Sunday, January 26, 2025

Schematic Control Drawing များ ဖတ်ရှုခြင်း










 တစ်စုံတစ်ခုအသုံးဝင်မယ်လို့ ယူဆပါတယ်။.....

Thursday, July 11, 2024

IEC 61850 အကြောင်း

ဒီတစ်ခေါက်တော့ လျှပ်စစ်ကဏ္ဍက Automation, Server Client System စတာတွေနဲ့ သူတို့ရဲ့ ဆက်သွယ်ရေးစနစ်မှာ အသုံးပြုရတဲ့ စံနှုန်းသတ်မှတ်ချက်စနစ် IEC 61850 နဲ့ ပတ်သက်တာတွေကို လေ့လာမိသလောက် ဖော်ပြသွားပါမယ်။

IEC 61850 ရဲ့ ရည်ရွယ်ချက်ကတော့ Automation စနစ်အတွက် လျှပ်စစ်ဆိုင်ရာကိရိယာအမျိုးမျိုးနဲ့ ၎င်းတို့ အချင်းချင်း ဆက်သွယ်ချိတ်ဆက်နိုင်ရေးကို စံနှုန်းသတ်မှတ်ချက်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီအထဲမှာအာရုံခံ ကိရိယာတွေ၊ ထိန်းချုပ်ရေးကိရိယာ တွေကနေ ဆက်သွယ်ရေးကွန်ရက်တွေအထိ အားလုံးပါဝင်ပါတယ်။ ဥပမာ- ဓာတ်အားပေးစက်၊ ဓာတ်အားခွဲရုံတွေရဲ့ Primary Equipment၊ Protection Relay(IED)၊ Human Machine Interface(HMI)၊ Controller, Gateway၊ Client-Server System စတာတွေနဲ့ အဲဒါတွေ တစ်ခုနဲ့ တစ်ခုအကြား ချိတ်ဆက်တဲ့အခါ ထုတ်လုပ်သူမတူတဲ့ ပစ္စည်းကိရိယာ တွေဖြစ်လို့ ချိတ်ဆက်လို့မရတာမျိုး မဖြစ်ရအောင် ထုတ်လုပ်သူရော၊ သုံးစွဲသူရော လိုက်နာအသုံးပြုဖို့ စံသတ်မှတ် ထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ စတင် ပြဌာန်းအသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။ စတင်ရည်ရွယ်တာကတော့ Station Automation System (Generation Station, Substation) အတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

IEC 61850 စံသတ်မှတ်ပြဌာန်းချက်မှာ အခန်း (၁၀) ခန်းပါဝင်ပါတယ်။

(၁)   Introduction and Overview

(၂)   Glossary of terms

(၃)   General Requirements

(၄)   System and Project Management

(၅)   Communication Requirements for Functions and Device Models

(၆)   Configuration Description Language for Communication in Electrical Substations Related to IEDs

(၇)   Basic Communication Structure for Substation and Feeder Equipment

(၈)   Specific Communication Service Mapping (SCSM)– Mappings to MMS (ISO 9506-1 and ISO 9506-2) and to ISO/IEC 8802-3

(၉)   Specific Communication Service Mapping (SCSM)- Sampled values over serial unidirectional multidrop point to point link and ISO/IEC 8802-3

(၁၀) Conformance Testing

အခန်း (၁) မှာတော့ IEC 61850 စံနှုန်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ ပါဝင်သောအပိုင်းများ၊ Logical Node, Logical Device နှင့် Configuration Language တို့၏ အဓိကယူဆချက်များ၊ ရရှိနိုင်သောအကျိုးကျေးဇူးများ၊ ဆက်သွယ်မှု ကွန်ယက်များ(Communication Networks), တည်ဆောက်ရမည့်စနစ်ပုံစံများ(System Architecture), အသုံးချပုံများ(Applications), စမ်းသပ်စစ်ဆေးပုံ (Conformance Testing) များအတွက် သတ်မှတ်ပုံများကို မိတ်ဆက် ဖော်ပြခြင်းများနှင့်, အနာဂါတ်လားရာ(Future Directions) ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို ရှင်းလင်းဖော်ပြ ထားပါသည်။

အခန်း (၂) ကတော့ အခေါ်အဝေါ်၊ အဓိပ္ပာယ်ဖော်ပြချက်တွေဖြစ်ပါတယ်။

အခန်း (၃) ကတော့ Automation စနစ်နဲ့ ဆက်သွယ်မှု ကွန်ယက်များ(Communication Networks) များအနေဖြင့် Reliable ဖြစ်အောင်၊ Safe ဖြစ်အောင်နဲ့ ပတ်ဝန်းကျင်ရာသီဥတုဒဏ်(အပူချိန်၊ စိုထိုင်းဆစသည်) ခံနိုင်ရည်ရှိအောင် အထွေထွေလိုအပ်ချက်တွေကို သတ်မှတ်ဖော်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူနဲ့စက်ပစ္စည်းတွေ လျှပ်စစ်သံလိုက် လှိုင်း သက်ရောက်မှုမရှိစေရေး သတ်မှတ်ချက်များလည်း ပါဝင်ပါတယ်။

အခန်း‌ (၄) ကတော့ Automation စနစ်အကောင်အထည်ဖော်ဖို့ Plan ရေးဆွဲချိန်ကနေ Operation ပြုလုပ်သည့် အဆင့်အထိ ဆောင်ရွက်ရမည့် အဆင့်ဆင့်ကို လမ်းညွှန်သတ်မှတ်ဖော်ပြထားပါတယ်။ စီမံကိန်းလျာထားချက်၊ ဒီဇိုင်း၊ စံချိန်စံညွန်း(Specification)နဲ့ အသေးစိတ် တပ်ဆင်မှု၊ ချိတ်ဆက်မှုတွေ ဆောင်ရွက်နိုင်အောင်အထိ သတ်မှတ် ဖော်ပြချက်တွေ ပါဝင်ပါတယ်။ Configuration ပြုလုပ်ခြင်း၊ စမ်းသပ်စစ်ဆေးရမယ့်အဆင့်များ၊ မောင်းနှင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းဆောင်ရွက်ရမည့် လမ်းညွှန်ချက်များလဲ  ဖော်ပြထားပါတယ်။ ၎င်းအပြင် စာရွက်စာတမ်း အချက် အလက်များ၊ Training နဲ့ စီမံကိန်းကာလတစ်လျောက် အရည်အသွေးစစ်ဆေးကြည့်ရှုရမည့် အချက်များ အတွက်လည်း သတ်မှတ်ချက်များပါဝင်ပါတယ်။

အခန်း (၅) ကတော့ ဆက်သွယ်မှု ကွန်ယက်များ(Communication Networks) များနဲ့ ပတ်သက်တာကို အဓိက သတ်မှတ်ဖော်ပြထားတဲ့အပိုင်းဖြစ်ပါတယ်။ ပစ္စည်းကိရိယာတွေတစ်ခုနှင့်တစ်ခုကြား ချိတ်ဆက်ရာမှာ ချိတ်ဆက်တဲ့ ပစ္စည်းတွေအနေနဲ့ ပါရမယ့် Function တွေ၊ အချိန်နှင့်တပြေးညီ အချက်အလက်သယ်ပို့မှုတွေ၊ သယ်ပို့ရာမှာ reliable ဖြစ်ဖို့တွေကို စံနှုန်း(Criteria) တွေ သတ်မှတ်ဖော်ပြထားပါတယ်။ အဓိက ဆက်သွယ်ရေးဆိုင်ရာ ဆောင်ရွက်ပေး နိုင်မယ့်အချက်အနေနဲ့ Fast Signal Exchange အတွက် Generic Object Oriented Substation Event (GOOSE) Service၊ Real Time Measurement Data တွေအတွက် Sampled Measured Values (SMV) Service၊ General Communication အတွက် Manufacturing Message Specification (MMS) Service စတာတွေရဲ့ စံသတ်မှတ် ချက်တွေ ဖော်ပြထားပါတယ်။ အပြစ်တစ်ခုခုဖြစ်ပေါ်ရင်တောင် ဆက်သွယ်မှုပြတ်မသွားအောင် ဆောင်ရွက်ပေးရမယ့် သတ်မှတ်ချက်တွေလဲပါဝင်ပါတယ်။

အခန်း (၆) ကတော့ Automation စနစ်ထဲက Intelligent Electronic Devices (IEDs) ချိတ်ဆက်ဖို့အတွက် Configuration Description Language (SCL) နဲ့ ပတ်သက်တာကို သတ်မှတ်ဖော်ပြထားပါတယ်။ အဓိကကတော့ အပေါ်က ဖော်ပြခဲ့တဲ့ တစ်ခုနဲ့တစ်ခုချိတ်ဆက်ရာမှာ Machine တစ်ခုနှင့် တစ်ခုကြား နားလည်နိုင်မယ့် ဖိုင်စနစ်တွေကို စံသတ်မှတ်ထားတာဖြစ်ပါတယ်။ ဥပမာ-ဘယ်ထုတ်လုပ်သူကထုတ်ထုတ် Protection Relay၊ Controller စတဲ့ IED က ထွက်တဲ့ file တွေကို HMI မှာ Configuration လုပ်ဖို့ SCL Language အနေနဲ့ IED Capability Description (ICD) ဖိုင်ပါရမယ် ဆိုတာမျိုးပါ။ အဲဒါမှလဲ အလွယ်တကူချိတ်ဆက်နိုင်မှာ၊ ထိန်းသိမ်းပြုပြင်ရလွယ်ကူစေမှာ ဖြစ်ပါတယ်။

အခန်း (၇) မှာတော့ အချက်အလက်သယ်ပို့မှု (Data Exchange) လုပ်ဖို့အတွက် Automation စနစ်တစ်ခုမှာ ပါဝင်တဲ့ ပစ္စည်းကိရိယာတွေမှာ ပါရှိရမယ့် Abstract Communication Service Interface (ACSI) နဲ့ ပတ်သက်တာတွေ၊ အချက်အလက်သတ်မှတ်ပုံစံ Logical Device၊ Logical Node၊ Data Classes စတာတွေရဲ့ စံသတ်မှတ်ချက်နဲ့ ပုံစံတွေကို ဖော်ပြထားပါတယ်။ ဥပမာ- Relay တစ်ခုမှာ Logical Device(Protection, Control, etc.) တွေပါပြီး အဲဒီ Logical Device တစ်ခုစီမှာ Logical Node(Overcurrent Protection, Circuit Breaker, etc) တွေ ပါဝင်ပါတယ်။ Logical Node တစ်ခုစီမှာလဲ ကြိုတင်သတ်မှတ်ထားပြီးဖြစ်တဲ့ Data Class(Measurement, Status, Control, Event, etc.) အုပ်စုတွေ ပါဝင်ပါတယ်။ အဲဒီ Data စနစ်တွေကို စံသတ်မှတ်ထားခြင်းဖြင့် ထုတ်လုပ်သူ မတူလို့ ချိတ်ဆက်လို့ရအောင် ထပ်မံလုပ်ရမယ့် အဆင့်တွေ၊ အချိန်နဲ့ ကုန်ကျစရိတ်တွေ သက်သာလွယ်ကူသွားမှာ ဖြစ်ပါတယ်။

အခန်း (၈) ကတော့ Specific Communication Service Mapping (SCSM) လုပ်တာနဲ့ ပတ်သတ်ပြီး သတ်မှတ် ဖော်ပြထားပါတယ်။ အခန်း (၇) မှာ ဖော်ပြထားတဲ့ စံသတ်မှတ်ထားသော Data စနစ်တွေကို Automation စနစ်မှာ ပါဝင်တဲ့ ပစ္စည်းကိရိယာတွေအချင်းချင်း အချက်အလက်ချိတ်ဆက် သယ်ပို့လို့ရအောင် OSI layer (၇) ခုနဲ့ သက်ဆိုင်ရာ Naming ပြုလုပ်ခြင်း၊ Type သတ်မှတ်ခြင်း စတာတွေကို Mapping ပြုလုပ်လို့ရအောင် သတ်မှတ်ချက်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။ Manufacturing Message Specification (MMS, ISO 9506-1 and ISO 9506-2)၊ Ethernet protocols (ISO/IEC 8802-3) စတဲ့ ဒီ Communication Service တွေ Mapping လုပ်တာကို အဓိက ဦးတည်ပါတယ်။

အခန်း (၉) ကတော့ Electronic Current Transformer (ECT), Electronic voltage-transformers (EVT) တွေရဲ့ Merging Unit ကနေ Relay, Conrtoller, ချိတ်ဆက်တဲ့ Serial Communication စနစ် Serial Unidirectional Multidrop Point To Point Link, ISO/IEC 8802-3 (Ethernet) Link အပေါ်မှာ Data သယ်ပို့ဖို့ Sampled Values, Data Set, Rate နဲ့ Synchronization သတ်မှတ်ချက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်

အခန်း (၁၀) ကတော့ Automation စနစ် ဝယ်ယူတာနဲ့ တပ်ဆင်တည်ဆောက်ပြီးတဲ့အချိန်တွေမှာ စာရွက်စာတမ်း လိုအပ်ချက်၊ စမ်းသပ်ရမယ့်အဆင့်ဆင့်၊ စမ်းသပ်ရမယ့်အချက်တွေကို သတ်မှတ်ဖော်ပြထားတာဖြစ်ပါတယ်။

ဒါကတော့ Overview အနေနဲ့ဖော်ပြတာဖြစ်ပါတယ်။ အသေးစိတ်ကတော့ ကျယ်ပြန့်ပါတယ်။ ထုတ်လုပ်သူတွေ ဘယ်လိုထုတ်ထုတ်၊ Automation စနစ်တစ်ခုလုံးအတွက် ချိတ်ဆက်တဲ့အပိုင်းမှာ ပုံစံတူသွားအောင် သတ်မှတ်ချက် လုပ်လိုက်တာမို့ အကျိုးအများကြီးရှိပါတယ်။

 

တစ်စုံတစ်ခုအသုံးဝင်မယ်လို့ယူဆပါတယ်။

https://www.facebook.com/profile.php?id=100086014254358, မှာလည်း Electrical Power နဲ့ပတ်သက်တာတွေ သိသမျှ၊ လေ့လာမိသမျှတွေကိုရေးပါတယ်။ ဝင်ရောက်ဖတ်ရှုနိုင် ပါတယ်………..

Thursday, May 9, 2024

Insulation Coordination အကြောင်း

ဒီတစ်ခါဖော်ပြသွားမှာကတော့ လျှပ်စစ်ကဏ္ဍမှာ အသုံးပြုတဲ့ Insulation Coordination အကြောင်း လေ့လာမိ သလောက် ဖော်ပြသွားမှာဖြစ်ပါတယ်။  

Andrew R. Hileman ရဲ့ အဆိုအရတော့ ကျွန်တော်တို့ Insulation Coordination ကို စဉ်းစားရင် Line Insulation Coordination နဲ့ Station Insulation Coordination ဆိုပြီး (၂) ခုခွဲပြီး စဉ်စားဖို့လိုတယ်လို့ ဆိုပါတယ်။

Line Insulation Coordination ပြုလုပ်ရာမှာ တာဝါတိုင်တွေရဲ့ Phase ကြိုးတွေနဲ့ တိုင်ရဲ့ ကိုယ်ထည်ကြားမှာ လျှပ်စစ်ခုန်ကူးရိုက်ခတ်မယ့်အကွာအဝေး၊ တနည်းအားဖြင့် အန္တရာယ်ကင်းလွတ်အကွာအဝေး၊ လျှပ်ကာပစ္စည်း တွဲတပ်ဆင်ရမယ့် အရှည်၊ အရေအတွက်နဲ့ အမျိုးအစား၊ တိုင်ရဲ့မြေဓာတ်ချမှုစနစ်၊ ကောင်းကင်မြေစိုက်ကြိုး၊ တိုင်နှစ်ခုကြား ကြိုးအနိမ့်ဆုံး ကျရာနေရာမှာ ကြိုးနဲ့ မြေပြင်ကင်းလွတ်အကွာအဝေး၊ Phase ကြိုးတစ်ခုနှင့် တစ်ခုအကွာအဝေး၊ ဆက်စပ်ပြီး စဉ်းစားရမယ့် လိုင်းနဲ့တိုက်ရိုက်ချိတ်မယ့် Surge Arrester (သို့) Lightning Arrester ရဲ့ တပ်ဆင်အင်အား စတာတွေပါဝင်ပါတယ်။

Station Insulation Coordination ပြုလုပ်ရာမှာတော့ စက်ရုံ၊ ခွဲရုံထဲမှာ တပ်ဆင်မယ့် Electrical Equipment တွေရဲ့ BIL(Basic Lightning Impulse Insulation Level) နဲ့ BSL(Basic Switching Impulse Insulation Level) များ၊ လိုင်းမှာကဲ့သို့ Phase နှင့် မြေပြင်၊ Phase နှင့် လျှပ်စစ်ခုန်ကူးနိုင်တဲ့အရာများနှင့် အကွာအဝေးများ၊ Surge Arrester (သို့) Lightning Arrester ရဲ့ တပ်ဆင်အင်အားများ၊ Switchyard အတွင်းရှိ လျှပ်စစ်ပစ္စည်းများ တစ်ခုနှင့်တစ်ခု အကွာအဝေး၊ ကောင်ကင်မြေစိုက်ကြိုးနှင့် မြေဓာတ်ချကွန်ယက်များ၊ မိုးကြိုးပစ်မှုကြောင့် ဓာတ်အားလိုင်းမှတဆင့် စက်ရုံ၊ ခွဲရုံများသို့ ဝင်ရောက်လာနိုင်မှုကို ကာကွယ်မှုများ စတာတွေ ပါဝင်ပါတယ်။

အထက်ကအရာတွေကို စဉ်းစားရတာက ဓာတ်အားကွန်ယက်ထဲမှာ အကြောင်းတစ်ခုခုသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ Overvoltage ဖြစ်ပေါ်မှုတွေကြောင့် လျှပ်စစ်ပစ္စည်းတွေ ပျက်စီးမှုမဖြစ်စေဖို့ အတွက်ဖြစ်ပါတယ်။ အဲဒါကို ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ Overvoltage ဖြစ်ပေါ်နိုင်တဲ့ အကြောင်းအရင်းတွေကို သိဖို့လိုပါတယ်။ Overvoltage ဖြစ်ပေါ်ရတဲ့အကြောင်းအရင်း (၄) ခုရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ Lightning Overvoltage၊ စက်ရုံနဲ့ ခွဲရုံတွေက Circuit Breaker နဲ့ Disconnecting Switch တို့ အဖွင့်အပိတ်ပြုလုပ်မှုကြောင့် ဖြစ်လာနိုင်တဲ့ Switching Overvoltage၊ ဓာတ်အား ကွန်ယက်အတွင်း Generator, Substation နဲ့ Line တွေမှာ အပြစ်တစ်ခုခုဖြစ်ပေါ်ခြင်း၊ ဓာတ်အားလိုင်းရှည်များကို ဓာတ်အားလွှတ်ခြင်း စတာတွေ မှာဖြစ်လာနိုင်တဲ့ Temporary Overvoltage နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ လျှပ်ကာပစ္စည်းများညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ Power Frequency Overvoltage တို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ စက်ရုံ၊ ခွဲရုံတွေမှာတပ်ဆင်မယ့် လျှပ်စစ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့စက်ရုံတွေက ပစ္စည်းရဲ့ Overvoltage ခံနိုင်ရည်အင်အားကို Nameplate တွေနဲ့ စာရွက်စာတမ်းတွေနဲ့ ပေးထားလေ့ရှိပါတယ်။ အဲလိုပေးထားတဲ့ တန်ဖိုးတွေက သူတို့ပစ္စည်းကို ကိုယ်ပိုင်စမ်းသပ်ခန်း (သို့) နိုင်ငံတကာအသိအမှတ်ပြု စမ်းသပ်ခန်းတွေမှာစမ်းပြီးမှ အချက်အလက်တွေဖြည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ အဲဒီမှာ BIL(Basic Lightning Impulse Insulation Level) အတွက် Dry Test ပြုလုပ်ပြီး BSL(Basic Switching Impulse Insulation Level) အတွက်ကတော့ Wet Test ပြုလုပ်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တဲ့ အချိန်မှာရှိတဲ့ Standard Atmospheric Conditions က Ambient temperature: 20 degC, . Air pressure: 101.3 kPa or 760mm Hg, Absolute humidity: 11 grams of water/m3 of air နဲ့ wet tests အတွက် 1 to 1.5 mm of waterlminute နှုန်းနဲ့ မိုးပုံစံရွာချပြီး စမ်းသပ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တကယ်သုံးချင်တဲ့နေရာရောက်ရင်တော့ အဲဒီနေရာရဲ့ Atmospheric Conditions နဲ့ ကိုက်အောင် ပြန်စဉ်းစားဖို့ လိုလာမှာဖြစ်ပါတယ်။

BIL(Basic Lightning Impulse Insulation Level) နဲ့ BSL(Basic Switching Impulse Insulation Level) ဆိုတာတွေက High Overvoltage Wave (Lightning Overvoltage၊ Switching Overvoltage၊ Temporary Overvoltage၊ Power Frequency Overvoltage) တွေရဲ့ အမြင့်ဆုံးတန်ဖိုး (Crest Value) လို့ ဆိုပါတယ်။

အဲဒါတွေကိုခြုံပြီး တစ်ခုတည်းပြောရင်တော့ Critical Flash Overvoltage(CFO) လို့ ဆိုပါတယ်။ စမ်းသပ်ခန်းမှာ ပဲဖြစ်ဖြစ်၊ အပေါ်က အခြေအနေတွေမှာပဲဖြစ်ဖြစ် အကြိမ် (၁၀၀) စမ်းလို့ အကြိမ် (၅၀) လောက် Flashover ဖြစ်ရင် အဲဒီဗို့အားကို CFO လို့ခေါ်ပါတယ်။ Lightning Voltage မှာ ဖြစ်ရင် BIL နဲ့ Switching Voltage  မှာ ဖြစ်ရင် BSL လို့ သတ်မှတ်ပါတယ်။

အောက်မှာ Andrew R. Hileman ရဲ့ စာအုပ်ထဲက 500 kV ဓာတ်အားလိုင်းတာဝါတိုင်ရဲ့ V-String Insulation Length ဘယ်လောက်ထားရမလဲဆိုတဲ့ တွက်ချက်မှု နမူနာလေးဖော်ပြပေးလိုက်ပါတယ်-

--------------------------------------------------------------------------------------------------------------------------------------------

Nominal Voltage, V                                           = 500 kV

Maximum Voltage, V Max                                 = 550 kV

Altitude, A                                                        = 1500 m

Switching Overvoltage (SOV),Stress, E2           = 810 kV [Standard သို့ Transient Analysis Value]           

Tower Width, W                                                = 1.6 m

Conductor Height, H                                        = 18 m

Deviation of CFO, əf/CFO                                  = 0.05 (Toleration %)

Flashover or Failure factor at 50 tower, Kf       = 0.9553 (Based on Tower number and əf/CFO)

Gaussian SSFOR factor, KG                              = 1 (Based on SSFOR Flashover rate 1/100)

 

Relative air density ɗ at altitude A in km         = exp (-A/8.6) = 0.840

Insulation Strength/ Stress Ratio, V3/ E2                      = Kf x KG

Insulation Strength, V3                                                 = Kf x KG x E2               =774 kV

Critical Flashover Voltage at average altitude, CFOa    =V3/(1-3 əf/CFO)          = 910 kV

 

အလယ်ကြိုးအတွက် Strike Distance (S) အကွာအဝေးတွက်လျှင်

For Center Phase,

Initial Gap factor, kg0                                                   = 1.2

Initial Constant for weather adjustment, m0                = 0.5

Strike Distance, S0                                                       = 8/[(0.96x 3400x kg0x ɗ^m0 /CFOa)-1] = 2.72 m

Initial တန်ဖိုးတွေက မသိတဲ့အတွက် ခန့်မှန်းယူထားတဲ့တန်ဖိုးများဖြစ်လို့ Strike Distance တွက်ရတဲ့အဖြေကလဲ မမှန်သေးပါဘူး။ ဒါကြောင့် အဖြေမှန်တဲ့အထိ ထပ်ပြီး Iteration လုပ်ပြီးတွက်ရပါမယ်။ အောက်က Equation တွေမှာ အပေါ်က တန်ဖိုးများထည့်၊ တွက်လို့ရတဲ့တန်ဖိုးကို နောက်တစ်ကြိမ်ပြန်ထည့်ရင်း အောက်က ဇယားလို တွက်ရပါ လိမ့်မယ်။

(၁) Kg= 1.25+ 0.005x [(H/S)-6] + 0.25 x [(exp(8W/S)- 0.2]

(၂) m= 1.25x Gx (G- 0.2)

(၃) G= CFOs/ 500S

(၄) CFOs=0.96 x kg x [3400/(1+8/S)]

(၅) CFOa= ɗ^m x CFOs

(၆) S= 8/[(0.96x 3400x kg0x ɗ^m0 /CFOa)-1]

 

 

 

 

 

Iteration

S

kg

CFOs

G0

m

S

1

2.72

1.205356

998.0005

0.734071

0.490057

2.70

2

2.70

1.205545

991.9992

0.735725

0.492683

2.70

3

2.70

1.205536

992.2907

0.735644

0.492555

2.70

4

2.70

1.205536

992.2766

0.735648

0.492561

2.70

5

2.70

1.205536

992.2773

0.735648

0.492561

2.70

6

2.70

1.205536

992.2772

0.735648

0.492561

2.70

7

2.70

1.205536

992.2772

0.735648

0.492561

2.70

(၇) ကြိမ်အထိ တွက်ကြည့်ရာမှာ ဂဏန်းမပြောင်းတော့တဲ့အတွက် Strike Distance (S)= 2.7 m ဖြစ်ပါတယ်။

Insulator Length အတွက် 5% ပိုယူရတာမို့ Insulator Length= 2.7x 1.05 = 2.83 m ဖြစ်ပါတယ်။

 

အပြင်ကြိုးအတွက် Strike Distance (S) အကွာအဝေးတွက်လျှင်

For Outside Phase,

Initial Gap factor, kg0                                                   = 1.2

Initial Constant for weather adjustment, m0                = 0.5

Strike Distance, S0                                                       = 8/[(0.96x1.08x 3400x kg0x ɗ^m0 /CFOa)-1]

= 2.46 m

ဒီမှာလဲ အပေါ်အလယ်ကြိုးတွက်တုန်းကလို Iteration လုပ်ပြီးတွက်ရတာပါပဲ

(၁) Kg= 1.25+ 0.005x [(H/S)-6] + 0.25 x [(exp(8W/S)- 0.2]

(၂) m= 1.25x Gx (G- 0.2)

(၃) G= CFOs/ 500S

(၄) CFOs=0.96 x1.08x kg x [3400/(1+8/S)]

(၅) CFOa= ɗ^m x CFOs

(၆) S= 8/[(0.96x 1.08x 3400x kg0x ɗ^m0 /CFOa)-1]

 

 

 

 

Iteration

S

kg

CFOs

G0

m

S

1

2.46

1.20801

1000.198

0.814546

0.625719

2.51

2

2.51

1.207432

1015.107

0.810309

0.618174

2.50

3

2.50

1.207463

1014.283

0.810542

0.618588

2.50

4

2.50

1.207461

1014.329

0.810529

0.618565

2.50

5

2.50

1.207461

1014.326

0.81053

0.618566

2.50

6

2.50

1.207461

1014.327

0.81053

0.618566

2.50

7

2.50

1.207461

1014.327

0.81053

0.618566

2.50

(၇) ကြိမ်အထိ တွက်ကြည့်ရာမှာ ဂဏန်းမပြောင်းတော့တဲ့အတွက် Strike Distance (S)= 2.5 m ဖြစ်ပါတယ်။

Insulator Length အတွက် 5% ပိုယူရတာမို့ Insulator Length= 2.5x 1.05 = 2.63 m ဖြစ်ပါတယ်။

-------------------------------------------------------------------------------------------------------------------------------------------

ဒါကတော့ Transmission Line ရဲ့ Phase နဲ့ Ground ကြား Switching Insulation Level နဲ့ Insulator Length တွက်တာပဲရှိပါသေးတယ်။ တိုင်အရေအတွက်၊ လိုင်းအမျိုးအစား၊ ခွဲရုံအမျိုးအစား၊ ရာသီဥတုအခြေအနေ၊ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်၊ Strike Distance အကွာအဝေး စတာတွေအရ Factor တွေကို လိုအပ်သလို ပြောင်းယူတွက်ရတာဖြစ်ပါတယ်။

Switching Overvoltage (SOV),Stress, E2 ကတော့ မိမိနိုင်ငံမှာ Standard သတ်မှတ်ထားတာရှိရင်အဲဒါကိုယူနိုင်ပြီး မရှိရင် Transient Analysis ပြုလုပ်တဲ့ EMTP သို့ TNA Software များနဲ့တွက်ချက်ရတာဖြစ်ပါတယ်။

 

တစ်စုံတစ်ခုအသုံးဝင်မယ်လို့ယူဆပါတယ်။

https://www.facebook.com/profile.php?id=100086014254358, မှာလည်း Electrical Power နဲ့ပတ်သက်တာတွေ သိသမျှ၊ လေ့လာမိသမျှတွေကိုရေးပါတယ်။ ဝင်ရောက်ဖတ်ရှုနိုင် ပါတယ်………..