယ်။ အဲဒီအပေါ် အသုံးပြုလို့တဲ့ ဝန်အားအပေါ်အခြေခံပြီး တပ်ဆင်အင်အားကို ရွေးချယ် အသုံးပြုရမှာ ဖြစ်ပါတယ်။ မီးလောင်ရင် တစ်လုံးနဲ့တစ်လုံးကာကွယ်နိုင်ဖို့ Firewall ကွန်ကရစ်နံရံတွေကိုတပ်ဆင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ဆီယိုလာရင် ပြန်စုနိုင်ဖို့ ဆီစုကန်ကို ထည့်သွင်း တပ်ဆင်ကြတာရှိပါတယ်။ ဓာတ်အားခွဲရုံ အတွင်း AC ဓာတ်အားသုံးစွဲနိုင်ရန်အတွက် Station ထရန်စဖော်မာကို တပ်ဆင်ရပြီး ပုံမှန် Distribution ထရန်စဖော်မာ များနဲ့အတူတူပဲဖြစ်ပါတယ်။ 100 kVA လောက်တပ်ဆင်လေ့ရှိပြီး တကယ်ကတော့ သုံးစွဲမယ့်ဝန်အားကို တွက်ချက်ပြီး တပ်ဆင်တာဖြစ်ပါတယ်။

Gantry and Beam တွေကတော့ တစ်လိုင်းစာ အကျယ်ကို ၈ မီတာ၊ အမြင့်ကို ၁၀ မီတာ ထားရမှာဖြစ်ပါတယ်။ မိုးကြိုးလွှဲအတွက် ၂ မီတာ ထားရမှာ ဖြစ်ပါတယ်။ ကြံ့ခိုင်မှုနဲ့ အုတ်မြစ်အတွက်ကတော့ ၎င်းတို့ကိုယ်တိုင်ရဲ့အလေးချိန်၊ သူ့ကိုချိတ်မယ့်ကြိုး၊ လျှပ်ကာနှင့်ဆက်စပ်ပစ္စည်းများ၊ တပ်ဆင်မယ့်လူ၊ လေတိုက်နှုန်း၊ မြေငလျှင်၊ မြေအမျိုးအစား စတာတွေကို ထည့်သွင်းစဉ်းစားတွက်ချက် ရမှာဖြစ်ပါတယ်။ အပေါ်က ထရန်စဖော်မာရော အခြားပစ္စည်းတွေရဲ့ Structure များရော အဲဒီလိုပဲ စဉ်းစားရတာဖြစ်ပါတယ်။

Conductor ကတော့ AAC(All Aluminum Conductor) ကို အသုံးပြုပါတယ်။ လက်ခံပြီး ပြန်ဖြန့်ဖြူးလိုတဲ့ ဓာတ်အားပမာဏကိုတွက်ချက်ပြီး လျှပ်စီးတန်ဖိုးနဲ့ ကြိုးရွေးချယ်တာဖြစ်ပါတယ်။ တစ်ချို့ကတော့ Aluminum Pipe တွေကို အသုံးပြုကြပါတယ်။

Switchgear များကတော့ Bus Disconnecting Switch, Circuit Breaker, Current Transformer, Line Disconnecting Switch, Potential Transformer, Lightning Arrester, Bus Coupler, Bus Sectionalizer စသည်တို့ပဲဖြစ်ပါတယ်။ Disconnection Switch များကတော့ ထိန်းသိမ်းပြုပြင်ရေးလုပ်တဲ့အခါ၊ ၎င်းဖီဒါကို ခွဲထုတ်လိုတဲ့အခါတွေမှာ အကြောင်းအမျိုးမျိုးကြောင့်ဆက်သွယ်မှုမရှိအောင် ပိုင်းခြားထားတာဖြစ်ပါတယ်။ Circuit Breaker ကတော့ ပုံမှန် အဖွင့်အပိတ်လုပ်တဲ့အချိန်နဲ့ အပြစ်ဖြစ်ပေါ်တဲ့အချိန်တွေမှာ ဖီဒါကို ပိတ်ချလို့ရအောင် တပ်ဆင်တာဖြစ်ပါတယ်။ Current Transformer ကတော့ ဖီဒါပေါ်မှာ စီးဆင်းနေတဲ့ လျှပ်စီးပမာဏကို သိရှိရအောင်တပ်ဆင်ထားတာဖြစ်ပါတယ်။ Potential Transformer ကတော့ လိုင်းကဝင်လာတဲ့ အဝင်ဗို့အားကို သိချင်လို့တပ်ထားတာပဲ ဖြစ်ပါတယ်။ Lightning Arrester ကတော့ မိုးကြိုးရော၊ လိုင်းပေါ်မှာအပြစ်ဖြစ်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ရုတ်တရက်ဆောင့်တက်လာတဲ့ ဓာတ်အားများကို မြေဓာတ်ချပစ်ဖို့သုံးတာဖြစ်ပါတယ်။ Bus Coupler, Bus Sectionalizer တွေကတော့ ထရန်စဖော်မာ (၂) လုံးထက်ပိုသုံးရင်၊ ဖီဒါတွေများရင်၊ Busbar (၂) ခုသုံးရင် စတဲ့အခြေအနေတွေမှာ ပိုင်းခြားဖြန့်ဖြူးနိုင်ဖို့သုံးတာဖြစ်ပါတယ်။

Switchgear တွေအားလုံးမှာ ရှိရမယ့် စံချိန်စံညွှန်းအနေနဲ့ကတော့ သတ်မှတ်ဗို့အားကို 72.5 kV ဖြင့် အသုံးပြုပါတယ်။ Lightning Arrester တစ်ခုကပဲ 60kV ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ လျှပ်စီး ခံနိုင်ရည်အတွက် ဖီဒါက လက်ခံပို့လွှတ်လိုတဲ့ပမာဏကို မူတည်ပြီး ရွေးချယ်အသုံးပြု ပါတယ်။ အပြစ်ဖြစ်ပေါ်တဲ့ အခြေအနေအတွက် 31.5 kA ကို အသုံးပြုပါတယ်။ Current Transformer ရဲ့ Secondary Current ကိုတော့ 1 A သို့မဟုတ် 5 A အသုံးပြုပါတယ်။ မီတာနဲ့ Relay များဆီ ပို့ဖို့ဖြစ်ပါတယ်။ Potential Transformer ရဲ့ Secondary Voltage ကိုတော့ ၁၁၀ ဗို့ အသုံးပြုပါတယ်။ တပ်ဆင်အင်အား(Burden) VA အနေနဲ့ကတော့ အသုံးပြုမယ့် Secondary အရေအတွက်၊ မီတာ၊ Relay အရေအတွက်၊ ချိတ်ဆက်သွယ်ပို့မယ့် Control Cable အရှည် စတာတွေကို တွက်ချက်ပြီးအသုံးပြုရမှာ ဖြစ်ပါတယ်။ Power frequency withstand voltage က 140 kV ဖြစ်ပါတယ်။ Clearance ကတော့ (၂) မီတာ ဖြစ်ပါ တယ်။

ဓာတ်အားလွှတ်ပစ္စည်းများအားလုံးကို မြေဓာတ်ချရန်လိုအပ်သည့်အတွက် Switchyard နှင့် အခြားအဆောက်အဦး များ၏ အောက်တွင် မြေဓာတ်ချသည့် ကြေးနန်းကြိုးများနှင့် ကြေးသတ္တုစပ် ငုတ်များကိုချိတ်ဆက် ခင်းချထားရန် လိုအပ်ပါသည်။ မြေဓာတ်ခုခံမှု (၀.၅) အုမ်း အထိရအောင် လုပ်ဖို့လိုပါတယ်။ မြေဓာတ်ချနစ်နဲ့ပတ်သက်ပြီး အရင်ပို့စ်မှာ ဖော်ပြထားပါတယ်။

(၄) Panel များ(Control Panel, Switchgear, Battery and Charger, Communication စသည်)

Control Panel ကတော့ ဓာတ်အားခွဲရုံအတွင်းတပ်ဆင်ထားပြီး ဖီဒါတစ်ခုချင်းအလိုက် Panel တစ်ခုချင်းစီ တပ်ဆင်လေ့ရှိပြီး Ampere, Voltage, Power တန်ဖိုးများ ဖတ်ရှုနိုင် သော Multimeter, Overcurrent and Earth Fault Relay၊ ထရန်စဖော်မာဖီဒါ၏ Panel တွင် Differential Relay နဲ့ Disconnecting Switch နှင့် Circuit Breaker အဖွင့် အပိတ်ခလုတ်များ၊  မောင်းနှင်သူကို သိရှိစေလိုသော Alarm စနစ်များ၊ ယူနစ်မီတာများနှင့် စမ်းသပ်ခလုတ်များ ပါဝင်ပါတယ်။ Switchyard ထဲမှလည်း ထိန်းချုပ်မောင်းနှင်နိုင်ဖို့ Disconnecting Switch နှင့် Circuit Breaker တွေမှာ သက်ဆိုင်ရာ Local Panel များပါဝင်ပါ သေးတယ်။ Smart System ခွဲရုံများမှာတော့ ဓာတ်အားခွဲရုံသုံး အလို အလျောက်ထိန်းချုပ်စနစ်(Substation Automation System) ပါဝင်ပြီး Operator ကွန်ပြူတာဖြင့် စောင့်ကြည့် မောင်းနှင်ထိန်းချုပ်သည့် စနစ်များ ပါဝင်လာပါတယ်။

Switchgear Panel များကတော့ ၆၆ ကေဗွီကို GIS Switchgear များဖြင့် ထိန်းချုပ်ခန်းအဆောက်အဦးထဲတွင် တပ်ဆင်လျှင် ၎င်း GIS ဖီဒါများနှင့် ၁၁ ကေဗွီ GIS, AIS Switchgear များတွင် Panel တစ်ပါတတည်း တပ်ဆင်ထားပြီး အထက်ကအတိုင်း မီတာ၊ Relay၊ အဖွင့်အပိတ်ခလုတ်၊ Alarmနှင့် စမ်းသပ်ခလုတ်များ ပါဝင်တာ ဖြစ်ပါတယ်။

Battery and Charger မှာ Battery ကို ၁၁၀ ဗို့ အသုံးပြုလေ့ရှိပြီး ၎င်းဒီစီဓာတ်အားများကို မီတာ၊ Relay၊ အဖွင့်အပိတ်ခလုတ်၊ Alarmနှင့် စမ်းသပ်ခလုတ်များနှင့် Switchgear များသို့ DC Distribution Panel များဖြင့် ပို့လွှတ်ခြင်းဖြစ်ပါသည်။ AC ဓာတ်အားဖြင့် Battery များကို Charger များအသုံးပြု၍ အားသွင်းပြီး AC ဓာတ်အားပြတ်တောက်ပါက Battery များက ဒီစီ ဓာတ်အားကို ဆက်လက်ဖြန့်ဖြူးပါတယ်။ DC Distribution Panel လို AC Distribution Panel များလည်းရှိပြီး ခွဲရုံအတွင်း လိုအပ်သည့် နေရာအားလုံး(Lighting, Socket, Motor စသည်) ကို ချိတ်ဆက်ဖြန့်ဖြူးရပါတယ်။

Communication Panel ကတော့ ဓာတ်အားခွဲရုံမှာ ကိုယ်ပိုင်ဆက်သွယ်ရေးနှင့် အချက်အလက်သယ်ပို့စနစ် Power Line Carrier, Optical Fiber, Microwave စသည့် စနစ်များအတွက် အသုံးပြုသည့် Panel များ ဖြစ်ပါတယ်။

(၅) မြောင်းများ(ကေဘယ်မြောင်း၊ ရေမြောင်း စသည်)

ကေဘယ်မြောင်းများကတော့ Switchyard အတွင်းမှ ဓာတ်အားလွှတ်ပစ္စည်းများတစ်ခုစီမှ ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်းရှိ Panel များနှင့် ချိတ်ဆက်နိုင်ရန် Control Cable နှင့် Power Cable များ စနစ်တကျ စီချသွယ်တန်းနိုင်အောင် ပြုလုပ်ထားသော မြောင်းများ ဖြစ်ပြီး  သုံးစွဲမည့်ကြိုးအရေအတွက်နှင့် သွယ်တန်းမည့်ပုံစံ အပေါ် မူတည်၍ မြောင်းအရွယ်အစားများကို တွက်ချက်ပြုလုပ်ရတာဖြစ်ပါတယ်။ ရေမြောင်းကတော့ Switchyard နဲ့ ခွဲရုံအတွင်း ရေမတင်အောင် ရေထုတ်မြောင်းစနစ်ပဲ ဖြစ်ပါတယ်။ ကေဘယ်မြောင်း များက စီးလာနိုင်သည့်ရေကို ရေမြောင်းသို့ချိတ်ဆက်ရပြီး ကေဘယ်မြောင်းအတွင်း ရေမတင်အောင် Level ကွာဟချက်များထားရှိရပါတယ်။

(၆) ခြံစည်းရိုး(Switchyard ဝန်း ၊ ခွဲရုံဝန်း စသည်)

Switchyard ဝန်းခြံစည်းရိုးအနေဖြင့် သံပိုက်၊ သံနန်းစကာများဖြင့် ပြုလုပ်လေ့ရှိပြီး ဓာတ်လိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ၎င်းကို မြေဓာတ်ချထားရပါသည်။ ခွဲရုံဝန်းခြံစည်းရိုးအနေဖြင့် အုတ်နံရံများပြုလုပ်လေ့ရှိပြီး လျှပ်ကူနိုင်သောအရာများအားလုံးကို မြေဓာတ်ချထားရန် လိုအပ်ပါသည်။

အပေါ်ကဖော်ပြခဲ့တာတွေထဲမှာ 66/11 kV Substation ရဲ့အရေးပါမှုအခြေအနေပေါ်မူတည်ပြီး တစ်ချိုု့အရာတွေ ထည့်ဖို့မလိုတာလည်း ရှိပါတယ်။

Friday, November 17, 2023

ဓာတ်အားပေးစက်ရုံများ အကြောင်း (အပိုင်း-၄)

 ဒီတစ်ခါ ဆက်လက်ဖော်ပြသွားမှာကတော့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများအကြောင်းပဲ ဖြစ်ပါတယ်။

https://www.mdpi.com/1996-1944/16/9/3303

 ယေဘူယျအားဖြင့် ရေအားလျှပ်စစ်စက်ရုံများက ရေကိုရယူမောင်းနှင်နိုင်မယ့် ရေအမြင့်နေရာ(Water Head) အပေါ်အခြေခံပြီး မောင်းနှင်လည်ပတ်မယ့် တာဘိုင်(Turbine) အမျိုးအစားနဲ့ (၃) မျိုး ခွဲထားပြီး အသုံးပြုကြပါတယ်။ ရေအမြင့်နေရာ ၆၀ မီတာအထိကို နိမ့်သောရေအမြင့်နေရာ(Low Head)၊ ၆၀ မီတာမှ ၁၅၀ မီတာ ကြားကို အလယ်အလတ်ရေအမြင့်နေရာ(Medium Head) နဲ့ ၁၅၀ မီတာမှ ၃၀၀ မီတာ ကြားကို မြင့်သောရေအမြင့်နေရာ(High Head) လို့ (၃) မျိုးခွဲပြီး အဲဒီအမြင့်အလိုက် လည်ပတ်မယ့် တာဘိုင်(Turbine) အမျိုးအစား (၃) မျိုးခွဲအသုံးပြုပါတယ်။

ရေအားလျှပ်စစ်စက်ရုံများမှာ အဓိက ပါဝင်တဲ့ အစိတ်အပိုင်းများကတော့ ဆည်(Reservoir)၊ ဆည်ရိုး(Dam)၊ အမှိုက်တား(Trash Rack)၊ ရေအထိန်း(Forebay)၊ ရေသွယ်ပိုက်(Penstock)၊ ရေဆောင့်ကန်(Surge Tank)၊ ရေလျှံလမ်း(Spillway)၊ ဓာတ်အားထုတ်စက်အဆောက်အဦး(Power House)၊ တာဘိုင်(Turbine)၊ ရေထွက်ပိုက်(Draft Tube) တို့ပဲ ဖြစ်ပါတယ်။

ဆည်(Reservoir) ကတော့ မိုးရာသီမှာရရှိလာတဲ့ရေတွေကို စုဆောင်းဖို့အတွက် ရေသိုလှောင်မယ့် ဧရိယာ(Catchment Area) ပဲ ဖြစ်ပါတယ်။

ဆည်ရိုး(Dam) ကတော့ အထက်က ဆည်(Reservoir)ထဲမှာ ရေစုဖို့အတွက် မြစ်၊ ချောင်း စတဲ့ ရေစီးလမ်းကြောင်းကို ပိတ်တားမယ့်အရာပဲဖြစ်ပါတယ်။ အမျိုးအစားအနေနဲ့တော့ Dam အလေးချိန်နဲ့တားသော Gravity dam, မတ်စောက်ကျဉ်းမြောင်းသော တောင်ကြားလိုနေရာမျိုးတွင် ပိတ်တားသော Arch dam, ကျားကန်ထောက်တားသော Buttress dam စတဲ့ ကွန်ကရစ် Dam များ၊ ကွန်ကရစ်နှင့်သဘာဝမြေသား၊ ကျောက်သားပေါင်းပြီးတားသော Earthen dams နဲ့ Rock fill dam တို့ပဲဖြစ်ပါတယ်။

Gravity Dam (https://en.wikipedia.org/wiki/Gravity_dam)

Arch Dam

Butress Dam

Earth Dam

(https://www.quia.com/jg/2810124list.html)

အမှိုက်တား(Trash Rack) ကတော့ ရေသွယ်ပိုက်(Penstock) အထဲကို ဝင်မယ့်ရေနဲ့အတူ မြစ်ထဲ၊ ချောင်းထဲမှာပါလာတဲ့ အမှိုက်သရိုက်တွေကို မဝင်နိုင်အောင် တာဆီးဖို့ ရှေ့ကနေကာထားတဲ့အရာဖြစ်ပါတယ်။ အမှိုက်ကရေစီးတွန်းနှုန်း 90 cm/s အထိ အမှိုက်တွေအတားအဆီး ဖြစ်လာရင် အမှိုက်တား(Trash Rack) မပျက်ဆီးအောင် အမှိုက်တွေကို ဓာတ်အားပေးစက်တွေရပ်ပြီး ဖယ်ရှားရပါတယ်။

ရေအထိန်း(Forebay) ကတော့ ရေသွယ်ပိုက်(Penstock) ထဲကို ဝင်မယ့်ရေတွေကို ခဏထိန်းတဲ့နေရာဖြစ်ပါတယ်။ အဓိကတော့ မြစ်ထဲ၊ ချောင်းထဲက ရေစီးနှုန်းပြောင်းလဲသော်လည်း ရေသွယ်ပိုက်(Penstock) ထဲကို ဝင်မယ်နှုန်းကို မပြောင်းအောင်ထိန်းထားတဲ့နေရာဖြစ်ပါတယ်။ ရေသွယ်မြောင်းနဲ့ရေပို့တဲ့ ဓာတ်အားပေးစက်ရုံ အမျိုးအစားတွေမှာ သုံးပါတယ်။

ရေသွယ်ပိုက်(Penstock) ကတော့ ဆည်ထဲကရေကို တာဘိုင်(Turbine) တွေထဲပို့ဖို့ သွယ်ထားတဲ့ပိုက်ဖြစ်ပါတယ်။ တာဘိုင်အမျိုးအစားပေါ်မူတည်ပြီး ပိုက်အရှည်ကွာပါတယ်။ ယေဘူယျအားဖြင့် ရေအမြင့်နေရာ(Water Head) နိမ့်တဲ့ ဓာတ်အားပေးစက်ရုံအမျိုးအစားတွေမှာ ရေသွယ်ပိုက်ထဲက ရေစီးနှုန်းကို 2m/s၊ အလယ်အလတ်အတွက် 4m/s နဲ့ ရေအမြင့်နေရာမြင့်တဲ့ စက်ရုံအမျိုးအစားတွေမှာ 7m/s ခန့် ထားကြပါတယ်။

ရေဆောင့်ကန်(Surge Tank) ကတော့ ရေသွယ်ပိုက်(Penstock) ရဲ့ ဓာတ်အားထုတ်စက်အဆောက်အဦး(Power House) အနားမှာ ထားရှိတာဖြစ်ပြီး ဓာတ်အားပေးစက်မှာ ရုတ်တရက် ဝန်အားအခြေအနေပြောင်းလဲခြင်းနဲ့ ရပ်တန့်ဖို့ လိုအပ်တဲ့အခြေအနေမျိုးတွေမှာ တာဘိုင်ထဲဝင်မယ့်ရေဆောင့်ဖိအားကို လျှော့ချဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။

ရေလျှံလမ်း(Spillway) ကတော့ ဆည်ရေပြည့်ပြီး ရေလျှံနိုင်တဲ့ကာလနဲ့ ဓာတ်အားပေးစက်ထိန်း/ပြင်လုပ်စဉ် ရေလျှံချိန်တွေမှာ သိုလှောင်နိုင်တဲ့ပမာဏထက်ပိုတဲ့ ရေတွေကို ဆက်စီးနိုင်ဖို့ ရေလျှံနေရာ ပြုလုပ်ထားပေးထားတာ ဖြစ်ပါတယ်။

ဓာတ်အားထုတ်စက်အဆောက်အဦး(Power House)က တော့ တာဘိုင်၊ ဓာတ်အားပေးစက်၊ ဓာတ်အားလွှတ် ပစ္စည်းတွေ၊ ထိန်းချုပ်ခန်း၊ စတာတွေပါဝင်တဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဓာတ်အားပေးစက်တွေကို ထိန်း/ပြင်လုပ် နိုင်အောင်အတွက် Overhead Crane များပါ တပ်ဆင်ထားပါတယ်။

တာဘိုင်(Turbine) ကတော့ ရေသွယ်ပိုက်(Penstock) က ဝင်လာတဲ့ရေနဲ့လည်ပတ်တာဖြစ်ပြီး ဓာတ်အားထုတ်စက် များနဲ့ တွဲချိတ်ထားတာဖြစ်ပါတယ်။ အဓိကအားဖြင့် တာဘိုင်(Turbine) အမျိုးအစားတွေကို အပေါ်မှာ ဖော်ပြခဲ့သလို ရေအမြင့်နေရာ(Water Head) (၃) မျိုး ခွဲထားပါတယ်။ နိမ့်သောရေအမြင့်နေရာ(Low Head) အတွက် Keplan Turbine၊ အလယ်အလတ်ရေအမြင့်နေရာ(Medium Head) အတွက် Fransis Turbine နဲ့ မြင့်သောရေအမြင့် နေရာ(High Head) အတွက် Pelton Turbine တို့ကို အသုံးပြုပါတယ်။ Keplan Turbine, Fransis Turbine တွေက Horizontal Type ဖြစ်ပြီး Pelton Turbine ကတော့ Vertical Type ဖြစ်ပါတယ်။ တာဘိုင်လည်ပတ်နှုန်းအနေနဲ့ Keplan Turbine က 10 မှ 45 rpm, Fransis Turbine က 45 မှ 450 rpm, Pelton Turbine ကတော့ 450 မှ 1000 rpm ဖြစ်ပါတယ်။


Hydraulic turbines. (a) Pelton wheel, (b) Kaplan turbine, and (c) Francis turbine

(https://www.researchgate.net/figure/Hydraulic-turbines-a-Pelton-wheel-b-Kaplan-turbine-and-c-Francis-turbine-5_fig6_275026253)

ရေထွက်ပိုက်(Draft Tube) ကတော့ Turbine ကထွက်လာတဲ့ ရေတွေကို အပြင်ကို ထုတ်ပေးဖို့ သွယ်ထားတဲ့ပိုက် ဖြစ်ပါတယ်။

တစ်စုံတစ်ခုအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ......

Saturday, October 21, 2023

ဓာတ်အားပေးစက်ရုံများ အကြောင်း (အပိုင်း-၃)

 ဒီတစ်ခေါက်ဖော်ပြသွားမှာကတော့ သဘာဝဓာတ်ငွေ့သုံးစက်ရုံများ (Gas Turbine Plants) အကြောင်းပဲ ဖြစ်ပါတယ်။

ဒီစက်ရုံတွေက လောင်စာကို များသောအားဖြင့် သဘာဝဓာတ်ငွေ့(Neutral Gas) ကို အသုံးပြုတာဖြစ်ပေမယ့် Heavy Oil, Disel, Propane, Hydrogen, Biogas, Synthesis Gas စတာတွေကိုလဲ အသုံးပြုကြပါသေးတယ်။

Combined Cycle Power Plant(CCPP) (Source: https://hotcore.info/act/kareff-101579.html)

ပုံကတော့ သဘာဝဓာတ်ငွေ့သုံး Combined Cycle Power Plant(CCPP) ဓာတ်အားပေးစက်ရုံပဲ ဖြစ်ပါတယ်။ ဒီမှာလဲ အရင်အပိုင်းတွေမှာ ဖော်ပြခဲ့တဲ့ ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ပါဝင်နေတာကိုတွေ့ရမှာပါ။ သဘာဝ ဓာတ်ငွေ့နဲ့ လည်ပတ်လိုက်တဲ့ Gas Turbine က ထွက်လာတဲ့ အပူတွေက ၉၀၀ ကနေ ၁၁၀၀ ဒီဂရီဖာရင်ဟိုက် လောက်ရှိတာမို့ အဲဒီအပူတွေကို အလကားမဖြစ်အောင်  Steam Turbine နဲ့ဆက်ပြီး ဓာတ်အားထုတ်တာဖြစ်ပါတယ်။ အဲဒီလို Gas Turbine နဲ့ Steam Turbine ပေါင်းပြီး ဓာတ်အားထုတ်တာကိုပဲ Combined Cycle Power Plant(CCPP) လို့ခေါ်တာဖြစ်ပါတယ်။ ဒီစက်ရုံမျိုးမှာလည်း ရေနွေးငွေ့သုံးဓာတ်အားပေးစက်အပိုင်းက ယခင်ဖော်ပြခဲ့တာတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ Exhaust Gas သန့်စင်မှုကိုတော့ နိုက်ထရိုဂျင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ဆလဖာဒိုင်အောက်ဆိုက်နဲ့ အခြား Organic Compound တွေကို သန့်စင်ရပါတယ်။

Gas Turbine တစ်ခုမှာ အဓိကပါဝင်တဲ့အပိုင်းတွေကတော့ Inlet Air System, Fuel Supply System, Compressor, Combustion System, Turbine, Exhaust System, Load Gear နှင့် Generator, Starter တို့ပဲဖြစ်ပါတယ်။

Inlet Air System ကတော့ Gas Turbine ထဲကို သွင်းမယ့်လေကို အညစ်အကြေး၊ အမှုန်အမွားတွေနဲ့ အခြား ဝင်ရောက်နိုင်တဲ့အရာတွေကို ဖယ်ရှားနိုင်ဖို့ လေစစ်စနစ်(Air Filtration System)၊ ဆူညံသံတွေကို လျော့ချမယ့် Silencer ၊ ပြင်ပလေအပူချိန်များနေရင် Inlet ဝင်တဲ့လေကိုအပူလျော့ပေးမယ့် အအေးခံပစ္စည်း (Evaporative Cooler or Chiller Coil) စတာတွေပါဝင်တဲ့အပိုင်း ဖြစ်ပါတယ်။ အမှုန်တွေကိုစစ်ရာမှာ 1 Micron အမှုန်တွေအထိ စစ်ချရ ပါတယ်။ အပြင်လေပူရင် အအေးခံတာကတော့ လေအေးသွားရင် Density ပိုလာတာမို လေပမာဏများများပိုရပြီး လောင်စာလောင်ကျွမ်းနှုန်းပိုရလို့ Turbine Output ရော သက်တမ်းရော ပိုရလာလို့ပါ။

Fuel Supply System ကတော့ သဘာဝဓာတ်ငွေ့ကို မီးလောင်ခန်းပို့ရာမှာ ဓာတ်ငွေ့၏ သတ်မှတ်ဖိအား(Pressure) နှင့် ဓာတ်ငွေ့စီးနှုန်း(Flow Rate) တို့ကို မှန်မှန်ကန်ကန်ရှိနေစေရေးအတွက် Hydraulic စနစ်သုံး Stop and control valves များအသုံးပြု၍ ထိန်းညှိပြုလုပ်ပေးတာ ဖြစ်ပါတယ်။


Fuel Supply System(Source:https://www.slideshare.net/mudassir23/gt-by-mna)

Compressor ကတော့ လေကို ဖိသိပ်လို့ရတဲ့ပုံစံ ပြုလုပ်ထားသော Turbine ကိုယ်ထည်မှာရှိတဲ့အသွားပြား (Stator Blade)နဲ့ ဝင်ရို့းပေါ်ရှိလည်နေတဲ့ အသွားပြား (Compressor Blade or Rotating Blade) တွေပဲ ဖြစ်ပါတယ်။ Inlet က ဝင်လာတဲ့လေတွေကို ပုံမှန်လေထုဖိအားထက် ၁၁ ဆ မှ ၁၄ ဆ လောက်အထိ ဖိသိပ်လိုက်တာဖြစ်ပါတယ်။ Aero- derivative Gas Turbine တွေမှာဆိုရင် အဆ ၃၀ လောက်အထိ ဖိသိပ်ပါတယ်။

Combustion System ကတော့ လောင်စာအဝင်ခေါင်း (Fuel Nozzle)၊ ဖိသိပ်ထားတဲ့လေအဝင်ပေါက် (Atomizing Air Connections), မီးမြိုက်စနစ် (Spark Plug Ignition System) နဲ့ လောင်ကျွမ်းမှု အာရုံခံပစ္စည်း (Flame Detector) စသည်တို့ပါဝင်သော မီးလောင်ခန်း (Combustion Chamber) ပဲ ဖြစ်ပါတယ်။ နောက်ပိုင်း Combustor Design တွေမှာတော့ လောင်စာနဲ့လေကို ကြိုရောပြီးမှ မီးလောင်ခန်းအတွင်းမှာ လောင်ကျွမ်းတာ ဖြစ်ပါတယ်။ ရောစပ်မှုကို ပိုပြီး ထိန်းညှိလို့ကောင်းအောင်ပါ။ လေနဲ့လောင်စာအချိုး(Air Fuel Ratio) က ၆၀: ၁ ဖြစ်ပါတယ်။ မီလောင်လို့ ထွက်လာမယ့် နိုက်ထရိုဂျင်ဒြပ်ပေါင်း(NOx)တွေကို လျော့ချနိုင်ဖို့ မီးလောင်ခန်းများများပုံစံ(Multiple Combustor Arrangement) ကို သုံးကြပါတယ်။

Gas Turbine(Source:https://www.energy.gov/sites/default/files/turbine_drawing.jpg) 

Gas Turbine (Source:https://cdn.britannica.com/76/24076-004-AFCC772A/gas-turbine-engine.jpg?s=1500x 700 &q=85)

Turbine ကတော့ အထက်က Compressor လိုပဲ ကိုယ်ထည်မှာရှိတဲ့အသွားပြား (Stator Blade)နဲ့ ဝင်ရို့းပေါ်ရှိ လည်နေတဲ့ အသွားပြား (Compressor Blade or Rotating Blade) တွေနဲ့လုပ်ထားပြီး မီးလောင်ခန်းထဲကထွက်လာတဲ့ အပူငွေ့တွေနဲ့ လည်ပတ်နိုင်အောင်လုပ်ထားတဲ့ပုံစံဖြစ်ပါတယ်။ လည်ပတ်နေတဲ့ တာဘိုင်ဝင်ရိုး(Turbine Shalf) က လျှပ်စစ်ထုတ်ပေးမယ့် Generator နဲ့ရော လေဖိသိပ်တဲ့ Compressor နဲ့ရော တစ်ဆက်တည်းဖြစ်တာမို့ ယေဘုယျအားဖြင့် Turbine ကထုတ်လိုက်တဲ့အားကို အဲဒီနှစ်ခုက တစ်ဝက်စီ သုံးတာဖြစ်ပါတယ်။

Source: https://www.ge.com/content/dam/gepower-new/global/en_US

Exhaust System ကတော့ Turbine အထွက်မှာ အိပ်ဇောဓာတ်ငွေ့လက်ခံလွဲပြောင်းသည့်အုံ (Exhaust Plenum or Exhaust Diffuser) တပ်ဆင်ထားပြီး ထွက်လာတဲ့ အိပ်ဇောဓာတ်ငွေ့တွေကို ဓာတ်ငွေ့ပိုက်မြောင်း(Gas Ductwork)နဲ့ ရေနွေးငွေ့ထုတ်ပေးမယ့် Heat Recovery Steam Generator (HRSG) ထဲကို ဆက်ပို့တာဖြစ်ပါတယ်။

Loadgear ကတော့ Modular Type Gas Turbine တွေနဲ့ 4 Pole အသုံးပြုတဲ့ Generator တွေနဲ့တွဲမောင်းတဲ့နေရာ တွေမှာ လည်ပတ်နှုန်းကို လျှော့ချဖို့အတွက် သုံးတာဖြစ်ပါတယ်။

Generator ကတော့ Turbine လည်တဲ့ Shalf ပေါ်မှာပဲ Rotor ကို တပ်ထားတာမို့ Turbine လည်တဲ့အတိုင်းလိုက်လည်ပြီး Mechanical Energy ကနေ Electrical Energy ကို ပြောင်းပေးတာ ဖြစ်ပါတယ်။ အရင်ဖော်ပြခဲ့သလိုပဲ High Speed Generator ဖြစ်လို့ Magnetic Pole အနေနဲ့တော့ 2 pole, 4 pole ပဲ ရှိပါတယ်။

Starter ကတော့ ပြင်ပက Electric Motor သို့မဟုတ် Disel Engine ဖြစ်ပါတယ်။ Gas Turbine စတင်လည်ပတ် နိုင်ဖို့အတွက် လုံလောက်တဲ့ လည်ပတ်အား(60 to 80 %) ရရှိဖို့ သုံးတာဖြစ်ပါတယ်။ Compressor, Fuel Supply System, Lubrication System စတာတွေက Turbine လည်ပတ်အားနဲ့အတူတူ အလုပ်လုပ်တာမို့ ဖြစ်ပါတယ်။

Friday, October 6, 2023

ဓာတ်အားပေးစက်ရုံများ အကြောင်း (အပိုင်း-၂)

ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအကြောင်းနဲ့ ပတ်သက်ပြီး ပထမပိုင်းမှာ ဖော်ပြပြီးဖြစ်ပါတယ်။ ယခုကတော့ ကျန်တဲ့ရေနွေးငွေ့စက်ရုံများအကြောင်း ဆက်လက်ဖော်ပြပါမယ်။

ရေနွေးငွေ့သုံးဓာတ်အားပေးစက်ရုံနောက်တမျိုးကတော့ လောင်စာဆီကိုအသုံးပြုတဲ့ ရေနွေးငွေ့သုံး ဓာတ်အားပေး စက်ရုံအမျိုးအစား ဖြစ်ပြီး Heavy Oil, Crude Oil, Disel စတာတွေကို အသုံးပြုပါတယ်။ ရေနွေးငွေ့စက်ရုံဖြစ်လို့ Turbine, Cooling Tower, Generator, Condenser, Chimney စတာတွေက အတူတူပဲ ဖြစ်ပါတယ်။ သဘာဝရုပ်ကြွင်းလောင်စာကို အသုံးပြုတာချင်းအတူတူပဲမို့ ကျောက်မီးသွေးစက်ရုံများလိုပဲ Exhaust Gas မှာပါလာ သော သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့ အမှုန်နဲ့ ဓာတ်ငွေ့များကို ဖယ်ရှားဖို့အသုံးပြုတဲ့ Electrostatic Precipitator(ESP), Flue Gas Desulfurization(FGD) scrubber, Selective catalytic reduction (SCR) တွေ ပါဝင်တာလည်း အတူတူပါပဲ။ မတူတာက လောင်စာဆီက ကျောက်မီးသွေးထက်‌ ဈေးကြီးတာမို့ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် ပိုတာပဲ ဖြစ်ပါတယ်။

Image Source: Science Photo Library


 

Image Source: https://onlineresize.club/2021-club.html

ဒုတိယပုံမှာကြည့်ရင် ကျောက်မီးသွေးစက်ရုံတွေမှာ ကျောက်မီးသွေးပြတ်လပ်မှု ဖြစ်ပေါ်တဲ့အခါ လောင်စာဆီနဲ့ ပြောင်းပြီး လည်လို့ရတဲ့ပုံစံပါ။

ဒီ (၂) မျိုးလုံးမှာ လောင်စာဆီထောက်ပံ့မှုအပိုင်း (Fuel Supply System) အနေနဲ့ အပြင်ကရောက်လာတဲ့ လောင်စာဆီ တွေကို သိုလှောင်ကန်တွေထဲထည့်ထားပြီး အဲဒီကနေ Fuel Pump(Gear Type) နဲ့ စုပ်တင်ပါတယ်။ အဲဒီကမှ ဆီမှာရှိတဲ့ စေးကပ်မှု (Viscosity) ကို လျော့ချနိုင်ဖို့ Oil Heater ထဲကို ဖြတ်ပါတယ်။ ပြီးတောမှ ဆီပူတွေကို Boiler ထဲက မီးလောင်ခန်းထဲကို ထိုးသွင်းပြီး(Inject) မီးလောင်စေတာဖြစ်ပါတယ်။ လောင်ကျွမ်းမှု မြန်ဆန်ကောင်းမွန်စေဖို့ တစ်ဘက်မှလည်း Centrifugal Blower များနဲ့ လေကို မှုတ်သွင်းပါတယ်။

လောင်စာဆီသုံးဓာတ်အားပေးစက်ရုံ (Oil Fired Power Plant) တွေကို ဓာတ်အားကွန်ယက်သို့ ချိတ်ဆက်သည့် ဓာတ်အားပေးစက်ရုံကြီးများအနေဖြင့်သာမကပဲ သကြားစက်ရုံ၊ စက္ကူစက်ရုံ၊ ကောဇောစက်ရုံ၊ ဆေးရုံ စတဲ့ Industrial Type Load တွေ၊ အပူလိုအပ်ချက်တွေအတွက် သုံးတာရှိသလို သင်္ဘောကြီးတွေမှာလဲ အသုံးပြုကြပါတယ်။

Industrial Type Load တွေအတွက် Boiler တွေက Steam Pressure က 3 to 100 bar ဖြစ်ပြီး သင်္ဘောတွေမှာတော့ 50 to 70 bar ဖြင့် အသုံးပြုကြပါတယ်။

နောက်ထပ်ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ တစ်မျိုးကတော့ နယူကလိယစွမ်းအင်သုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံပဲ ဖြစ်ပါတယ်။ နယူကလိယစွမ်းအင်နဲ့ အခြားရုပ်ကြွင်းလောင်စာများရဲ့ အပူစွမ်းအင်ရရှိနိုင်မှု ပမာဏများကို Website တစ်ခုမှာ ဖော်ပြထားတာလေးကို နှိုင်းယှဉ်လို့ရအောင် အောက်ပါအတိုင်း ကူးယူဖော်ပြလိုက်ပါတယ်။

 

Heat value

Hydrogen (H2)

120-142 MJ/kg

Methane (CH4)

50-55 MJ/kg

Methanol (CH3OH)

22.7 MJ/kg

Dimethyl ether - DME (CH3OCH3)

29 MJ/kg

Petrol/gasoline

44-46 MJ/kg

Diesel fuel

42-46 MJ/kg

Crude oil

42-47 MJ/kg

Liquefied petroleum gas (LPG)

46-51 MJ/kg

Natural gas

42-55 MJ/kg

Hard black coal (IEA definition)

>23.9 MJ/kg

  Hard black coal (Australia & Canada)

c. 25 MJ/kg

Sub-bituminous coal (IEA definition)

17.4-23.9 MJ/kg

  Sub-bituminous coal (Australia & Canada)

c. 18 MJ/kg

Lignite/brown coal (IEA definition)

<17.4 MJ/kg

  Lignite/brown coal (Australia, electricity)

c. 10 MJ/kg

Firewood (dry)

16 MJ/kg

Natural uranium, in LWR (normal reactor)

500 GJ/kg

Natural uranium, in LWR with U & Pu recycle

650 GJ/kg

Natural uranium, in FNR

28,000 GJ/kg

Uranium enriched to 3.5%, in LWR

3900 GJ/kg

Source: https://world-nuclear.org/information-library/

အိန္ဒိယနိုင်ငံရဲ့ Reference Value အနေနဲ့ကတော့ ယူရေနီယံ (1kg) က High Grade Coal ပမာဏ (4500 Tonnes) နဲ့ စွမ်းအင်ညီမျှတယ်လို့ ဆိုပါတယ်။

Source: https://www.britannica.com

နယူကလိယဓာတ်အားပေးစက်ရုံတစ်ခု၏ အဓိကအစိတ်အပိုင်းများမှာ Nuclear Reactor, Turbine, Generator, Condenser, Cooling Tower စသည်တို့ပါဝင်တာဖြစ်လို့ အခြားရေနွေးငွေ့စက်ရုံများနှင့် အတူတူပဲဖြစ်ပြီး မီးလောင် ခန်းနေရာတွင် Nuclear Reactor ဖြစ်သွားတာရယ်၊ Flue Gas သန့်စင်တဲ့အပိုင်း ပါဝင်ခြင်းမရှိတော့တာရယ်ဆိုတဲ့ အချက်တွေပဲ ကွာခြားသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Flue Gas အစား လောင်ကျွမ်းပြီး Burnt Nuclear Element တွေကို ထားသို ထိန်းသိမ်းစွန့်ပစ်ခြင်းအပိုင်း ပါဝင်လာတာဖြစ်ပါတယ်။

ကျောက်မီးသွေးစက်ရုံများမှာတော့ ရေကို ကျောက်မီးသွေးလောင်ကျွမ်းရရှိတဲ့ အပူနဲ့ ရေနွေးငွေ့ပြုလုပ်တာဖြစ်ပြီး နယူကလိယဓာတ်အားပေးစက်ရုံမှာကတော့ ယူရေနီယံကို Fission ဖြစ်အောင်လုပ်ပြီး ထွက်လာတဲ့အပူနဲ့ ရေကို တိုက်ရိုက်ရေနွေးငွေ့ဖြစ်အောင် (သို့မဟုတ်) အပူကူးပြောင်းမှုပြုလုပ်ပေးမယ့် ကြားခံတစ်ခုခုကို အပူပေးပြီး အဲဒီအပူနဲ့ ရေကို ရေနွေးငွေ့ဖြစ်အောင် Steam Generator ထဲမှာ ပြုလုပ်တာပဲဖြစ်ပါတယ်။ အဲဒီကရတဲ့ရေနွေးငွေ့နဲ့ Turbine တွေကို လည်ပတ်စေတာဖြစ်ပါတယ်။ တိုက်ရိုက်ရေနွေးငွေ့ဖြစ်အောင်လုပ်ပြီးသုံးတဲ့ Reactor ကတော့ Boiling Water (BWR) Reactor ဖြစ်ပြီး အပူကူးပြောင်းမှုပြုလုပ်ပြီးသုံးတဲ့ Reactor ကတော့ Pressurized Water (PWR) Reactor လို့ ဖြစ်ပါတယ်။ နောက်ပိုင်းနည်းပညာတွေမှာတော့ ကြားခံစနစ်နဲ့ Reactor တွေကိုပဲ ကြားခံပစ္စည်းအမျိုးမျိုးသုံးပြီး သုံးစွဲလာကြပါတယ်။ Steam Process မှာ ဓာတ်ရောင်ခြည်အန္တရာယ် လျော့ချနိုင်ဖို့ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ ပုံကတော့ ကြားခံပစ္စည်းသုံးထားတဲ့ ဓာတ်အားပေးစက်ရုံပုံ ဖြစ်ပါတယ်။

Nuclear Reactor မှာ အဓိက ပါဝင်တဲ့အစိတ်အပိုင်များကတော့ Nuclear Fuel၊ Moderator၊ Control Rods၊ Reflector၊ Reactors Vessel၊ Biological Shielding၊ Coolant စသည်တို့ပဲဖြစ်ပါတယ်။

Fuel ကတော့ အားလုံးသိကျတဲ့အတိုင်း ယူရေနီယံပဲဖြစ်ပါတယ်။ အဲဒါတွေကို Rod တံတွေထဲထည့်ထားပြီး အဲဒီအတံတွေကို Moderator ထဲမှာ မြုပ်ထားတာဖြစ်ပါတယ်။ Moderator ရဲ့အလုပ်ကတော့ Fuel Rod တစ်ခုစီက Fission ဖြစ်တဲ့အချိန် လျှင်မြန်စွာရွေ့လျားထွက်တဲ့ နယူထရွန်ကို ထိန်းညှိနိုင်ဖို့ ဖြစ်ပါတယ်။

Control Rod ကတော့ ဘိုရွန် (သို့) ကဒ်မီယံ နဲ့ပြုလုပ်ထားပြီး Reactor ထဲမှာ လိုအပ်တဲ့အပူကို တသမတ်တည်း ရှိနေအောင် Fission ဖြစ်ပေါ်နေတာကို ထိန်းညှိနိုင်ဖို့ သုံးတာဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရပ်နားဖို့လည်း သုံးပါ တယ်။

Reflector ကတော့ Moderator နဲ့ ထိန်းထားတဲ့ကြားက ထပ်ပြီးလွတ်ထွက်လာတဲ့ ကို အပြင်ကို မထွက်သွားအောင် ပတ်ပတ်လည် အလုံပိတ် ကာထားပြီး နယူထရွန်တွေ အထဲကိုပြန်ဆုတ်သွားအောင် ကာထားတဲ့အရာပဲဖြစ်ပါတယ်။

Reactors Vessel ကတော့ Moderator, Reflector, Thermal Shielding နဲ့ Control Rod တွေကို ထည့်ထားတဲ့အရာ ဖြစ်ပါတယ်။

Biological Shielding ကတော့ Fission ဖြစ်လို့ ထွက်လာတဲ့ ဓာတ်ရောင်ခြည်တွေကို ဓာတ်အားပေးစက် မောင်းနှင်ထိန်းသိမ်းရေးလုပ်မယ့်သူတွေိကု မထိခိုက်အောင် ပတ်ပတ်လည် ထပ်ကာထားတဲ့အရာဖြစ်ပါတယ်။

Coolant ကတော့ ရေကို တိုက်ရိုက်ရေနွေးငွေ့ပြောင်းတာမဟုတ်ဘဲ Reactor ထဲက အပူကို အပူကူးပြောင်းမှု ပြုလုပ်ပေးမယ့် ကြားခံပစ္စည်း ဖြစ်ပါတယ်။ 

တစ်စုံတစ်ခု အသုံးဝင်မယ်လို့ယူဆပါတယ်၊ ကျန်းမာချမ်းသာကြပါစေဗျာ……….

Saturday, September 30, 2023

ဓာတ်အားပေးစက်ရုံများ အကြောင်း

 လျှပ်စစ်ဓာတ်အားထုတ်ပေးတဲ့ ဓာတ်အားပေးစက်ရုံအမျိုးအစားများကတော့ အဓိကအားဖြင့်

(၁) Steam plants using coal, oil or nuclear fission. 

      (ကျောက်မီးသွေး၊ ဆီ နှင့် နယူကလိယစွမ်းအင်သုံး ရေနွေးငွေ့စက်ရုံများ)

(၂) Internal combustion engine plants. 

     (ကားအင်ဂျင်ကဲ့သို့ အတွင်းလောင်ကျွမ်းအားသုံး အင်ဂျင်စက်ရုံများ)

(၃) Gas turbine plants. (သဘာဝဓာတ်ငွေ့သုံးစက်ရုံများ)

(၄) Hydroelectric plants. (သဘာဝရေအားသုံးစက်ရုံများ)

စသည့် Conventional Type ဓာတ်အားပေးစက်ရုံများပဲဖြစ်ပြီး Non- Conventional Type စက်ရုံများကတော့

(၁) Thermoelectric Generator

(၂) Therm-ionic generator

(၃) Fuel-cells Power Plants

(၄) Photovoltaic solar cells Power Plants.

(၅) MHD Power Plants

(၆) Fussion Reactor NPP Power Plants.

(၇) Biogas, Biomass Energy Power Plants.

(၈) Geothermal Energy Power Plants.

(၉) Wind Energy Power Plants.

(၁၀) Ocean Thermal energy conversion (OTEC) Power Plants.

(၁၁) Wave and Tidal Wave Power Plants.

(၁၂) Energy Plantation Scheme တို့ပဲ ဖြစ်ပါတယ်။

ယခုပထမဦးဆုံး Steam Plants using Coal (ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံများ) နဲ့ပတ်သက်ပြီး ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

ကျောက်မီးသွေးစက်ရုံအမျိုးအစားကို အဓိက အပိုင်းတွေခွဲရင်တော့ ကျောက်မီးသွေးပြင်ဆင်သည့် (Coal Handling) အပိုင်း ၊ ကျောက်မီးသွေးဖို (Fuel Burning Furnace) အပိုင်း၊ ရေနွေးငွေ့အိုး (Boiler) အပိုင်း၊ ပြာစွန့်ပစ်မှု (Ash Disposal) အပိုင်း၊ ရေသွင်းသည့် (Feed Water System) အပိုင်း၊ ရေနွေးငွေ့တာဘိုင် (Steam Turbine) အပိုင်းနှင့် ဓာတ်အားထုတ်စက် (Generator) အပိုင်း တို့ပဲဖြစ်ပါတယ်။

Image Source: Fast Voice Midea

ပုံ(၁) ကျောက်မီးသွေးစက်ရုံအဓိကအစိတ်အပိုင်းပြပုံ

ပုံ (၁) မှာမြင်ရတဲ့ Coal Conveyer ဆိုတာကတော့ စက်ရုံကိုရောက်လာတဲ့ ကျောက်မီးသွေးတုံးအကြီးတွေကို Crushers ထဲထည့်ပြီး Dead Storage လုပ်မယ့် Coal Yard (၁၅ ရက်စာ စက်ရုံလည်ပတ်နိုင်မယ့်ပမာဏ ပုံထားတဲ့ အပုံကိုဆိုလိုပါတယ်)  ထဲမှာပုံထားဖို့၊ Coal Yard ကနေ Coal Bin (သို့) Bunkers (သို့) Day Silo (အမှုန့်ကြိတ်စက် Pulverizer ထဲ ထည့်မယ့် တစ်ရက်စာ ကျောက်မီးသွေးသိုလှောင်သည့် ဆလင်ဒါပုံအိုး (Live Storage Cylindrical Tank) ထဲကိုပို့ဖို့  စတဲ့နေရာတွေမှာ တစ်ခုနဲ့ တစ်ခုကြား သယ်ပို့ဖို့အတွက် ဖြစ်ပါတယ်။

Stoker ကတော့ မီးထိုးတဲ့ဟာဖြစ်ပြီး Pulverizer ထဲက ကျောက်မီးသွေးအမှုန်တွေကို မီးဖိုထဲမှာ မီးလောင်စေဖို့ ဖြစ်ပါတယ်။ မီးထိုးတဲ့နေရာမှာ ကျောက်မီးသွေး၊ လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့လိုအရာမျိုးတွေကို အကူအဖြစ် သုံးပါတယ်။ Pulverizer ကတော့ မီးဖိုထဲကို ကျောက်မီးသွေးအမှုန့်နဲ့ Preheater ကလာတဲ့ လေပူနဲ့ရောပြီး မှုတ်သွင်းတဲ့ အရာဖြစ်ပါတယ်။

Image Source: https://www.coalhandlingplants.com/boiler-in-thermal-power-plant/

ပုံ(၂) Boiler

Boiler(ပုံ-၂) ကတော့ မီးလောင်ခန်းဖြစ်ပြီး ရေနွေးငွေ့ထုတ်ပေးမယ့်ပိုက်တွေကို အပူပေးတာဖြစ်ပါတယ်။ Coal Ash ကတော့ ကျောက်မီးသွေးပြာဖြစ်ပြီး လောင်ကျွမ်းတဲ့ ကျောက်မီးသွေးရဲ့ (၂၀) ရာခိုင်နှုန်းလောက်အထိ ထွက်ပါတယ်။

ပုံ(၃) Air Preheater 

Air Preheater(ပုံ-၃) ကတော့ Boiler ထဲကို ပို့မယ့်လေကို ပူအောင် Boiler ကထွက်တဲ့ Flue Gas(ကျောက်မီးသွေးလောင်ကျွမ်းပြီးထွက်လာတဲ့အမှုန်ငွေ့) နဲ့ အပူပေးတဲ့အပိုင်းဖြစ်ပါတယ်။ Boiler ထဲကို Air Preheater လေပူလုပ်ပြီးပေးရင် အကျိုးကျေးဇူးအနေနဲ့ လောင်ကျွမ်းနှုန်းပိုကောင်းပြီး Steam ရတဲ့နှုန်း ပိုရတာဖြစ်ပါတယ်။ Low Grade Coal(အဆင့်နိမ့်ကျောက်မီးသွေး) တွေကိုတောင် ပိုပြီးကောင်းကောင်း လောင်ကျွမ်း နိုင်ပါတယ်။ စွန့်ထုတ်လိုက်ရမယ့် Flue Gas အပူကို အသုံးချတဲ့သဘောပါ။

Image Source: https://www.uky.edu/KGS/coal/coal-for-elec.php
ပုံ(၄) Electrostatic Precipitator(ESP)

Electrostatic Precipitator(ESP) (ပုံ-၄) ဆိုတာကတော့ 30,000 to 60,000 volts DC Electrode(Negative) နဲ့ Collector Plate (Positive) တွေ တပ်ဆင်ထားတဲ့ အခန်း ဖြစ်ပါတယ်။ Boiler ကထွက်လာတဲ့ Fly Ash (ပြာမှုန်) တွေပါလာတဲ့ Flue Gas တွေကို အဲဒီအထဲကိုဖြတ်ခိုင်းပြီး အဲဒီမှာပါတဲ့ Dust(ဖုန်မှုန်)၊ Silicon Oxide၊ Aluminium၊ Iron စတဲ့ အရာတွေကို Nagative Charge တွေ ဖြစ်အောင်လုပ်ပြီး Positive Collector Plate တွေမှာ ကပ်ကျန်အောင် လုပ်တာပဲဖြစ်ပါတယ်။ SO3 (ဆာလဖြူရစ်အက်ဆစ်) အမှုန်ကို တော့ Dry Type(DESP) ကမဖယ်နိုင်ပါဘူး။ Wet Type(WESP) အမျိုးအစားကို အသုံးပြုရမှာဖြစ်ပါတယ်။ sulfur dioxide (SO2) ကို  Limestone ကိုအသုံးပြုတဲ့ Flue Gas Desulfurization(FGD) scrubber နဲ့ဖယ်ရှားပြီး nitrogen oxides (NOx) ကိုတော့ Ammonia အသုံးပြုတဲ့ Selective catalytic reduction (SCR) နဲ့ ဖယ်ရှားပါတယ်။ Clean Coal Technology လို့ပြောကြပါတယ်။ အဆိပ်အတောက်ဓာတ်ငွေ့တွေ အပြင်လေထုထဲကို မထွက် အောင်လုပ်တဲ့အပိုင်းဖြစ်ပါတယ်။

Smoke Stack ဆိုတာကတော့ မီးခိုးခေါင်းတိုင် ဖြစ်ပါတယ်။ Boiler က Maximum Rating ဖြစ်တဲ့အချိန် လွှတ်ထုတ်မယ့် Gas ပမာဏ၊ လေထုထဲကို လွတ်ထုတ်မယ့်ပမာဏပေါ်မူတည်ပြီး Chimney အမြင့်ကို စဉ်းစားရတာဖြစ်ပြီး ဓာတ်အားပေးစက်ရုံအမျိုးအစားပေါ်မူတည်ပြီး ၃၀၀ မီတာကနေ ၄၀၀ မီတာအထိရှိပါတယ်။ စက်ရုံကြီးရင်ကြီးသလို ပိုလဲပိုနိုင်ပါတယ်။


Image Source: https://www.linkedin.com/pulse/overview-steam-turbines-operation-types-components
ပုံ(၅) Turbine

Turbine(ပုံ-၅) ကတော့ Boiler က ပို့လွှတ်လိုက်တဲ့ Pressure Steam အားနဲ့ Turbine Blade တွေကို လည်ပတ်စေတဲ့ အပိုင်းဖြစ်ပါတယ်။ အဓိကအားဖြင့်အပိုင်း (၃) ပိုင်းပါဝင်ပြီးတော့ High Pressure Turbine, Intermediate Pressure Turbine နဲ့ Low Pressure Turbine ဆိုပြီး Turbine Shelf တစ်ခုတည်းပေါ်မှာ အပိုင်း (၃) ပိုင်းခွဲတပ်ဆင်ထားတာဖြစ်ပါတယ်။ Boiler ကထွက်လာတဲ့ Superheated Steam တွေက High Pressure Turbine ကို လည်စေပြီး အဲဒီကထွက်လာတဲ့ steam တွေက ပိုက်လိုင်းနဲ့ Boiler ကို ပြန်ဖြတ် အပူထပ်ပေးပြီး Intermediate Pressure Turbine ကို လည်စေပါတယ်။ Intermediate Pressure Turbine က ထွက်လာတဲ့ Steam ကိုတော့ Low Pressure Turbine ကို တိုက်ရိုက်ပို့ပြီး လည်စေပါတယ်။ Turbine Shelf တစ်ခုတည်းမှာ Turbine သုံးခုနဲ့ လည်ပတ်မှု ကို Synchronize ဖြစ်စေဖို့ Steam Flow Governor System Valve(ရေနွေးငွေ့ပို့လွှတ်မှု ထိန်းသည့်ကိရိယာ) ကို အသုံးပြုပါတယ်။

Image Source: https://eaishops.link/products.aspx?cname=circulating+water+pump+in+thermal +power+  plant&cid=117

ပုံ(၆) Condenser

Condenser(ပုံ-၆) ကတော့ Low Pressure Turbine က ထွက်လာတဲ့ Steam တွေကို အအေးခံပြီး ရေပြန်ဖြစ်အောင် လုပ်တဲ့အပိုင်းဖြစ်ပါတယ်။ Steam မှာပါလာတဲ့ အပူတွေကို ထုတ်ဖို့၊ လျှော့ချဖို့ Condenser ထဲမှာ ပိုက်တွေတပ်ထားပြီး အဲဒီပိုက်တွေကို Cooling Tower နဲ့ ချိတ်ထားပြီး ရေအေးကို အဝင်အထွက်လုပ်ပြီး အအေးခံတာ ဖြစ်ပါတယ်။ Air Con Condenser စနစ်နဲ့ အတူတူပါပဲ။ အဲဒီကထွက်တဲ့ရေကိုမှ Pressure 0.1 bar လောက်ကနေ 170 bar လောက်အထိ Pump နဲ့ Pressure ပြန်တင်ပြီး Deaerator ကိုပို့တာဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး Deaerator အကြောင်း ဆက်ဖော်ပြ ပါ့မယ်။ သူက Water Supply System ဖြစ်ပြီး ရေကန်၊ မြစ်၊ ရေပေးဝေရေးစနစ်၊ အဝီစိတွင်း စတဲ့ တခုခုက ရေကို ရယူပြီး အဲဒီရေနဲ့အတူပါလာတဲ့ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို လျှော့ချဖို့အတွက် သုံးတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်က Corrosion(တိုက်စားမှု) ဖြစ်စေနိုင်ပြီး၊ ကာဗွန်ဒိုင်အောက်ဆိုက်က ဖိသိပ်ရခက်တဲ့ ဓာတ်ငွေ့ (Non Condensable Gas) ဖြစ်လို့ပါ။ အပြင်ကရေရော၊ Condenser ကလာတဲ့ရေရော အဲဒီကို ရောက်ပါတယ်။ Deaerator အထွက်ကမှ Pressure Pump များနဲ့ Boiler ထဲကို ပိုက်တွေကတဆင့်ပို့တာ ဖြစ်ပါတယ်။ Boiler Feed Water Pressure အနေနဲ့တော့ 200 bar လောက် ဖြစ်ပါတယ်။ ဒီဇိုင်းပေါ်တော့ မူတည်ပါတယ်။ အဲဒီပို့လွှတ်လိုက်တဲ့ရေတွေက Boiler ထဲက Preheat လုပ်မယ့် Economizer ထဲကို ရောက်ပါတယ်။ အဲဒီကထပ်ပြီး အခြားမီးလောင်ခန်းထဲက ပိုက်တွေဆီရောက်ပြီး Steam ကို ထုတ်ပေးတာဖြစ်ပါတယ်။

Transformer ကတော့ Generator က ထွက်လာတဲ့ လျှပ်စစ်တွေကို ပို့လွှတ်ဖို့အတွက် သုံးတဲ့ Step up Transformer တွေရှိသလို Electrostatic Precipitator(ESP) အတွက် DC Electrode လုပ်ဖို့ သုံးတဲ့ Transformer လဲရှိပါတယ်။

Cooling Tower ကတော့ အထက်မှာ ဖော်ပြခဲ့သလိုပဲ Low Pressure Turbine က ထွက်လာတဲ့ Steam တွေကို အအေးခံပြီး ရေပြန်ဖြစ်အောင်လုပ်ရာမှာ အပူတွေကို လျှော့ချပြီး ပြင်ပလေထုအပူချိန်နဲ့ သဟဇာတဖြစ်မယ့် အပူချိန် အထိရောက်အောင် လျော့ချတဲ့အပိုင်းဖြစ်ပါတယ်။

Generator ကတော့ Turbine Shelf တွေနဲ့တွဲထားပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ High Speed Turbine တွေဖြစ်တဲ့အတွက် Phase အလုက် Pole ကတော့ နည်းပါတယ်။

High Voltage Power Line ကတော့ ဓာတ်အားပို့လွှတ်မယ့်လိုင်းဖြစ်ပြီး ပို့လွှတ်လိုတဲ့အကွာအဝေးပေါ်မူတည်ပြီး ဗို့အားစနစ်ပမာဏ အနည်းအများကို ရွေးချယ်အသုံးပြုပါတယ်။